နာခံခြင်းအတွက်ကောင်းချီးမင်္ဂလာ
(တရား၊ ၇:၁၂-၂၄၊ ၂၈:၁-၁၄)
၂၆
၁ ထာဝရဘုရားက``သင်တို့သည်ရုပ်တုများ၊ ကျောက်တိုင်များ၊ ကျောက်ရုပ်များကိုထုလုပ် ၍မကိုးကွယ်ရ။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။-
၂ ဘာသာရေးပွဲတော်များကိုကျင်းပ၍ ငါ့ အားကိုးကွယ်ရာဌာနတော်ကိုရိုသေရ မည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူ၏။''
၃ ``သင်တို့သည်ငါ၏ပညတ်များကိုစောင့်ထိန်း၍ ငါ၏အမိန့်များကိုနာခံလျှင်၊-
၄ ငါသည်အချိန်တန်သောအခါမိုးကိုရွာစေ သဖြင့် လယ်များမှအသီးအနှံထွက်လျက် သစ်သီးပင်များမှအသီးသီးကြလိမ့်မည်။-
၅ အသီးအနှံများလှိုင်လှိုင်ထွက်သဖြင့် သင်တို့ သည်စပါးရိတ်သိမ်း၍မပြီးပြတ်မီ စပျစ်သီး စုသိမ်းချိန်ရောက်လိမ့်မည်။ စပျစ်သီးစုသိမ်း၍ မပြီးပြတ်မီစပါးစိုက်ပျိုးချိန်ရောက်လိမ့်မည်။ သင်တို့သည်ဝစွာစားရ၍ဘေးကင်းလုံခြုံ စွာနေထိုင်ရလိမ့်မည်။
၆ ``ငါသည်သင်တို့၏ပြည်ကိုအေးချမ်းသာယာ စေသဖြင့် သင်တို့သည်ညအခါဘေးရန်အတွက် စိုးရိမ်ကြောင့်ကြမှုမရှိဘဲအိပ်ရလိမ့်မည်။ ငါ သည်သင်တို့ပြည်မှသားရဲများကိုဖယ်ရှားမည်။ စစ်ဘေးစစ်ဒဏ်ကိုနောက်တစ်ဖန်မခံစားစေရ။-
၇ သင်တို့သည်ရန်သူများကိုနှိမ်နင်းအောင်မြင် ရလိမ့်မည်။-
၈ သင်တို့ဘက်မှလူငါးယောက်သည်ရန်သူတစ်ရာ ကိုလည်းကောင်း၊ သင်တို့ဘက်မှလူတစ်ရာသည် ရန်သူတစ်ထောင်ကိုလည်းကောင်း နှိမ်နင်းအောင် မြင်လိမ့်မည်။-
၉ ငါသည်သင်တို့ကိုကောင်းချီးပေးသဖြင့် သင် တို့တွင်သားသမီးမြောက်မြားစွာထွန်းကား လိမ့်မည်။ သင်တို့နှင့်ပြုထားသောပဋိညာဉ် ကိုငါတည်စေမည်။-
၁၀ သင်တို့၏သီးနှံအထွက်တိုးသဖြင့် တစ်နှစ် စာအတွက်ဖူလုံရုံမျှမကသင်တို့သည် စပါးသစ်ကိုသိုလှောင်နိုင်ရန်လက်ကျန် စပါးဟောင်းကိုပင်စွန့်ပစ်ရလိမ့်မည်။-
၁၁ ငါသည်တဲတော်တွင်ကိန်းဝပ်သဖြင့် သင်တို့ နှင့်အတူရှိနေမည်။ သင်တို့ကိုမည်သည့်အခါ မျှစွန့်ပစ်တော်မမူ။-
၁၂ ငါသည်သင်တို့နှင့်အတူရှိမည်။ ငါသည်သင် တို့၏ဘုရားသခင်ဖြစ်၍ သင်တို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်လိမ့်မည်။-
၁၃ ငါသည်သင်တို့အားကျွန်ဘဝမှလွတ်မြောက် စေရန် အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောသင် တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော် မူ၏။ ငါသည်သင်တို့၏ထမ်းပိုးကိုချိုး၍သင် တို့အားမတ်မတ်လျှောက်စေပြီ'' ဟုမိန့်တော် မူ၏။
မနာခံခြင်းအတွက်အပြစ်ဒဏ်
(တရား၊ ၂၈:၁၅-၆၈)
၁၄ တစ်ဖန်ထာဝရဘုရားက``သင်တို့သည်ငါ ၏ပညတ်များကိုမစောင့်ထိန်းလျှင်အပြစ် ဒဏ်ခံရကြမည်။-
၁၅ သင်တို့သည်ငါ၏ပညတ်နှင့်အမိန့်တော်များ ကိုမနာခံဘဲ သင်တို့နှင့်ငါပြုသောပဋိညာဉ် ကိုချိုးဖောက်လျှင်၊-
၁၆ ငါသည်သင်တို့အားဒဏ်ခတ်မည်။ ကုသ၍မရ နိုင်သောရောဂါဝေဒနာကိုလည်းကောင်း၊ မျက်စိ ကွယ်ခြင်း၊ အားအင်ကုန်ခန်းခြင်းကိုဖြစ်စေ သောရောဂါဝေဒနာကိုလည်းကောင်း သင်တို့ အားခံစားစေမည်။ သင်တို့သည်အသီးအနှံ များကိုစိုက်ပျိုးသော်လည်း အကျိုးကျေးဇူး ခံစားရမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူများသည် သင်တို့ကိုတိုက် ခိုက်အောင်မြင်၍သင်တို့စိုက်ပျိုးသော အသီးအနှံများကိုစားကြမည်ဖြစ် သောကြောင့်တည်း။-
၁၇ ငါသည်သင်တို့တစ်ဘက်၌ရှိသဖြင့် သင်တို့ သည်စစ်ရှုံး၍ရန်သူ၏အုပ်စိုးခြင်းကိုခံရ လိမ့်မည်။ သင်တို့သည်အလွန်ထိတ်လန့်သဖြင့် လိုက်သူမရှိဘဲနှင့်ပြေးရကြလိမ့်မည်။
၁၈ ``သင်တို့သည်ထိုမျှလောက်သောဒဏ်ကိုခံရ လျက်နှင့် ငါ၏ပညတ်တို့ကိုမစောင့်ထိန်းဘဲ နေသေးလျှင် ငါသည်သင်တို့အားအပြစ် ဒဏ်ကိုခုနစ်ဆတိုး၍ခံစေမည်။-
၁၉ သင်တို့၏မာန်စွယ်ကိုငါချိုးမည်။ သင်တို့ ပြည်တွင်မိုးမရွာသဖြင့် မြေကြီးသည် ခြောက်သွေ့၍သံကဲ့သို့မာကြောလိမ့်မည်။-
၂၀ သင်တို့၏မြေမှအသီးအနှံမထွက်၊ သစ်သီး အပင်များမှအသီးမသီးသဖြင့် သင်တို့ကြိုး ပမ်းလုပ်ကိုင်သမျှတို့သည်အချည်းနှီးသက် သက်ဖြစ်ရလိမ့်မည်။
၂၁ ``သင်တို့သည်ငါ့ကိုအာခံ၍ ငါ့စကားကို နားမထောင်ဘဲနေသေးလျှင် ငါသည်အပြစ် ဒဏ်ကိုခုနစ်ဆထပ်မံတိုး၍ခံစေမည်။-
၂၂ ငါသည်သင်တို့ရှိရာသို့သားရဲများကိုစေ လွှတ်၍ သင်တို့၏သားသမီးများ၊ သိုးနွား များကိုကိုက်သတ်စေမည်။ လူဦးရေလျော့ နည်းလာသောကြောင့် လမ်းများပေါ်တွင် သွားလာသူကင်းမဲ့လျက်ရှိလိမ့်မည်။
၂၃ ``သင်တို့သည်ထိုမျှလောက်သောဒဏ်ကိုခံ ပြီးနောက် ငါ့ကိုဆက်လက်အာခံ၍ငါ၏ စကားကိုနားမထောင်ဘဲနေသေးလျှင်၊-
၂၄ ငါသည်သင်တို့တစ်ဘက်၌နေ၍အပြစ်ဒဏ် ကို ယခင်ကထက်ခုနစ်ဆတိုး၍ခံစေမည်။-
၂၅ သင်တို့သည်ငါ၏ပဋိညာဉ်ကိုဖောက်ဖျက် သည့်အတွက် သင်တို့အားစစ်ဘေးစစ်ဒဏ်သင့် စေမည်။ ထိုအခါသင်တို့သည်မြို့များသို့ပြေး ၍ခိုလှုံကြလျှင် ငါသည်သင်တို့တွင်ကုသ၍ မရနိုင်သောရောဂါကပ်ဆိုက်ရောက်စေသဖြင့် သင်တို့သည်ရန်သူတို့လက်တွင်းသို့ကျရောက် လိမ့်မည်။-
၂၆ ငါသည်စားနပ်ရိက္ခာကိုရှားပါးစေသဖြင့် အိမ် ရှင်မဆယ်ယောက်ဖုတ်ရမည့်မုန့်အရေအတွက် မှာ အိမ်ရှင်မတစ်ဦး၏ဖိုတွင်ဖုတ်နိုင်မည့်မုန့် အရေအတွက်မျှသာရှိမည်။ သင်တို့သည်ထို မုန့်ကိုခွဲတမ်းချ၍မလောက်မငဝေမျှစား ရလိမ့်မည်။
၂၇ ``သင်တို့သည်ထိုမျှလောက်သောဒဏ်ကိုခံရ ပြီးနောက် ငါ့ကိုဆက်လက်အာခံ၍ငါ့စကား ကိုနားမထောင်ဘဲနေသေးလျှင်၊-
၂၈ ငါသည်အမျက်ထွက်၍သင်တို့တစ်ဘက်၌နေ လျက် အပြစ်ဒဏ်ကိုယခင်ကထက်ခုနစ်ဆ တိုး၍ခံစေမည်။-
၂၉ သင်တို့သည်ဆာလောင်မွတ်သိပ်လှသဖြင့် ကိုယ် သားသမီးတို့၏အသားကိုစားရကြလိမ့် မည်။-
၃၀ ငါသည်တောင်ကုန်းများပေါ်တွင်ရှိသောသင် တို့ဝတ်ပြုကိုးကွယ်ရာဌာနများကိုဖျက်ဆီး ၍ နံ့သာပေါင်းပူဇော်ရာပလ္လင်ကိုဖြိုဖျက်မည်။ သင်တို့၏အလောင်းများကိုပြိုကျသောရုပ်တု များအပေါ်တွင်ပစ်ချမည်။ ငါသည်သင်တို့ ကိုစက်ဆုပ်ရွံရှာသဖြင့်၊-
၃၁ သင်တို့၏မြို့များကိုဖြိုဖျက်၍ သင်တို့ဝတ်ပြု ကိုးကွယ်ရာဌာနများကိုပျက်စီးစေမည်။ သင် တို့၏ယဇ်ပူဇော်ခြင်းကိုငါလက်မခံ။-
၃၂ ငါသည်သင်တို့၏ပြည်ကိုလုံးဝဖျက်ဆီးပစ် သဖြင့် သင်တို့၏ပြည်ကိုသိမ်းပိုက်သောရန်သူ တို့ပင်လျှင်ထိတ်လန့်ကြလိမ့်မည်။-
၃၃ ငါသည်သင်တို့ကိုစစ်ဘေးစစ်ဒဏ်သင့်စေပြီး လျှင် သင်တို့အားအခြားနိုင်ငံများသို့ပြန့်နှံ့ နေထိုင်စေမည်။ သင်တို့၏ပြည်သည်လူသူ ကင်းမဲ့၍ သင်တို့၏မြို့များသည်လည်းပျက်စီး ယိုယွင်းလိမ့်မည်။-
၃၄-၃၅ ထိုအခါသင်တို့ယခင်ကအနားမပေးခဲ့ သောမြေသည် ယခုအနားရလိမ့်မည်။ သင်တို့ သည်ရန်သူ၏နိုင်ငံတွင်နေထိုင်ရစဉ် သင်တို့ ၏ပြည်သည်လူသူကင်းမဲ့မည်ဖြစ်၍အနား ရလိမ့်မည်။
၃၆ ``သင်တို့သည်နိုင်ငံရပ်ခြားသို့ရောက်ရှိနေထိုင် ရစဉ် လေတိုက်ခတ်သောသစ်ရွက်သံကိုကြားရုံ မျှဖြင့်ကြောက်လန့်ထွက်ပြေးရလိမ့်မည်။ သင်တို့ သည်စစ်ပွဲ၌ရန်သူလိုက်၍ပြေးရဘိသကဲ့ သို့ပြေးရလိမ့်မည်။ အနီးတွင်ရန်သူမရှိဘဲ လဲကျလိမ့်မည်။-
၃၇ လိုက်လံသူမရှိဘဲတစ်ဦးကိုတစ်ဦးတိုက် မိ၍လဲကျလိမ့်မည်။ မည်သည့်ရန်သူကိုမျှ ခုခံတိုက်ခိုက်နိုင်လိမ့်မည်မဟုတ်။-
၃၈ သင်တို့သည်နိုင်ငံရပ်ခြားတွင်သေကျေ ပျက်စီးရလိမ့်မည်။-
၃၉ ရန်သူ၏နိုင်ငံတွင်သင်တို့၏အမျိုးပြုန်းလိမ့် မည်။ ထိုနိုင်ငံတွင်သင်တို့အနက်ကျန်ကြွင်းသူ အနည်းငယ်တို့သည်သင်တို့အပြစ်ကြောင့် လည်းကောင်း၊ သင်တို့ဘိုးဘေးတို့၏အပြစ် ကြောင့်လည်းကောင်းတိမ်ကောပျက်စီးရကြ လိမ့်မည်။
၄၀ ``သို့ရာတွင်သင်တို့၏အဆက်အနွယ်များ သည် သူတို့၏အပြစ်နှင့်ဘိုးဘေးတို့၏အပြစ် များကိုဝန်ချတောင်းပန်ကြလိမ့်မည်။ သူတို့ ၏ဘိုးဘေးများသည်ငါ့ကိုဆန့်ကျင်၍ပုန် ကန်သဖြင့်၊-
၄၁ ငါသည်အမျက်ထွက်၍သူတို့ကိုပြည်နှင်ဒဏ် ပေးခဲ့၏။ နောက်ဆုံး၌သင်တို့၏အဆက်အနွယ် များသည်မာန်စွယ်ကျိုး၍ မိမိတို့၏အပြစ် နှင့်ပုန်ကန်မှုအတွက်အပြစ်ဒဏ်ကိုခံရ ပြီးသောအခါ၊-
၄၂ ငါသည်ယာကုပ်၊ ဣဇက်၊ အာဗြဟံတို့နှင့်ပြု ခဲ့သောပဋိညာဉ်ကိုသတိရ၍ ထိုပဋိညာဉ် အတိုင်းငါ၏လူမျိုးတော်အားခါနာန်ပြည် ကိုပေးတော်မူ၏။-
၄၃ သို့ရာတွင်ပထမဦးစွာတိုင်းပြည်သည်အနား ရစေရန် ပြည်သူတို့ကိုဖယ်ရှားရမည်။ ငါ၏ ပညတ်တော်များနှင့်အမိန့်တော်များကိုပစ် ပယ်သည့်အတွက် ပြည်သူတို့သည်အပြစ်ဒဏ် ခံရမည်။-
၄၄ သို့ရာတွင်ယင်းသို့ဖြစ်စေကာမူသူတို့သည် ရန်သူ၏ပြည်တွင်နေထိုင်ရစဉ် ငါသည်သူတို့ ကိုအပြီးအပိုင်စွန့်ပစ်မည်မဟုတ်။ ဖျက်ဆီး ပစ်မည်လည်းမဟုတ်။ အကယ်၍ငါသည်သင် တို့ကိုအပြီးအပိုင်စွန့်ပစ်ပါမူ ငါနှင့်သူတို့ ပြုသောပဋိညာဉ်သည်ပျက်ပြယ်လိမ့်မည်။ ငါ သည်သူတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။-
၄၅ ငါထာဝရဘုရားသည်ငါ၏လူမျိုးတော်၏ ဘုရားဖြစ်အံ့သောငှာ သူတို့အားအီဂျစ်ပြည် မှထုတ်ဆောင်ခြင်းဖြင့် လူမျိုးအပေါင်းတို့အား ငါ၏တန်ခိုးကိုဖော်ပြစဉ်အခါက သူတို့ ၏ဘိုးဘေးများနှင့်ပြုခဲ့သောပဋိညာဉ်ကို အောက်မေ့သတိရတော်မူမည်'' ဟု မိန့်တော် မူ၏။
၄၆ ဤကားထာဝရဘုရားကသိနာတောင်ပေါ် တွင် မောရှေမှတစ်ဆင့်ဣသရေလအမျိုး သားတို့အား ပေးအပ်သောပညတ်တော်များ နှင့်ပြဋ္ဌာန်းချက်များဖြစ်သတည်း။