ဒါဝိဒ်နှင့်ဗာသရှေဘ
၁၁
၁ ထိုနှစ်နွေဦးပေါက်၍ ဘုရင်တို့စစ်တိုက် ထွက်လေ့ရှိသည့်အချိန်ရောက်သောအခါ ဒါဝိဒ်သည်ယွာဘအားသူ၏တပ်မှူးများ နှင့်ဣသရေလတပ်မတော်ကိုစေလွှတ်ရာ သူတို့သည်အမ္မုန်ပြည်သားတို့ကိုနှိမ်နင်း၍ ရဗ္ဗာမြို့ကိုဝိုင်းထားကြ၏။ ဒါဝိဒ်မူကား ယေရုရှလင်မြို့တွင်နေရစ်သတည်း။
၂ တစ်နေ့သ၌ညနေခင်းအချိန်တွင်ဒါဝိဒ် သည်အိပ်စက်နားနေရာမှနိုးထ၍ နန်းတော် အမိုးပေါ်သို့တက်ပြီးလျှင်စင်္ကြံလျှောက်နေ စဉ် ရှုချင်ဖွယ်အဆင်းလှသောအမျိုးသမီး တစ်ယောက်ရေချိုးနေသည်ကိုမြင်တော်မူ၏။-
၃ သို့ဖြစ်၍ဒါဝိဒ်သည်လူလွှတ်၍မည်သူဖြစ် ကြောင်းစုံစမ်းစေရာဧလျံ၏သမီး၊ ဟိတ္တိ အမျိုးသားဥရိယ၏ဇနီးဗာသရှေဘ ဖြစ်ကြောင်းကိုသိရှိတော်မူရ၏။-
၄ မင်းကြီးသည်လူလွှတ်၍ထိုအမျိုးသမီး အားခေါ်စေပြီးလျှင်သူနှင့်ချစ်တင်းနှီးနှော တော်မူ၏။ (ဗာသရှေဘသည်မိန်းမတို့ဋ္ဌမ္မ တာရာသီပန်းပွင့်မှုကိုသန့်စင်ပြီးစအချိန် ဖြစ်သတည်း) ထိုနောက်ဗာသရှေဘသည် အိမ်သို့ပြန်၏။-
၅ မိမိ၌ပဋိသန္ဓေရှိနေကြောင်းသိရသော အခါ ဒါဝိဒ်ထံသို့သတင်းပေးပို့လျှောက် ထားလေသည်။
၆ ထိုအခါဒါဝိဒ်သည်``ဟိတ္တိအမျိုးသားဥရိယ အားငါ့ထံသို့စေလွှတ်လော့'' ဟုယွာဘထံသို့ လူလွှတ်မှာကြားတော်မူ၏။ သို့ဖြစ်၍ယွာဘ သည်ဥရိယအားဒါဝိဒ်ထံသို့စေလွှတ်လိုက် လေသည်။-
၇ ဥရိယရောက်ရှိလာသောအခါဒါဝိဒ်သည် ယွာဘ နှင့်စစ်သည်တော်များ၏ကျန်းမာရေးနှင့်စစ်ပွဲ အခြေအနေကိုစုံစမ်းမေးမြန်းတော်မူ၏။-
၈ ထိုနောက်မင်းကြီးသည်ဥရိယအား``အိမ်သို့ ပြန်၍ခေတ္တနားနေလော့'' ဟုဆို၏။ ဥရိယ ထွက်ခွာသွားသောအခါ ဒါဝိဒ်သည်သူ၏ အိမ်သို့လက်ဆောင်တစ်ခုပေးပို့လိုက်၏။-
၉ သို့ရာတွင်ဥရိယသည်အိမ်သို့မပြန်ဘဲ အစောင့်တပ်သားများနှင့်အတူနန်းတော် တံခါးဝ၌အိပ်လေသည်။-
၁၀ ဤသို့ဥရိယအိမ်မပြန်ဘဲနေခဲ့ကြောင်း ကိုဒါဝိဒ်ကြားသိသောအခါသူ့အား``သင် သည်ခရီးဝေးမှယခုပင်ပြန်လည်ရောက် ရှိလာသည်ဖြစ်ပါလျက် အဘယ်ကြောင့် အိမ်သို့မပြန်ဘဲနေပါသနည်း'' ဟုမေး တော်မူ၏။
၁၁ ဥရိယက``ဣသရေလပြည်သားနှင့်ယုဒ ပြည်သားတို့သည် ရပ်ဝေးတွင်စစ်တိုက်လျက် ရှိနေကြပါသည်။ ပဋိညာဉ်သေတ္တာတော်သည် လည်းသူတို့နှင့်အတူရှိပါ၏။ အကျွန်ုပ်၏ ဗိုလ်ချုပ်ယွာဘနှင့်တပ်မှူးများသည်လည်း ကွင်းပြင်ထဲတွင်တပ်စခန်းချလျက်နေရ ကြပါ၏။ အဘယ်သို့လျှင်အကျွန်ုပ်သည် အိမ်သို့ပြန်၍စားသောက်ကာမယားနှင့် ပျော်မွေ့နိုင်ပါမည်နည်း။ အကျွန်ုပ်သည် ထိုသို့မပြုနိုင်ကြောင်းကျိန်ဆိုပါ၏'' ဟုလျှောက်၏။
၁၂ ထို့ကြောင့်ဒါဝိဒ်က``သို့ဖြစ်လျှင်ဤအရပ်တွင် ပင်ယနေ့နားနေလော့။ နက်ဖြန်သင့်အားပြန်၍ လွှတ်မည်'' ဟုမိန့်တော်မူ၏။ ထို့ကြောင့်ဥရိယ သည်ထိုနေ့နှင့်နောက်တစ်နေ့ယေရုရှလင် မြို့တွင်နေလေသည်။-
၁၃ ဒါဝိဒ်သည်သူ့အားညစာစားရန်ဖိတ်ခေါ်ပြီး လျှင်ယစ်မူးအောင်သောက်စားစေ၏။ သို့သော် လည်းဥရိယသည်ထိုည၌လည်းအိမ်သို့မ ပြန်ဘဲနန်းတော်အစောင့်တပ်သားများ၏ အခန်းတွင်စောင်ခင်း၍အိပ်လေသည်။
၁၄ နောက်တစ်နေ့၌ဒါဝိဒ်သည်ယွာဘထံသို့ စာတစ်စောင်ရေး၍ဥရိယနှင့်ပေးလိုက်၏။-
၁၅ စာတွင်``တိုက်ပွဲအပြင်းထန်ဆုံးရှေ့တန်းစစ် မျက်နှာသို့ဥရိယအားစေလွှတ်လော့။ ထို နောက်သူအသတ်ခံရစေရန်သင်သည်နောက် သို့ဆုတ်ခွာလာခဲ့လော့'' ဟုပါရှိ၏။-
၁၆ ထို့ကြောင့်ယွာဘသည်မြို့ကိုမိမိဝိုင်းရံ လျက်နေစဉ် ဥရိယအားရန်သူအင်အား ကြီးမားသည့်စစ်မျက်နှာသို့စေလွှတ်၏။-
၁၇ ရန်သူတပ်သားတို့သည်မြို့ထဲမှထွက်လာ ပြီးနောက် ယွာဘ၏တပ်သားများနှင့်တိုက် ခိုက်ကြရာ ဒါဝိဒ်၏တပ်မှူးအချို့ကျဆုံး သွားကြလေသည်။ ယင်းသို့ကျဆုံးသူတို့ အထဲတွင်ဥရိယလည်းပါ၏။
၁၈ ထိုနောက်ယွာဘသည်ဒါဝိဒ်ထံသို့တိုက်ပွဲ အကြောင်းအစီရင်ခံစာပေးပို့ကာ၊-
၁၉ စေတမန်အား``တိုက်ပွဲအကြောင်းကိုသင် အစီရင်ခံပြီးသောအခါ၊-
၂၀ မင်းကြီးသည်အမျက်ထွက်လျက်`သင်တို့သည် ရန်သူကိုတိုက်ခိုက်ရန်အဘယ်ကြောင့်မြို့အနီး သို့ချဉ်းကပ်ကြသနည်း။ မြို့ရိုးများမှနေ၍ ရန်သူတို့သည်မြားများဖြင့်ပစ်ခတ်ကြမည် ကိုမသိကြပါသလော။-
၂၁ ဂိဒေါင်၏သားအဘိမလက်သည်အဘယ်သို့ သေရသည်ကိုသင်တို့မမှတ်မိကြသလော။ သေဗက်မြို့တွင်အမျိုးသမီးတစ်ယောက်သည် မြို့ရိုးပေါ်မှကျိတ်ဆုံကျောက်ကိုပစ်ချလိုက် သဖြင့်သူသေခဲ့ရ၏။ သို့ဖြစ်၍သင်တို့သည် အဘယ်ကြောင့်မြို့ရိုးအနီးသို့ချဉ်းကပ်ကြ သနည်း' ဟုမေးတော်မူလိမ့်မည်။ ထိုသို့မင်း ကြီးမေးခဲ့သော်`အရှင့်တပ်မှူးဥရိယသည် လည်းကျဆုံးသွားပါ၏' ဟုပြန်လည်လျှောက် ထားလော့'' ဟုမှာကြားလိုက်လေသည်။
၂၂ သို့ဖြစ်၍စေတမန်သည်ဒါဝိဒ်ထံသို့သွား၍ ယွာဘအမိန့်ပေးလိုက်သည့်အတိုင်းလျှောက် ထား၏။-
၂၃ သူသည်မင်းကြီးအား``ရန်သူတို့သည်အကျွန်ုပ် တို့ထက်အင်အားကြီးမား၍ အကျွန်ုပ်တို့အား တိုက်ခိုက်ရန်မြို့ထဲမှမြို့ပြင်သို့ထွက်လာကြ ပါ၏။ သို့ရာတွင်အကျွန်ုပ်တို့သည်သူတို့အား မြို့တံခါးဝသို့ပြန်၍တိုက်ထုတ်လိုက်ကြ ပါ၏။-
၂၄ ထိုအခါသူတို့သည်မြို့ရိုးမှမြားများဖြင့် ပစ်ခတ်ကြရာအရှင်မင်းကြီး၏တပ်မှူးအချို့ ကျဆုံးသွားပါ၏။ အရှင့်တပ်မှူးဥရိယလည်း ကျဆုံးပါ၏'' ဟုလျှောက်လေ၏။
၂၅ မင်းကြီးကစေတမန်အား``စစ်ပွဲတွင်မည်သူ မည်ဝါကျဆုံးမည်ကိုအဘယ်အခါ၌မျှ မပြောနိုင်။ သို့ဖြစ်၍ယွာဘအားစိတ်မပျက် ရန်အားပေးစကားပြောကြားလော့။ မြို့ကို ပိုမိုပြင်းထန်စွာတိုက်စစ်ဆင်၍သိမ်းယူရန် ကိုလည်းပြောလော့''ဟုမှာတော်မူလိုက်၏။
၂၆ ဗာသရှေဘသည်မိမိ၏ခင်ပွန်းကျဆုံး ကြောင်းကိုကြားသိသောအခါ ငိုကြွေး မြည်တမ်းခြင်းကိုပြု၏။-
၂၇ ငိုကြွေးမြည်တမ်းချိန်ကုန်လွန်သောအခါဒါဝိဒ် သည် သူ့အားနန်းတော်သို့ခေါ်စေ၍မိဖုရားမြှောက် ရာသားတော်ကိုဖွားမြင်လေသည်။ သို့ရာတွင် ထာဝရဘုရားသည်ဒါဝိဒ်ပြုခဲ့သည့်အမှု ကိုနှစ်သက်တော်မမူ။