၅၆
ဘုရားသခင်အားကိုးစားသူ၏ဆုတောင်း ပတ္ထနာ
၁ အို ဘုရားသခင်၊
ကျွန်တော်မျိုးသည်တိုက်ခိုက်ခြင်းကိုခံနေရသဖြင့် ကျွန်တော်မျိုးကိုသနားတော်မူပါ။
ရန်သူများသည်ကျွန်တော်မျိုးအားနေ့ရှိသမျှ ညှဉ်းဆဲနှိပ်စက်ကြပါ၏။
၂ ကျွန်တော်မျိုး၏ရန်ဘက်တို့သည်တစ်နေ့လုံးပင် ကျွန်တော်မျိုးအားတိုက်ခိုက်ကြပါ၏။
ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့များလှပါ၏။
၃ အို အနန္တတန်ခိုးရှင်ထာဝရဘုရား၊
ကျွန်တော်မျိုးသည်ကြောက်လန့်သောအခါ ကိုယ်တော်ရှင်အားကိုးစားပါ၏။
၄ ငါသည်ဘုရားသခင်အားကိုးစားသဖြင့် အဘယ်သူကိုမျှကြောက်လန့်မည်မဟုတ်။
ကိုယ်တော်၏ကတိတော်အတွက်ကိုယ်တော်အား ထောမနာပြုမည်။
လူသည်ငါ့အားအဘယ်သို့ပြုနိုင်မည်နည်း။
၅ ငါ၏ရန်သူများသည်ငါ့ကိုတစ်နေ့လုံး စော်ကားပြောဆိုကြ၏။
ငါ့အားအကျိုးနည်းစေရန်နည်းလမ်းကို အစဉ်ပင်ရှာကြံလျက်နေကြ၏။
၆ သူတို့သည်ပုန်းကွယ်ရာအရပ်များတွင် စုရုံးကာ
ငါ့ကိုသတ်ဖြတ်နိုင်ရန်ငါပြုသမျှသော အမှုတို့ကိုချောင်းမြောင်း၍ကြည့်ကြ၏။
၇ အို ဘုရားသခင်၊
သူတို့ပြုသောဒုစရိုက်အတွက် အပြစ်ဒဏ်ခတ်တော်မူပါ။
အမျက်တော်ထွက်၍သူတို့အားနှိမ်နင်း တော်မူပါ။
၈ ကျွန်တော်မျိုးသည်အတိဒုက္ခရောက်လျက်ရှိ သည်ကို
ကိုယ်တော်ရှင်သိတော်မူပါ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏မျက်ရည်ပေါက် များကိုစာရင်းပြု၍ထားတော်မူပြီ။
ကိုယ်တော်ရှင်၏စာစောင်တွင်စာရင်းပြု၍ထားသည် မဟုတ်ပါလော။
၉ ကိုယ်တော်ရှင်အားကျွန်တော်မျိုး
တောင်းလျှောက်သောနေ့၌ရန်သူတို့သည် တပ်လန်ကြပါလိမ့်မည်။
ဘုရားသခင်သည်ငါ၏ဘက်တွင်ရှိတော်မူ ကြောင်းကို ငါသိ၏။
၁၀ ငါသည်ထာဝရဘုရား၏ကတိတော်များကို ချီးမွမ်းပါ၏။
၁၁ ငါသည်ကိုယ်တော်ကိုကိုးစားသဖြင့် အဘယ်သူကိုမျှ ကြောက်လန့်မည်မဟုတ်။
လူသည်ငါ့အားအဘယ်သို့ပြုနိုင်သနည်း။
၁၂ အို ဘုရားသခင်၊
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားသစ္စာကတိ ပြုခဲ့သည့်အတိုင်းသစ္စာဝတ်ကိုဖြေပါမည်။
ချီးမွမ်းရာပူဇော်သကာကိုကိုယ်တော်ရှင်အား ဆက်သပါမည်။
၁၃ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည်
ကျွန်တော်မျိုးအားသေဘေးမှကယ်ဆယ်တော်မူ၍
အရေးရှုံးနိမ့်စေတော်မမူခဲ့သောကြောင့်ဖြစ်ပါ၏။
သို့ဖြစ်၍ကျွန်တော်မျိုးသည်
အသက်ရှင်သူတို့၏အလင်းထဲမှာ ဘုရားသခင်၏ရှေ့တော်၌သွားလာပါ၏။