၇
၁ သို့ဖြစ်၍ကိရယတ်ယာရိမ်မြို့သားတို့သည် လာ၍သေတ္တာတော်ကိုတောင်ကုန်းပေါ်တွင်တည် ရှိသော အဗိနဒပ်၏အိမ်သို့ပင့်ဆောင်သွား ကြ၏။ သူတို့သည်သေတ္တာတော်ကိုစောင့်ထိန်း ရန်အတွက် အဗိနဒပ်၏သားဧလာဇာကို ရွေးချယ်ဆက်ကပ်ကြ၏။
ဣသရေလအမျိုးသားတို့အားရှမွေလ အုပ်ချုပ်ခြင်း
၂ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် ကိရယတ်ယာရိမ်မြို့တွင်နှစ်ပေါင်းနှစ်ဆယ် တိုင်အောင်ကြာမြင့်စွာရှိနေလေသည်။ ထို အချိန်ကာလအတွင်း၌ဣသရေလအမျိုး သားတို့သည် မိမိတို့ကိုကူမတော်မူရန် ထာဝရဘုရားသခင်ထံဟစ်အော်လျှောက် ထားကြ၏။
၃ ဣသရေလအမျိုးသားတို့အားရှမွေလ က``သင်တို့သည်ထာဝရဘုရားထံတော်သို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လည်လာရောက် လိုပါက လူမျိုးခြားတို့၏ဘုရားများကို လည်းကောင်း၊ အာရှတရက်ဘုရားမ၏ရုပ်တု များကိုလည်းကောင်းစွန့်ပစ်ရကြမည်။ သင်တို့ ၏ကိုယ်ကိုလုံးဝဆက်ကပ်၍ထာဝရဘုရား ကိုသာရှိခိုးဝတ်ပြုကြလျှင် ကိုယ်တော်သည် သင်တို့အားဖိလိတ္တိအမျိုးသားတို့လက်မှ ကယ်တော်မူလိမ့်မည်'' ဟုဆို၏။-
၄ ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် ဗာလဘုရားနှင့် အာရှတရက်ဘုရားမ တို့၏ရုပ်တုများကိုစွန့်ပစ်ကာ ထာဝရ ဘုရားကိုသာရှိခိုးဝတ်ပြုကြကုန်၏။
၅ ထိုနောက်ရှမွေလသည်ဣသရေလအမျိုး သားအပေါင်းတို့အား``ငါသည်မိဇပါမြို့ တွင်သင်တို့အတွက် ထာဝရဘုရားထံတော် သို့ဆုတောင်းပတ္ထနာပြုမည်ဖြစ်၍သင်တို့ သည်ထိုမြို့၌စုကြလော့'' ဟုဆင့်ဆိုမှာ ကြား၏။-
၆ သို့ဖြစ်၍သူတို့သည်မိဇပါမြို့တွင်စုဝေး ကြပြီးနောက် ရေအနည်းငယ်ခပ်၍ထာဝရ ဘုရားအား ပူဇော်သည့်အနေဖြင့်သွန်းလောင်း ကာထိုနေ့တစ်နေ့လုံးအစာရှောင်ကြ၏။ သူ တို့က``အကျွန်ုပ်တို့သည်ထာဝရဘုရားကို ပြစ်မှားပါပြီ'' ဟုဆိုကြ၏။ မိဇပါမြို့မှ နေ၍ရှမွေလသည်ဣသရေလအမျိုး သားတို့ကိုစီရင်အုပ်ချုပ်သတည်း။
၇ မိဇပါမြို့တွင်ဣသရေလအမျိုးသားတို့ စုရုံးလျက်ရှိကြောင်းကို ဖိလိတ္တိအမျိုးသား တို့ကြားသိကြသောအခါ ဖိလိတ္တိဘုရင်ငါး ပါးတို့သည်ဣသရေလအမျိုးသားတို့ရှိ ရာသို့စစ်ချီလာကြ၏။ ဤအကြောင်းကို ဣသရေလအမျိုးသားတို့ကြားသိကြ သောအခါကြောက်လန့်ကြသဖြင့်၊-
၈ ရှမွေလအား``အကျွန်ုပ်တို့ကိုဖိလိတ္တိအမျိုး သားတို့၏လက်မှကယ်တော်မူရန် အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရားထံတော် သို့ဆုတောင်းပေးလျက်နေပါ'' ဟုတောင်းပန် ကြ၏။-
၉ ရှမွေလသည်သိုးငယ်တစ်ကောင်ကိုသတ်၍ တစ်ကောင်လုံးကိုမီးရှို့ရာယဇ်အဖြစ်ထာဝရ ဘုရားအားပူဇော်ကာ ဣသရေလအမျိုးသား တို့အား ကယ်မတော်မူရန်ဆုတောင်းပတ္ထနာ ပြုရာကိုယ်တော်သည်နားညောင်းတော်မူ၏။-
၁၀ ရှမွေလသည်ယဇ်ပူဇော်လျက်နေစဉ်ဖိလိတ္တိ အမျိုးသားတို့သည် ဣသရေလအမျိုးသား တို့အားတိုက်ခိုက်ရန်ချီတက်လာကြ၏။ သို့ ရာတွင်ထိုအချိန်၌ပင်လျှင်ထာဝရဘုရား သည် သူတို့အပေါ်မှာပြင်းစွာမိုးချုန်းစေ တော်မူသဖြင့် သူတို့သည်ကစဥ့်ကရဲဖြစ် လျက်ထွက်ပြေးကြကုန်၏။-
၁၁ ဣသရေလအမျိုးသားတို့သည်မိဇပါမြို့ မှထွက်၍ သူတို့အားဗက်ကာမြို့အနီးသို့ တိုင်အောင်လိုက်လံသတ်ဖြတ်ကြ၏။
၁၂ ထိုနောက်ရှမွေလသည်ကျောက်တုံးတစ်ခုကို ယူ၍ မိဇပါမြို့နှင့်ရှင်မြို့စပ်ကြားတွင်စိုက်ထူ ကာ``ထာဝရဘုရားသည်ငါတို့အားယနေ့ တိုင်အောင်ကူမတော်မူလေပြီ'' ဟုဆိုပြီးလျှင် ထိုကျောက်တုံးကို``ကူမတော်မူရာကျောက်'' (ဧဗနေဇာ) ဟုနာမည်မှည့်လေသည်။-
၁၃ ဤသို့လျှင်ဖိလိတ္တိအမျိုးသားတို့သည်အရေး ရှုံးနိမ့်ရကြ၏။ ထာဝရဘုရားသည်သူတို့ အားရှမွေလအသက်ရှင်သမျှကာလပတ်လုံး ဣသရေလပြည်ကိုချင်းနင်းဝင်ရောက်ခွင့် ပေးတော်မမူ။-
၁၄ ဧကြုန်မြို့နှင့်ဂါသမြို့စပ်ကြားတွင်ဖိလိတ္တိ အမျိုးသားတို့သည် မိမိတို့သိမ်းပိုက်ထား ကြသည့်မြို့မှန်သမျှကိုဣသရေလအမျိုး သားတို့၏လက်သို့ပြန်လည်ပေးအပ်ရကြ သဖြင့် ဣသရေလအမျိုးသားတို့သည်မိမိ တို့၏နယ်မြေအားလုံးကိုပြန်လည်ရရှိကြ၏။ ထို့အပြင်ဣသရေလအမျိုးသားတို့နှင့် ခါနာန်အမျိုးသားတို့သည်သင့်မြတ်ငြိမ်း ချမ်းစွာနေထိုင်ကြလေသည်။
၁၅ ရှမွေလသည်အသက်ထက်ဆုံးဣသရေလ အမျိုးသားတို့အားအုပ်ချုပ်၏။-
၁၆ သူသည်နှစ်စဉ်နှစ်တိုင်းဗေသလမြို့၊ ဂိလ ဂါလမြို့၊ မိဇပါမြို့တို့သို့လှည့်လည်သွား ရောက်ကာထိုမြို့တို့တွင်အမှုအခင်းများ ကိုစစ်ဆေးစီရင်လေ့ရှိ၏။-
၁၇ ထိုနောက်သူသည်ရာမမြို့နေအိမ်သို့ပြန်၍ တရားသူကြီးအဖြစ်ဖြင့်ဆောင်ရွက်၏။ သူ သည်ရာမမြို့တွင်ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ဆောက်လေ၏။