၄၁
လူမမာတစ်ဦး၏ဆုတောင်းပတ္ထနာ
၁ ဆင်းရဲသူတို့အတွက်စိုးရိမ်ကြောင့်ကြသောသူသည် မင်္ဂလာရှိ၏။
ထိုသူဒုက္ခရောက်သောအခါထာဝရဘုရား ကူမတော်မူလိမ့်မည်။
၂ ထာဝရဘုရားသည်သူ့အား
ကွယ်ကာစောင့်ထိန်းတော်မူ၍သူ၏အသက်ကို စောင့်ထိန်းတော်မူလိမ့်မည်။
ကိုယ်တော်သည်သူ့အားပြည်တော်တွင်ဝမ်း မြောက်စွာ နေရသောအခွင့်ကိုပေးတော်မူလိမ့်မည်။
ရန်သူတို့၏လက်သို့အပ်တော်မူမည်မဟုတ်။
၃ သူဖျားနာချိန်၌ကိုယ်တော်သည်ကူမတော်မူ၍ သူ့အားပြန်လည်ကျန်းမာစေတော်မူလိမ့်မည်။
၄ ``အို ထာဝရဘုရား၊
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားပြစ်မှားပါပြီ။
ကျွန်တော်မျိုးအားသနားတော်မူ၍ရောဂါကို ပျောက်ကင်းစေတော်မူပါ'' ဟုငါလျှောက်ထား၏။
၅ ရန်သူများသည်ငါ၏အကြောင်းမကောင်း ပြောကြ၏။
သူတို့က``ဤသူသည်အဘယ်အခါ၌သေ၍
သူ၏နာမည်ကိုလူတို့မေ့ပျောက်သွားမည်နည်း'' ဟုမနာလိုစိတ်ဖြင့်ဆိုကြ၏။
၆ ငါ့အားလာ၍ကြည့်ကြသူများသည်
စိတ်ရိုးသဘောရိုးရှိသူများမဟုတ်။
သူတို့သည်ငါ၏အကြောင်းမကောင်းသတင်း များကို
ရှာဖွေစုဆောင်းလျက်နေရာအနှံ့အပြားသို့ သွား၍ပြောဆိုတတ်ကြ၏။
၇ ငါ့ကိုမုန်းသောသူအပေါင်းတို့သည်ငါ့အကြောင်း အချင်းချင်းတီးတိုးပြောဆိုတတ်ကြ၏။
၈ သူတို့က``ဤသူသည်အသဲအသန်ဖျား နာလျက်ရှိ၏။
နောက်တစ်ဖန်အဘယ်အခါ၌မျှအိပ်ရာပေါ်မှ ထနိုင်တော့မည်မဟုတ်'' ဟုဆိုကြ၏။
၉ ငါအချစ်ဆုံး၊ငါအားအကိုးဆုံး၊ ငါနှင့်ထမင်းလက်ဆုံစားသူ၊
ငါ၏မိတ်ဆွေကပင်လျှင်ငါ့ကိုခြေဖြင့် ကျောက်ကန်လေပြီ။
၁၀ အို ထာဝရဘုရား၊ ရန်သူတို့ကိုကလဲ့စားချေနိုင်ရန်
ကျွန်တော်မျိုးအားသနားတော်မူ၍ ပြန်လည်ကျန်းမာစေတော်မူပါ။
၁၁ ရန်သူတို့သည်ကျွန်တော်မျိုးအား အနိုင်ရစေတော်မမူမည်ဖြစ်၍
ကျွန်တော်မျိုးအားကိုယ်တော်ရှင်
နှစ်သက်တော်မူကြောင်းကိုကျွန်တော်မျိုး သိရပါလိမ့်မည်။
၁၂ ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်သူဖြစ် သဖြင့်
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကူမတော်မူ၍
ကိုယ်တော်ရှင်၏ရှေ့တော်တွင်ထာဝစဉ်နေရခွင့်ကို ပေးတော်မူလိမ့်မည်။
၁၃ ဣသရေလအမျိုးသားတို့၏ဘုရားဖြစ်တော် မူသော ထာဝရဘုရားကိုထောမနာပြုကြလော့။
ကိုယ်တော်အားယခုမှစ၍ကာလအစဉ် အဆက် ထောမနာပြုကြလော့။
အာမင်၊ အာမင်။