သတ္တမနှစ်
(တရား၊ ၁၅:၁-၁၁)
၂၅
၁-၂ ထာဝရဘုရားသည် သိနာတောင်ပေါ်တွင် မောရှေမှတစ်ဆင့် ဣသရေလအမျိုးသား တို့အားအောက်ပါပြဋ္ဌာန်းချက်များကိုချ မှတ်ပေးတော်မူ၏။ သင်တို့သည်ထာဝရ ဘုရားပေးသနားတော်မူမည့်ပြည်သို့ဝင် ရောက်ကြသောအခါ သတ္တမနှစ်ကျရောက် သည့်အခါတိုင်းလယ်များကိုမထွန်မ ယက်မစိုက်မပျိုးခြင်းအားဖြင့် ထာဝရ ဘုရား၏ဂုဏ်တော်ကိုချီးမြှောက်ရကြ မည်။-
၃ သင်တို့သည်ခြောက်နှစ်မျှလယ်များတွင် စိုက်ပျိုးခြင်း၊ စပျစ်ကိုင်းများကိုသုတ်သင် ရှင်းလင်းခြင်း၊ အသီးအနှံများကိုရိတ် သိမ်းခြင်းပြုရမည်။-
၄ သို့ရာတွင်သတ္တမနှစ်သည်ထာဝရဘုရား အားဆက်ကပ်ထားသောနှစ်ဖြစ်၍ ထိုနှစ်တွင် မြေကိုလုံးဝမထွန်ယက်ဘဲချန်လှန်ထား ရမည်။ လယ်များတွင်မစိုက်မပျိုးရ။ စပျစ် ကိုင်းများကိုသုတ်သင်ရှင်းလင်းခြင်းမ ပြုရ။-
၅ မစိုက်မပျိုးရဘဲနှင့်အလိုအလျောက် သီးသောအသီးအနှံများကိုပင်မရိတ် သိမ်းရ။ အကိုင်းအခက်ကိုမသုတ်သင် မရှင်းလင်းဘဲနှင့်သီးသောစပျစ်သီး များကိုလည်းမဆွတ်မခူးရ။ ထိုနှစ်တွင် မြေကိုလုံးဝမထွန်ယက်ဘဲချန်လှပ် ထားရမည်။-
၆ ထိုနှစ်အတွင်းမစိုက်မပျိုးဘဲမြေမှ ထွက်သောအသီးအနှံရှိသမျှကို သင် တို့နှင့်တကွသင်တို့၏ကျေးကျွန်၊ လူငှား၊ သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြား၊-
၇ တိရစ္ဆာန်အယဉ်နှင့်အရိုင်းတို့သည်စား သုံးနိုင်ကြသည်။
ပြန်လည်ပေးအပ်ခြင်းဆိုင်ရာနှစ်
၈ ခုနစ်နှစ်ခုနစ်လီဖြစ်သော လေးဆယ့်ကိုး နှစ်ကိုရေတွက်လော့။-
၉ ထိုနောက်သတ္တမလဆယ်ရက်နေ့သည်အပြစ် ဖြေရာနေ့ဖြစ်၍ လူတစ်ယောက်အားတစ်ပြည် လုံးသို့လှည့်လည်လျက်တံပိုးခရာမှုတ်စေ လော့။-
၁၀ ဤနည်းအားဖြင့်ငါးဆယ်မြောက်နှစ်ကို သီးသန့်သတ်မှတ်လျက် တိုင်းပြည်တွင်နေ ထိုင်သူအပေါင်းတို့အားလွတ်ငြိမ်းချမ်းသာ ခွင့်ကိုကြေညာရမည်။ အရောင်းအဝယ်ပြု လုပ်ခဲ့သောပစ္စည်းရှိသမျှကို ဤနှစ်၌မူလ ပိုင်ရှင်သို့မဟုတ်သူ၏အဆက်အနွယ် များထံပြန်လည်ပေးအပ်ရမည်။ ငွေဝယ် ကျွန်များကိုသူတို့၏မိသားစုများထံ သို့ပြန်စေရမည်။-
၁၁ သင်တို့သည်လယ်များကိုမစိုက်မပျိုးရ။ အလိုအလျောက်သီးသောအသီးအနှံ များကိုလည်းမဆွတ်မခူးရ။-
၁၂ ထိုနှစ်တစ်နှစ်လုံးသည်သင်တို့အတွက်နှစ် ထူးနှစ်မြတ်ဖြစ်၏။ သင်တို့သည်လယ်မှ အလိုအလျောက်ထွက်သမျှကိုသာစား သုံးရကြမည်။
၁၃ အရောင်းအဝယ်ပြုလုပ်ခဲ့သောပစ္စည်းရှိသမျှ ကို ဤနှစ်၌မူလပိုင်ရှင်လက်သို့ပြန်လည်ပေး အပ်ရမည်။-
၁၄ သို့မှသာသင်သည်အမျိုးသားချင်းနှင့် အရောင်းအဝယ်ပြုလုပ်သည့်အခါ ထိုက် တန်သောတန်ဖိုးကိုဖြတ်ရမည်။-
၁၅ နောက်တစ်ကြိမ်ပြန်လည်ပေးအပ်ခြင်းဆိုင် ရာနှစ်မကျရောက်မီ မြေမှအသီးအနှံထွက် မည့်နှစ်အနည်းအများကိုတွက်ချက်၍ မြေ၏တန်ဖိုးကိုဖြတ်ရမည်။-
၁၆ အရောင်းအဝယ်ပြုလုပ်ရာ၌မြေမှအသီး အနှံထွက်အကြိမ်ပေါင်းကိုတွက်ချက်၍ ရောင်း ဝယ်ရသည်ဖြစ်သောကြောင့် အသီးအနှံထွက် မည့်နှစ်အနည်းအများအလိုက်မြေတန်ဖိုး ကိုဖြတ်ရမည်။-
၁၇ သင်တို့သည်အမျိုးသားချင်းကိုမလှည့်စား ရ။ သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုကြောက်ရွံ့ရိုသေရမည်။
သတ္တမနှစ်နှင့်ဆိုင်သောပြဿနာ
၁၈ သင်တို့ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရန် ထာဝရဘုရား၏ပညတ်တော်ရှိသမျှ ကိုစောင့်ထိန်းလော့။-
၁၉ မြေမှအသီးအနှံထွက်သဖြင့် သင်တို့သည် ဝလင်စွာစားရ၍ဘေးကင်းလုံခြုံစွာနေ ထိုင်ရလိမ့်မည်။-
၂၀ လယ်များကိုမစိုက်မပျိုး၊ အသီးအနှံများ ကိုမစုမသိမ်းရသောသတ္တမနှစ်တွင်မည် ကဲ့သို့စားရပါမည်နည်းဟူ၍တစ်စုံတစ် ယောက်ကမေးကောင်းမေးလိမ့်မည်။-
၂၁ ထာဝရဘုရားသည်ဆဋ္ဌမနှစ်တွင် မြေ ကိုကောင်းချီးပေးသဖြင့်နှစ်နှစ်စာ အတွက်အသီးအနှံထွက်လိမ့်မည်။-
၂၂ သင်တို့သည်အဋ္ဌမနှစ်တွင်လယ်များကိုစိုက် ပျိုးသောအခါ ဆဋ္ဌမနှစ်ကရိတ်သိမ်းခဲ့သော အသီးအနှံကိုစားနေရဦးမည်။ ထိုနှစ်၌ စိုက်ပျိုးသောအသီးအနှံများကိုမရိတ်သိမ်း မီတိုင်အောင် သင်တို့တွင်အစားအစာဖူလုံ လိမ့်မည်။
ပစ္စည်းဥစ္စာကိုပြန်လည်ပေးအပ်ခြင်း
၂၃ မြေကိုသင်တို့မပိုင်။ ဘုရားသခင်သာပိုင် သဖြင့် ယင်းကိုအပြီးအပိုင်မရောင်းရ။ သင် တို့သည်ဧည့်သည်အာဂန္တုအဖြစ်နှင့်သာ ထို ပြည်သို့ဝင်ရောက်အခြေစိုက်နေထိုင်သူ များဖြစ်ကြမည်။
၂၄ မြေကိုရောင်းချသည့်အခါမူလပိုင်ရှင်က ထိုမြေကိုပြန်၍ဝယ်ယူခွင့်ရှိစေရမည်။-
၂၅ ဣသရေလအမျိုးသားချင်းတစ်ဦးသည် ဆင်းရဲနွမ်းပါးသဖြင့် မိမိ၏မြေကိုရောင်း ချရလျှင် သူနှင့်အနီးစပ်ဆုံးဆွေမျိုးသား ချင်းကထိုမြေကိုပြန်၍ဝယ်ယူရမည်။-
၂၆ ထိုမြေကိုပြန်၍ဝယ်ယူမည့်ဆွေမျိုးသား ချင်းမရှိသော် ပိုင်ရှင်သည်နောင်အခါ၌ ငွေ ကြေးတတ်နိုင်သောအခါကိုယ်တိုင်မြေကို ပြန်၍ဝယ်ယူနိုင်စေရမည်။-
၂၇ ထိုအခါ၌သူသည်ရှေ့လာမည့်ပြန်လည် ပေးအပ်ခြင်းဆိုင်ရာနှစ်အထိ ကျန်ရှိနေ သေးသောနှစ်များကိုတွက်ချက်၍ပေးသင့် ပေးထိုက်သောတန်ဖိုးကိုပေး၍ဝယ်ရမည်။ မည်သို့ပင်ဖြစ်စေသူသည်ပြန်လည်ပေး အပ်ခြင်းဆိုင်ရာနှစ်၌ မိမိပိုင်မြေကို ပြန်လည်ရရှိမည်။-
၂၈ အကယ်၍သူသည်မြေကိုပြန်ဝယ်ယူရန် ငွေမရှိလျှင် ထိုမြေသည်ရှေ့လာမည့်ပြန် လည်ပေးအပ်ခြင်းဆိုင်ရာနှစ်အထိဝယ်သူ ၏လက်ဝယ်ရှိစေရမည်။ ထိုနှစ်၌ယင်းမြေ ကိုမူလပိုင်ရှင်အားပြန်ပေးရမည်။
၂၉ မြို့ရိုးအတွင်း၌ရှိသောအိမ်ကိုရောင်းလျှင် ပိုင်ရှင်သည်တစ်နှစ်အတွင်းအိမ်ကိုပြန်၍ ဝယ်ယူခွင့်ရှိသည်။-
၃၀ သို့ရာတွင်တစ်နှစ်အတွင်းအိမ်ကိုပြန်၍မ ဝယ်ယူလျှင် နောက်တစ်ဖန်ပြန်လည်ဝယ်ယူ ခွင့်မရှိသည့်အပြင်ဝယ်ယူသူနှင့်သူ၏ အဆက်အနွယ်တို့သည်ထိုအိမ်ကိုအမြဲ ပိုင်စေရမည်။ ပြန်လည်ပေးအပ်ခြင်းဆိုင်ရာ နှစ်တွင်ထိုအိမ်ကိုမူလပိုင်ရှင်အားပြန် မပေးရ။-
၃၁ မြို့ရိုးမရှိသောကျေးရွာများ၌ရှိသည့် အိမ်များကိုရောင်းဝယ်ရာတွင်လယ်ယာ များကိုရောင်းဝယ်သည့်နည်းအတိုင်းလိုက် နာရမည်။ ပြန်လည်ပေးအပ်ခြင်းဆိုင်ရာ နှစ်တွင်ထိုအိမ်ကိုမူလပိုင်ရှင်အားပြန် ပေးရမည်။-
၃၂ လေဝိအနွယ်ဝင်တို့သည်မိမိတို့နေထိုင် ရာသတ်မှတ်ထားသောမြို့များတွင်မိမိ တို့ရောင်းပြီးသောအိမ်များကိုအချိန် မရွေးပြန်၍ဝယ်ယူခွင့်ရှိသည်။-
၃၃ လေဝိအနွယ်ဝင်တစ်ဦးသည်မိမိနေထိုင် ရာမြို့တွင် မိမိ၏အိမ်ကိုရောင်းပြီးနောက် ပြန်၍မဝယ်လျှင် ပြန်လည်ပေးအပ်ခြင်း ဆိုင်ရာနှစ်၌ထိုအိမ်ကိုသူ့အားပြန်ပေး ရမည်။ အဘယ်ကြောင့်ဆိုသော်ဣသရေလ နိုင်ငံတွင် လေဝိမြို့များကိုလေဝိအနွယ် ဝင်တို့အမြဲပိုင်သောကြောင့်ဖြစ်သည်။-
၃၄ သို့ရာတွင်လေဝိမြို့ပတ်ဝန်းကျင်ရှိစား ကျက်ကိုမူ မည်သည့်အခါမျှမရောင်းရ။ ထို စားကျက်ကိုလေဝိအနွယ်ဝင်တို့အစဉ် အမြဲပိုင်၏။
ဆင်းရဲသားတို့အားချေးငှားခြင်း
၃၅ သင်၏အိမ်နီးချင်းအမျိုးသားချင်းတစ်ဦး သည် ဆင်းရဲနွမ်းပါး၍အားကိုးရာမဲ့ဖြစ် နေလျှင် သင့်အိမ်နီးချင်းအဖြစ်ဆက်လက်၍ အသက်ရှင်နေထိုင်နိုင်စေရန် သူ့အားမိမိ ၏သူရင်းငှားကဲ့သို့ထောက်ပံ့ရမည်။-
၃၆ ထိုသူအားငွေချေးရာ၌အတိုးမယူရ။ ဘုရားသခင်ကိုကြောက်ရွံ့၍ သူ့အားသင် ၏အိမ်နီးချင်းအဖြစ်အသက်ရှင်နေထိုင် စေလော့။-
၃၇ သူ့အားချေးငွေအပေါ်တွင်အတိုးမယူရ။ အစားအစာကိုအမြတ်တင်၍သူ့အား မရောင်းရ။-
၃၈ ဤကားသင်တို့အားခါနာန်ပြည်ကိုပေးရန် နှင့် သင်တို့၏ဘုရားဖြစ်ရန် သင်တို့ကိုအီဂျစ် ပြည်မှထုတ်ဆောင်လာသော သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပညတ်ဖြစ်၏။
ကျေးကျွန်များအားလွတ်မြောက်စေခြင်း
၃၉ သင်၏အိမ်နီးချင်းအမျိုးသားချင်းသည် အလွန်ဆင်းရဲနွမ်းပါး၍သင့်ထံတွင် မိမိ ကိုယ်ကိုကျွန်အဖြစ်ဖြင့်ရောင်းလျှင် သူ့ အားကျွန်ကဲ့သို့မစေခိုင်းရ။-
၄၀ သူသည်ရှေ့လာမည့်ပြန်လည်ပေးအပ်ခြင်းဆိုင် ရာနှစ်ရောက်သည်အထိ သင့်ထံမှာသူရင်းငှား အဖြစ်သင်၏အမှုကိုထမ်းစေရမည်။-
၄၁ ထိုအချိန်ရောက်သည့်အခါသူနှင့်သူ၏သား သမီးတို့သည် မိမိ၏ဆွေမျိုးသားချင်းများ ရှိရာဇာတိရပ်ရွာသို့ပြန်စေရမည်။-
၄၂ ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏ကျွန်များဖြစ်ကြ၏။ ထာဝရဘုရားသည်သူတို့အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူ၏။ သူတို့ကိုကျွန် ရောင်းကျွန်ဝယ်မပြုရ။-
၄၃ သူတို့အပေါ်ညှာတာထောက်ထားသော သဘောထားရှိရမည်။ သင်တို့သည် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေရမည်။-
၄၄ စေခိုင်းရန်ကျွန်လိုလျှင်သင်တို့၏ပတ်ဝန်း ကျင်နိုင်ငံများမှကျွန်များကိုဝယ်ယူလော့။-
၄၅ သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြား တို့၏သားသမီးများကိုလည်းဝယ်ယူနိုင် သည်။ သင်တို့၏ပြည်တွင်မွေးဖွားသောယင်း ကလေးများကိုသင်တို့ဝယ်ယူနိုင်သည်။-
၄၆ သင်တို့၏သားသမီးများသည်သူတို့ကို အမွေအဖြစ်ဆက်ခံနိုင်သည်။ သူတို့သည် သင်တို့သားများ၏အစေကိုတစ်သက်လုံး ခံစေရမည်။ သို့ရာတွင်ဣသရေလအမျိုး သားချင်းတို့ကိုမူကားထောက်ထားညှာတာ ရမည်။
၄၇ အကယ်၍ဆင်းရဲသောဣသရေလအမျိုး သားတစ်ဦးသည် သင်တို့နှင့်အတူနေထိုင် သည့်လူမျိုးခြားတစ်ဦးသို့မဟုတ်သူ၏ မိသားစုတစ်ဦးထံတွင် မိမိကိုယ်ကိုကျွန် အဖြစ်ရောင်းခဲ့သည်ရှိသော်၊-
၄၈ သူ့ကိုပြန်၍ဝယ်ယူနိုင်ခွင့်ရှိသည်။ သူ၏ညီ အစ်ကိုတစ်ဦးကသော်လည်းကောင်း၊-
၄၉ ဦးကြီးဦးလေးကသော်လည်းကောင်း၊ ညီအစ် ကိုဝမ်းကွဲကသော်လည်းကောင်း၊ နီးစပ်သူဆွေမျိုး တစ်ဦးကသော်လည်းကောင်းသူ့အားပြန်၍ဝယ် ယူနိုင်သည်။ သို့တည်းမဟုတ်သူကိုယ်တိုင်ငွေ ကြေးတတ်နိုင်လျှင်မိမိကိုယ်ကိုဝယ်ယူနိုင် သည်။-
၅၀ မိမိအားဝယ်ယူသူနှင့်ညှိနှိုင်းပြီးလျှင် မိမိကိုယ်ကိုမိမိရောင်းသည့်နှစ်မှအစ ပြု၍ ရှေ့လာမည့်ပြန်လည်ပေးအပ်ခြင်း ဆိုင်ရာနှစ်အထိ မိမိရမည့်သူရင်းငှားခ အပေါ်မူတည်၍အဖိုးအခကိုသတ်မှတ် ရမည်။-
၅၁-၅၃ မိမိအားတစ်နှစ်ပြီးတစ်နှစ်ခန့်သည့်အနေ ဖြင့် ကျန်သေးသောနှစ်များကိုတွက်၍ မိမိကိုယ် ကိုရောင်းသည့်တန်ဖိုး၏တစ်စိတ်တစ်ဒေသ ကိုပြန်အမ်းရမည်။ သူ့သခင်သည်သူ့အပေါ် ညှာတာသောသဘောထားရှိရမည်။-
၅၄ သူသည်နည်းတစ်နည်းနည်းဖြင့် ကျွန်ဘဝမှ မလွတ်မြောက်ခဲ့လျှင် ရှေ့လာမည့်ပြန်လည်ပေး အပ်ခြင်းဆိုင်ရာနှစ်၌ သူနှင့်သူ၏သားသမီး တို့လွတ်မြောက်ခွင့်ရရှိစေရမည်။-
၅၅ ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရား၏ကျွန်များဖြစ်ခြင်းကြောင့်ရာသက်ပန် လူ၏ကျွန်မဖြစ်စေရ။ ထာဝရဘုရားသည် သူတို့အားအီဂျစ်ပြည်မှထုတ်ဆောင်တော် မူခဲ့၏။ ကိုယ်တော်သည်သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။