၈၆
ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထနာ3
၁ ကျွန်​တော်​မျိုး​သည်​အင်​အား​ချိ​နဲ့​လျက်​ခို​ကိုး​ရာ​မဲ့ ဖြစ်​၍​နေ​ပါ​၏။
ထို့​ကြောင့် အို ထာ​ဝ​ရ​ဘု​ရား၊
ကျွန်​တော်​မျိုး​လျှောက်​ထား​သည်​ကို​နား​ထောင်​တော် မူ​၍ ဖြေ​ကြား​တော်​မူ​ပါ။
၂ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား သစ္စာ​စောင့်​သည်​ဖြစ်​၍
ကျွန်​တော်​မျိုး​အား​သေ​ဘေး​မှ​ကယ်​တော်​မူ​ပါ။
ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​ကိုး စား​သော အ​စေ​ခံ​ဖြစ်​သော​ကြောင့်
ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။
၃ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။
သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။
ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​တစ်​နေ့​လုံး ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။
၄ အို ဘု​ရား​ရှင်၊
ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏​ထံ​သို့
ဆု​တောင်း​သည်​ဖြစ်​၍​ကိုယ်​တော်​ရှင့်​အ​စေ ခံ​အား ဝမ်း​မြောက်​စေ​တော်​မူ​ပါ။
၅ ကိုယ်​တော်​ရှင်​၌​ကျွန်​တော်​မျိုး​တို့​အ​ပေါ်
ကောင်း​မြတ်​သော​သ​ဘော၊အ​ပြစ်​လွှတ်​တတ်​သော သ​ဘော​ရှိ​တော်​မူ​ပါ​၏။
အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သူ အ​ပေါင်း​တို့
အ​ပေါ်​ထား​တော်​မူ​သည့်​ခိုင်​မြဲ​သော မေတ္တာ​တော်​သည်​ကြွယ်​ဝ​ပါ​၏။
၆ အို ထာ​ဝ​ရ​ဘု​ရား၊
ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ထောင်​တော်​မူ​ပါ။
ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​များ​ကို ကြား​တော်​မူ​ပါ။
၇ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​သည်​ဖြစ်​၍
ဒုက္ခ​ရောက်​ချိန်​များ​၌​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ကို​ခေါ်​ပါ​၏။
၈ အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ရှင်​ကဲ့​သို့​သော​ဘု​ရား​မ​ရှိ​ပါ။
ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​ကဲ့​သို့ အ​ဘယ်​ဘု​ရား​မျှ​မ​ပြု​ခဲ့​ပါ။
၉ ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သော
လူ​မျိုး​အ​ပေါင်း​တို့​သည်​လာ​၍​ရှေ့​တော်​တွင် ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ပါ​လိမ့်​မည်။
ကိုယ်​တော်​ရှင်​ကြီး​မြတ်​တော်​မူ​ပုံ​ကို ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။
၁၀ ကိုယ်​တော်​သည်​တန်​ခိုး​ကြီး​တော်​မူ​၍ အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​၏။
ကိုယ်​တော်​သာ​လျှင်​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။
၁၁ အို ထာ​ဝ​ရ​ဘု​ရား၊
ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​ပြု​စေ တော်​မူ လို​သည့်​အ​တိုင်း​ညွှန်​ကြား​တော်​မူ​ပါ။
ကျွန်​တော်​မျိုး​သည်​သစ္စာ​နှင့်​လိုက်​နာ​ဆောင် ရွက်​ပါ​မည်။
ကိုယ်​တော်​ရှင်​အ​မှု​တော်​ကို​မ​မှိတ်​မ​သုန် ဆောင်​ရွက်​နိုင်​ရန်​သွန်​သင်​တော်​မူ​ပါ။
၁၂ အို ဘု​ရား​ရှင်၊
ကျွန်​တော်​မျိုး​၏​ဘု​ရား၊
ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ထော​မ​နာ​ပြု​ပါ​မည်။
ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ကြီး​မြတ် ပုံ​ကို အ​စဉ်​အ​မြဲ​ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။
၁၃ ကျွန်​တော်​မျိုး​အ​ပေါ်​၌​ကိုယ်​တော်​ရှင်
ထား​တော်​မူ​သော​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကြီး​မား​လှ​ပါ​သည်​တ​ကား။
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​မ​ရ​ဏာ နိုင်​ငံ​မှ ကယ်​နုတ်​တော်​မူ​ပါ​ပြီ။
၁၄ အို ဘု​ရား​သ​ခင်၊
မာန်​မာ​န​ကြီး​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား တိုက်​ခိုက်​လျက်​နေ​ကြ​ပါ​၏။
ရက်​စက်​ကြမ်း​ကြုတ်​သူ​လူ​တစ်​စု​သည် ကျွန်​တော်​မျိုး​ကို သတ်​ရန်​ကြိုး​စား​လျက်​နေ​ကြ​ပါ​၏။
သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ပ​မာ​ဏ​မပြု​ကြ​ပါ။
၁၅ အို ဘု​ရား​ရှင်၊
ကိုယ်​တော်​ရှင်​သည်​ချစ်​ခင်​ကြင်​နာ​တတ်​သော​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။
ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​စိတ်​ရှည် သည်း​ခံ​တော်​မူ​ပါ​၏။
အ​စဉ်​သ​နား​လျက်​သစ္စာ​ရှိ​တော်​မူ​ပါ​၏။
၁၆ ကျွန်​တော်​မျိုး​ထံ​ကြွ​တော်​မူ​၍​ကျွန်​တော်​မျိုး အား သ​နား​တော်​မူ​ပါ။
ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​မိ​ခင်​နည်း​တူ ကိုယ်​တော်​ရှင်​၏​အ​စေ​ကို​ခံ​ပါ​သ​ဖြင့်
ကျွန်​တော်​မျိုး​အား​ခွန်​အား​စွမ်း​ရည်​ကို ပေး​တော်​မူ​ပြီး​လျှင်​ကယ်​တော်​မူ​ပါ။
၁၇ အို ထာ​ဝ​ရ​ဘု​ရား၊
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား
ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကို​သက်​သေ​ပြ တော်​မူ​ပါ။
ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​နှစ်​သိမ့် မှု​နှင့် ကူ​ညီ​မ​စ​မှု​ပေး​တော်​မူ​သည်​ကို
ကျွန်​တော်​မျိုး​ကို​မုန်း​သော​သူ​တို့​သည် မြင်​ကြ​သော​အ​ခါ​အ​ရှက်​ရ​ကြ​ပါ လိမ့်​မည်။
3 ၈၆: * ဟေ​ဗြဲ​ခေါင်း​စဉ်။ ဒါ​ဝိဒ်​၏​ဆု​တောင်း​ပတ္ထနာ။ ၈၆:၉ ဗျာ၊ ၁၅:၄။