ဖိလိတ္တိအမျိုးသားတို့ထံသို့ဒါဝိဒ် ရောက်ရှိလာခြင်း
၂၇
၁ ``ရှောလုသည်တစ်နေ့နေ့၌ငါ့ကိုသတ်လိမ့်မည်။ ငါပြုရန်အကောင်းဆုံးအမှုမှာဖိလိတ္တိပြည် သို့ထွက်ပြေးရန်ပင်ဖြစ်၏။ ထိုအခါသူသည် ငါ့အားဣသရေလပြည်တွင် လိုက်လံရှာဖွေ တော့မည်မဟုတ်သဖြင့် ငါသည်လည်းဘေးမဲ့ လုံခြုံစွာနေရလတ္တံ့'' ဟုဒါဝိဒ်သည်တွေး တောမိ၏။-
၂ ထို့ကြောင့်မိမိ၏တပ်သားခြောက်ရာနှင့် အတူမောခ၏သား၊ ဂါသဘုရင်အာခိတ် ထံသို့ချက်ချင်းထွက်ခွာသွားလေသည်။-
၃ ဒါဝိဒ်တို့လူစုသည်မိမိတို့သားမယားများ နှင့်တကွ ဂါသမြို့တွင်အတည်တကျနေထိုင် ကြ၏။ ဒါဝိဒ်နှင့်အတူသူ၏ဇနီးများဖြစ် သောယေဇရေလမြို့သူအဟိနောင်နှင့် ကရ မေလမြို့မှနာဗလ၏မုဆိုးမအဘိဂဲလ တို့ပါလာကြ၏။-
၄ ရှောလုသည်ဂါသမြို့သို့ဒါဝိဒ်ထွက်ပြေး ကြောင်းကြားသိရသောအခါ ဒါဝိဒ်အား ရှာဖွေမှုကိုလက်လျော့လိုက်လေသည်။
၅ ဒါဝိဒ်သည်အာခိတ်အား``အရှင်သည်အကျွန်ုပ် အပေါ်မိတ်ဆွေကဲ့သို့သဘောထားပါလျှင် အကျွန်ုပ်အားမြို့ကလေးတစ်မြို့တွင်နေထိုင် ခွင့်ပြုတော်မူပါ။ ဤမြို့တော်ကြီးတွင်အရှင် နှင့်အတူအကျွန်ုပ်နေထိုင်ရန်မလိုပါ'' ဟု လျှောက်၏။-
၆ သို့ဖြစ်၍အာခိတ်သည်ဒါဝိဒ်အားဇိကလတ် မြို့ကိုပေးတော်မူ၏။ ဤအကြောင်းကြောင့် ဇိကလတ်မြို့သည် ယနေ့တိုင်အောင်ယုဒ ရှင်ဘုရင်တို့၏ပိုင်နက်ဖြစ်လေသည်။-
၇ ဖိလိတ္တိပြည်တွင်ဒါဝိဒ်နေထိုင်ခဲ့သည်မှာ တစ်ဆယ့်ခြောက်လတိုင်တိုင်ဖြစ်သတည်း။
၈ ထိုကာလအတောအတွင်း၌ဒါဝိဒ်တို့လူစု သည်ဂေရှုရိအမျိုးသား၊ ဂေရဇိအမျိုးသား နှင့်အာမလက်အမျိုးသားတို့၏နယ်မြေများ ကို အီဂျစ်ပြည်အနီးရှုရမြို့တိုင်အောင်သွား ရောက်တိုက်ခိုက်လေ့ရှိ၏။ ထိုအမျိုးသားတို့ သည်ယင်း၏နယ်မြေများတွင်နှစ်ပေါင်းများ စွာနေထိုင်ခဲ့ကြသူများဖြစ်၏။-
၉ ဒါဝိဒ်သည်သူတို့အားယောကျာ်းမိန်းမတစ် ယောက်မကျန်သတ်ဖြတ်လျက် သိုး၊ နွား၊ မြည်း၊ ကုလားအုတ်နှင့်အင်္ကျီအဝတ်အစားများ ကိုသိမ်းယူ၍အာခိတ်ထံသို့ပြန်လာလေ့ ရှိ၏။-
၁၀ အာခိတ်ကလည်းသူ့အား``ယခုအကြိမ်သင် သည်အဘယ်အရပ်သို့သွားရောက်တိုက်ခိုက်ခဲ့ ပါသနည်း'' ဟုမေးမြန်းလေ့ရှိ၏။ ထိုအခါ ဒါဝိဒ်ကယုဒပြည်တောင်ပိုင်းယေရမေလ အနွယ်ဝင်တို့နယ်မြေ၊ ကေနိအမျိုးသားတို့ ၏နယ်မြေစသည်တို့ကိုသွားရောက်ခဲ့ကြောင်း လျှောက်ထားလေ့ရှိ၏။-
၁၁ ဒါဝိဒ်သည်မိမိပြုခဲ့သမျှတို့ကိုအဘယ် သူမျှဂါသမြို့သို့သတင်းမပို့နိုင်စေရန် ယောကျာ်း၊ မိန်းမရှိသမျှတို့ကိုသတ်ဖြတ် လေသည်။ သူသည်ဖိလိတ္တိပြည်တွင်နေထိုင် ခဲ့သည့်ကာလပတ်လုံးဤနည်းအတိုင်း ပြုခဲ့သတည်း။-
၁၂ သို့ရာတွင်အာခိတ်သည်ဒါဝိဒ်၏စကားကို ယုံကြည်သဖြင့်``ဤလူသည်မိမိဣသရေလ အမျိုးသားတို့၏မုန်းတီးမှုကိုလွန်စွာခံရ ပြီဖြစ်၍တစ်သက်လုံးငါ၏အစေကိုခံရ ပေအံ့'' ဟုတွေးတောလျက်နေ၏။