ဒါဝိဒ်မင်းအားပရောဖက်နာသန်ဖော်ပြသည့် ဗျာဒိတ်တော်
(၂ရာ၊ ၇:၁-၁၇)
၁၇
၁ ယခုအခါဒါဝိဒ်မင်းသည် မိမိနန်းတော်တွင် စံမြန်းလျက်နေတော်မူလေပြီ။ တစ်နေ့သ၌ သူသည်ပရောဖက်နာသန်အားခေါ်ပြီးလျှင်``ငါ သည်အာရစ်သားနှင့်တည်ဆောက်သောနန်းတော် တွင်စံနေရ၏။ ဘုရားသခင်၏ပဋိညာဉ် သေတ္တာတော်မူကား တဲတော်၌ပင်ရှိနေပေ သည်'' ဟုမိန့်တော်မူ၏။
၂ နာသန်က``အကြံအစည်တော်ရှိသည့်အတိုင်း ပြုတော်မူပါ။ ဘုရားသခင်သည်အရှင်မင်း ကြီးနှင့်အတူရှိတော်မူပါ၏'' ဟုလျှောက်၏။
၃ သို့ရာတွင်ထိုည၌ဘုရားသခင်သည်နာသန် အား၊
၄ ``ငါ၏အစေခံဒါဝိဒ်ထံသို့သွား၍သူသည် ငါကျိန်းဝပ်ရန်ဗိမာန်တော်ကိုတည်ဆောက် ရမည့်သူမဟုတ်ကြောင်းပြောကြားလော့။-
၅ ဣသရေလအမျိုးသားတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှအစပြု၍ ငါသည်အဘယ် အခါမျှဗိမာန်တော်တွင်မကျိန်းမဝပ်ခဲ့။ တဲ တော်များတွင်သာလျှင်ကျိန်းဝပ်၍ တစ်နေရာ မှတစ်နေရာသို့ပြောင်းရွှေ့ခဲ့၏။-
၆ ဣသရေလပြည်သားတို့နှင့်အတူလှည့်လည် သွားလာလေသမျှသောအရပ်တို့တွင် ငါသည် မိမိခန့်ထားသောမည်သည့်ခေါင်းဆောင်ကို မျှ`သင်တို့သည်ငါ၏အတွက်အာရစ်သား ဗိမာန်တော်ကို အဘယ်ကြောင့်မတည်မဆောက် သနည်း' ဟုမေးမြန်းခဲ့ဖူးသည်မရှိ။''
၇ ``သို့ဖြစ်၍ငါ၏အစေခံဒါဝိဒ်အား၊ အနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူသည် ကား`ငါသည်သင့်အားသိုးတို့ကိုထိန်းကျောင်း ရာမှခေါ်ယူ၍ ငါ၏လူမျိုးတော်ဣသရေလ အမျိုးသားတို့၏ဘုရင်အဖြစ်ဖြင့်ချီး မြှောက်တော်မူခဲ့၏။-
၈ သင်သွားလေရာရာသို့သင်နှင့်အတူငါရှိ ခဲ့၏။ သင်၏လမ်းမှရန်သူအပေါင်းတို့ကို သုတ်သင်ဖျက်ဆီးခဲ့၏။ ကမ္ဘာမြေပေါ်တွင် အကြီးမြတ်ဆုံးသူများနည်းတူသင့်ကို ငါထင်ပေါ်ကျော်ကြားစေမည်။-
၉-၁၀ ငါသည်မိမိ၏လူမျိုးတော်ဖြစ်သောဣသရေလ အမျိုးသားတို့နေထိုင်ရန်အရပ်ကိုရွေးချယ်၍ သူ တို့အားနေရာချထားပေးခဲ့၏။ သူတို့သည်နောင် အဘယ်အခါ၌မျှဖိစီးနှိပ်စက်မှုကိုခံရ ကြလိမ့်မည်မဟုတ်။ ဤပြည်သို့ဝင်ရောက်လာ ချိန်မှအစပြု၍အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှုကိုခံခဲ့ရသော်လည်း နောင်အဘယ် အခါ၌မျှခံရကြတော့မည်မဟုတ်။ ငါ သည်သင်၏ရန်သူအပေါင်းကိုနှိမ်နင်းမည်၊ သင်၏အမျိုးအနွယ်ကိုလည်းတည်မြဲစေ မည်ဟူ၍ကတိပြု၏။-
၁၁ သင်သည်ကွယ်လွန်၍ဘိုးဘေးတို့၏သင်္ချိုင်း များအနီးတွင်သင်္ဂြိုဟ်ခြင်းကိုခံရသော အခါ ငါသည်သင့်သားတစ်ယောက်ကိုဘုရင် အဖြစ်ချီးမြှင့်၍သူ၏နိုင်ငံကိုတည်တံ့ ခိုင်မြဲစေမည်။-
၁၂ သူသည်ငါ၏အတွက်ဗိမာန်တော်တစ်ဆောင် ကိုတည်ဆောက်လိမ့်မည်။ ငါသည်လည်းသူ၏ မင်းဆက်ကိုထာဝစဉ်တည်မြဲစေမည်။-
၁၃ ငါသည်သူ၏အဖဖြစ်လိမ့်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ ငါသည်သင့်အားဘုရင် အဖြစ်ဖြင့်ချီးမြှောက်နိုင်ရန်ရှောလုကိုဖယ် ရှား၍ ငါ၏အထောက်အကူကိုသူ့ထံမှ ရုတ်သိမ်းသကဲ့သို့ သင်၏သားထံမှရုတ်သိမ်း လိမ့်မည်မဟုတ်။-
၁၄ ငါ၏လူမျိုးတော်နှင့်ငါ့နိုင်ငံတော်ကိုထာဝ စဉ်စောင့်ရှောက်ရန် သူ့ကိုတာဝန်ပေးအပ်မည်။ သူ၏မင်းဆက်သည်အဘယ်အခါ၌မျှ ပြတ်ရလိမ့်မည်မဟုတ်' ဟုပြောကြားလော့'' ဟူ၍နာသန်အားမိန့်တော်မူ၏။
၁၅ နာသန်သည်ဘုရားသခင်ဖွင့်ပြတော်မူသော ဗျာဒိတ်တော်မှန်သမျှကို ဒါဝိဒ်အားပြန် ကြားလျှောက်ထားလေ၏။
ဒါဝိဒ်၏ကျေးဇူးတော်ချီးမွမ်းသည့် ဆုတောင်းပတ္ထနာ
(၂ရာ၊ ၇:၁၈-၂၉)
၁၆ ဒါဝိဒ်မင်းသည်တဲတော်ထဲသို့ဝင်၍ထာဝရ ဘုရား၏ရှေ့တော်၌ထိုင်ပြီးလျှင်``အို ထာဝရ အရှင်ဘုရားသခင်၊ ကျွန်တော်မျိုးနှင့်ကျွန် တော်မျိုး၏အိမ်ထောင်စုသည် ကိုယ်တော်ရှင် ပြုတော်မူသောကျေးဇူးတော်အပေါင်းနှင့် မထိုက်တန်ပါ။-
၁၇ သို့ရာတွင်ကိုယ်တော်ရှင်သည်ဤထက်မက ပို၍ပင် ကျေးဇူးပြုတော်မူလျက်ရှိပါ၏။ နောင်လာလတ္တံ့သောနှစ်များတွင်ကျွန်တော်မျိုး ၏သားမြေးတို့အတွက် မည်သို့ပြုတော်မူမည် ကိုကတိထားတော်မူပါပြီ။ အို ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကြီးမြတ်သူတစ်ဦးအဖြစ်ကြို တင်၍သိမှတ်တော်မူပါပြီ။-
၁၈ ဤထက်ပို၍မည်သို့လျှောက်ထားရပါမည် နည်း။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ အကြောင်းကိုကောင်းစွာသိတော်မူသော်လည်း ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုးအား ချီးမြှင့်မြှောက်စားတော်မူပါ၏။-
၁၉ အနာဂတ်ကာလ၌ကျွန်တော်မျိုးကြီးမြတ် လာမည်ကိုဖော်ပြရန် ကျွန်တော်မျိုးအတွက် အလိုတော်နှင့်အကြံအစည်တော်အရ ဤ သို့ပြုတော်မူခြင်းပင်ဖြစ်ပါ၏။-
၂၀ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်နှင့်အဘယ် သူမျှမတူပါ။ ကျွန်တော်မျိုးတို့အစဉ်သိ မြင်သည်အတိုင်း ကိုယ်တော်ရှင်သာလျှင် ဘုရားသခင်ဖြစ်တော်မူပါ၏။-
၂၁ ကမ္ဘာမြေကြီးပေါ်တွင်ဣသရေလလူမျိုးနှင့် တူသောလူမျိုးမရှိပါ။ သူတို့အားကိုယ်တော် ရှင်သည်မိမိပိုင်တော်မူသောလူမျိုးတော်ဖြစ် လာစေရန် ကျွန်ဘဝမှကယ်ဆယ်တော်မူခဲ့ ပါ၏။ သူတို့အတွက်ကိုယ်တော်ပြုတော်မူ သောကြီးမြတ်၍အံ့သြဖွယ်ကောင်းသည့် အမှုများကြောင့် ဂုဏ်သတင်းတော်သည်ကမ္ဘာ သို့ပျံ့နှံ့ပါ၏။ ကိုယ်တော်ရှင်သည်မိမိ၏ လူစုတော်အားအီဂျစ်ပြည်မှကယ်ဆယ် တော်မူခဲ့ပြီးလျှင် သူတို့ချီတက်လာကြ သောအခါအခြားလူမျိုးအပေါင်းတို့ ကိုနှင်ထုတ်တော်မူပါ၏။-
၂၂ ဣသရေလအမျိုးသားတို့အား ကိုယ်တော်ရှင် ထာဝစဉ်ပိုင်တော်မူသောလူမျိုးတော်ဖြစ်စေ တော်မူပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော် ရှင်သည်သူတို့၏ဘုရားသခင်ဖြစ်လာတော် မူပါပြီ။
၂၃ ``သို့ဖြစ်၍ထာဝရဘုရား၊ ကျွန်တော်မျိုး နှင့်သားမြေးတို့အတွက်ကိုယ်တော်ရှင်ပြု တော်မူသောကတိတော်ကို ယခုပင်အကောင် အထည်ပေါ်စေတော်မူပါ။ ကိုယ်တော်ရှင်ပြု တော်မူမည်ဟုအမိန့်တော်ရှိသည်အတိုင်း အစဉ်ပင်ပြုတော်မူပါ။-
၂၄ ကိုယ်တော်ရှင်၏သတင်းတော်သည်ထင်ပေါ် ကျော်ကြားပါလိမ့်မည်။ လူတို့ကလည်း`အနန္တ တန်ခိုးရှင်ထာဝရဘုရားသည် ဣသရေလ အမျိုးသားအပေါင်းတို့၏ဘုရားဖြစ်တော် မူ၏' ဟုအစဉ်အမြဲမြွက်ဆိုကြပါလိမ့် မည်။ ကျွန်တော်မျိုး၏ရာဇပလ္လင်ကိုလည်း ထာဝစဉ်တည်စေတော်မူပါလိမ့်မည်။-
၂၅ ကိုယ်တော်ရှင်သည်မိမိ၏အစေခံကျွန်တော် မျိုးအား ဤအမှုအရာအလုံးစုံကိုဖွင့်ပြ တော်မူသောကြောင့်လည်းကောင်း၊ ကျွန်တော် မျိုး၏သားမြေးတို့အားဘုရင်အဖြစ်ဖြင့် ချီးမြှင့်မြှောက်စားတော်မူမည်ဟုမိန့်တော် မူသောကြောင့်လည်းကောင်းကျွန်တော်မျိုး သည် ဤဆုတောင်းပတ္ထနာကိုကျွန်တော်မျိုး ၏ဘုရားထံတော်သို့တင်လျှောက်ဝံ့ခြင်း ဖြစ်ပါ၏။-
၂၆ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဘုရားသခင်ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအား ဤအံ့သြဖွယ်သောကတိတော်ကိုပေး တော်မူပါပြီ။-
၂၇ ကျွန်တော်မျိုး၏သားမြေးတို့သည်ကိုယ်တော် ရှင်၏ရှေ့တော်၌ဆက်လက်၍မျက်နှာရကြ စေရန် သူတို့အားကောင်းချီးပေးတော်မူပါ ဟုပန်ကြားလျှောက်ထားပါ၏။ အို ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်သူတို့အားကောင်း ချီးပေးတော်မူပါပြီ။ သူတို့သည်ကိုယ်တော် ရှင်၏ကောင်းချီးမင်္ဂလာကိုအစဉ်အမြဲ ခံစားရကြပါစေသော'' ဟုဆုတောင်း သတည်း။