၇၆
အောင်ပွဲရဘုရားသခင်
၁ ယုဒပြည်တွင်ဘုရားသခင်ကိုသိကြ၏။
ဣသရေလပြည်တွင်ကိုယ်တော်၏နာမတော်သည် ကြီးမြတ်တော်မူ၏။
၂ ကိုယ်တော်၏အိမ်တော်သည်ယေရုရှလင်မြို့တွင် ရှိပေသည်။
ကိုယ်တော်သည်ဇိအုန်တောင်ပေါ်တွင် ကိန်းဝပ်တော်မူ၏။
၃ ထိုအရပ်တွင်ကိုယ်တော်သည်ရန်သူတို့၏
မြား၊ဒိုင်းလွှား၊ဋ္ဌားနှင့်လက်နက်ရှိသမျှတို့ကို ချိုးဖျက်တော်မူ၏။
၄ အို ဘုရားသခင်၊
ကိုယ်တော်သည်လွန်စွာဘုန်းတန်ခိုးကြီး ပါသည်တကား။
ရန်သူတို့ကိုနှိမ်နင်းရာတောင်ရိုးများမှ
ကိုယ်တော်ပြန်လည်ကြွလာတော်မူသည်မှာ ဂုဏ်ကျက်သရေရှိလှပါသည်တကား။
၅ ရန်သူတို့၏ရဲရင့်သည့်စစ်သည်များသည် မိမိတို့၌ရှိသည့်ပစ္စည်းဥစ္စာများကို
ဆုံးရှုံးရကြလျက်ယခုအခါ သေဆုံးကြလေကုန်ပြီ။
သူတို့၏စွမ်းအားနှင့်ကျွမ်းကျင်မှုတို့သည် အချည်းနှီးသာဖြစ်ခဲ့သည်။
၆ အို ယာကုပ်၏ဘုရားသခင်၊
ကိုယ်တော်ရှင်ခြိမ်းခြောက်တော်မူလိုက်သော အခါ၊
မြင်းများနှင့်မြင်းစီးသူရဲတို့သည်လဲကျ သေဆုံးကြပါ၏။
၇ သို့ရာတွင် အို ထာဝရဘုရား၊
ကိုယ်တော်အားလူအပေါင်းတို့သည် ကြောက်လန့်ကြပါ၏။
ကိုယ်တော်ရှင်အမျက်ထွက်တော်မူသောအခါ
အဘယ်သူသည်ရှေ့တော်တွင် ရပ်တည်နိုင်ပါမည်နည်း။
၈-၉ ကိုယ်တော်ရှင်သည်မိမိ၏စီရင်ချက်ကို ကောင်းကင်ဘုံမှကြေညာတော်မူပါ၏။
ကိုယ်တော်ရှင်သည်ကမ္ဘာပေါ်ရှိဖိနှိပ်ညှဉ်းပန်း ခြင်း ခံရကြသူတို့အားကယ်တော်မူရန်အတွက်
ထ၍စီရင်ချက်ချမှတ်တော်မူသောအခါ၊ ကမ္ဘာသည် ကြောက်လန့်၍ဆိတ်ဆိတ်နေကြပါ၏။
၁၀ လူတို့၏ဒေါသသည်ကိုယ်တော်ရှင်အားပို၍
ထောမနာပြုခြင်းအကျိုးကိုဖြစ်ပေါ်စေပါ လိမ့်မည်။
စစ်ပွဲတွင်မသေဘဲအသက်ရှင်ကျန်ရစ်သူတို့သည်
ကိုယ်တော်၏ပွဲတော်များကိုစောင့်ထိန်း ကြပါလိမ့်မည်။
၁၁ သင်တို့၏ဘုရားသခင်ထာဝရဘုရားအား ထားရှိခဲ့သည့်ကတိသစ္စာဝတ်ကိုဖြေကြလော့။
နီးနားဝန်းကျင်ရှိလူမျိုးတကာတို့၊
ကိုယ်တော်၏ထံတော်သို့လက်ဆောင်ပဏ္ဏာများကို ယူဆောင်ခဲ့ကြလော့။
ဘုရားသခင်သည်မိမိအားလူတို့ ကြောက်လန့်စေတော်မူ၏။
၁၂ ကိုယ်တော်သည်မာန်မာနကြီးသူမင်းသား တို့၏
စိတ်ကိုနှိမ့်ချတော်မူလျက်ဘုန်းကြီးသည့် ဘုရင်တို့အားထိတ်လန့်တုန်လှုပ်စေတော်မူ၏။