၅၇
ကူမတော်မူရန်ဆုတောင်းပတ္ထနာ
၁ ကျွန်တော်မျိုးသည်ခိုလှုံရန်အထံတော်သို့ ချဉ်းကပ်ပါ၏။
သို့ဖြစ်၍ကျွန်တော်မျိုးအားသနားတော်မူပါ။
အို ဘုရားသခင်၊
သနားတော်မူပါ။
မိုးသက်မုန်တိုင်းလွန်သွားသည်အထိ
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အတောင်တော်အရိပ်တွင်ခိုလှုံပါ၏။
၂ ငါလိုသမျှသောအရာတို့ကိုပေးတော် မူသော၊
အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားသခင် အား ငါသည်တောင်းလျှောက်ပါ၏။
၃ ကိုယ်တော်သည်ကောင်းကင်ဘုံမှထူးတော်မူ၍ ငါ့ကိုကယ်တော်မူလိမ့်မည်။
ငါ့ကိုညှဉ်းဆဲနှိပ်စက်သူတို့အားနှိမ်နင်း တော်မူလိမ့်မည်။
ဘုရားသခင်သည်မိမိ၏ခိုင်မြဲသောမေတ္တာ တော်နှင့် သစ္စာတော်ကိုငါ့အားပြတော်မူလိမ့်မည်။
၄ ရန်သူများသည်လူသားကိုစားသည့်ခြင်္သေ့များ သဖွယ် ငါ့ကိုဝိုင်းရံထား၏။
သူတို့၏သွားများသည်လှံများ၊မြားများ နှင့်တူ၏။
သူတို့၏လျှာများသည်သန်လျက်ကဲ့သို့ ထက်၏။
၅ အို ဘုရားသခင်၊
ကိုယ်တော်ရှင်၏ကြီးမြတ်တော်မူပုံကို မိုးကောင်းကင်တွင်လည်းကောင်း၊
ကိုယ်တော်ရှင်၏ဘုန်းအသရေတော်ကို
ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်းပေါ်လွင်ထင်ရှား စေတော်မူပါ။
၆ ရန်သူတို့သည်ငါ့ကိုဖမ်းရန်ကျော့ကွင်းထောင်ကြ၏။
ငါသည်ပြင်းစွာစိတ်ဒုက္ခရောက်လျက်ရှိပါ၏။
သူတို့သည်ငါသွားရာလမ်းတွင်တွင်းကို တူးထားကြပါ၏။
သို့ရာတွင်ထိုတွင်းထဲသို့သူတို့ပင်လျှင် ကျကြ၏။
၇ အို ဘုရားသခင်၊
ကျွန်တော်မျိုးသည်လုံးဝယုံကြည်စိတ်ချပါပြီ။
သို့ဖြစ်၍ကျွန်တော်မျိုးသည်သီချင်းဆို၍ ကိုယ်တော်ရှင်အားထောမနာပြုပါမည်။
၈ အို ငါ့ဝိညာဉ်၊နိုးထလော့။
ငါ၏စောင်းကြီးစောင်းငယ်တို့၊နိုးထကြလော့။ ငါသည်လည်းနေကိုနိုးထစေမည်။
၉ အို ဘုရားရှင်၊
ကျွန်တော်မျိုးသည်လူမျိုးတကာတို့၏အလယ်တွင် ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။
လူမျိုးအပေါင်းတို့၏အလယ်တွင်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။
၁၀ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် မိုးကောင်းကင်သို့တိုင်အောင်လည်းကောင်း၊
ကိုယ်တော်ရှင်၏သစ္စာတော်သည်အာကာသသို့ တိုင်အောင်လည်းကောင်းရောက်ပါ၏။
၁၁ အို ဘုရားသခင်၊
ကိုယ်တော်ရှင်၏ကြီးမြတ်တော်မူပုံကို မိုးကောင်းကင်တွင်လည်းကောင်း၊
ကိုယ်တော်ရှင်၏ဘုန်းအသရေတော်ကို
ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်း ပေါ်လွင် ထင်ရှားစေတော်မူပါ။