47
1 ဖာရောဘုရင်သည် ဂါဇမြို့ကို မလုပ်ကြံမှီ၊ ဖိလိတ္တိအမျိုးသားတို့ကို ရည်မှတ်၍၊ ပရောဖက် ယေရမိသို့ရောက်လာသော နှုတ်ကပတ်တော်အားဖြင့်၊
2 ထာဝရဘုရားမိန့်တော်မူသည်ကား၊ မြောက် မျက်နှာဘက်က ရေသည်ထ၍ လွှမ်းမိုးသောပင်လယ် ဖြစ်လျက်၊ တပြည်လုံးနှင့်၊ ပြည်၌ ပါသမျှကို၎င်း၊ မြို့နှင့် မြို့၌နေသော သူတို့ကို၎င်းလွှမ်းမိုး၍၊ သူတို့သည် အော်ဟစ် ကြလိမ့်မည်။ ပြည်သူပြည်သားတို့သည် မြည်တမ်းကြ လိမ့်မည်။
3 ရန်သူစီးသော မြင်းခွါသံ၊ စိုင်းသောရထား ဘီးများ မြည်သံကြောင့်၊ အဘတို့သည် လက်အားလျော့၍ သားတို့ကိုပြန်မကြည့်ကြ။
4 အကြောင်းမူကား၊ ဖိလိတ္တိအမျိုးသားတို့ကို ဖျက်ဆီးရသောနေ့၊ တုရုမြို့၊ ဇိဒုန်မြို့ကို စစ်ကူနိုင်သောသူ အကျန်အကြွင်းရှိသမျှကို ပယ်ဖြတ်ရသောနေ့သည် ရောက်၍၊ ထာဝရဘုရားသည် ဖိလိတ္တိအမျိုးသားနှင့် ကျန် ကြွင်းသော ကတ္တောရပြည်သားတို့ကို သုတ်သင်ပယ်ရှင်း တော်မူမည်။
5 ဂါဇမြို့သည်ဆံပင်ရိတ်ခြင်းကို ခံရ၏။ အာရှ ကေလုန်မြို့နှင့် ကျန်ကြွင်းသောချိုင့်အရပ်သည်ပျက်စီးပြီ။ အဘယ်မျှကာလပတ်လုံး ကိုယ်အသားကို ခုတ်ဖြတ်ရမည် နည်း။
6 အိုထာဝရဘုရား၏ထားတော်၊ သင်သည် အဘယ်မျှကာလပတ်လုံး မငြိမ်ဘဲနေမည်နည်း။ ကိုယ် အိမ်၌ဝင်၍နေလော့။ နေရာကျ၍ ငြိမ်ဝပ်စွာနေလော့။
7 အာရှကေလုန်မြို့နှင့် ပင်လယ်ကမ်းအမှု၌ ထာဝရဘုရား မှာထားတော်မူသောကြောင့်၊ အဘယ် သို့ ငြိမ်ဝပ်စွာနေနိုင်သနည်း။ ထိုအမှုကို ဆောင်ရွက်စေခြင်း ငှါ ခန့်ထားတော်မူ၏။