၂
ဘုရားသခင်ရွေးချယ်တော်မူသောဘုရင်
၁ တိုင်းနိုင်ငံတို့သည်အဘယ်ကြောင့်ဆူပူပုန်ကန်ရန် ကြံစည်ကြသနည်း။
လူတို့သည်အဘယ်ကြောင့်အချည်းနှီး လျှို့ဝှက်ကြံစည်ကြသနည်း။
၂ ထိုသူတို့၏ဘုရင်တို့သည်ပုန်ကန်ကြ၏။
သူတို့၏ဘုရင်တို့သည်ထာဝရဘုရားနှင့်
ကိုယ်တော်ဘိသိက်ပေးတော်မူသောဘုရင်အား ပုန်ကန်ရန်လျှို့ဝှက်တိုင်ပင်ကြ၏။
၃ သူတို့က``ငါတို့သည်သူတို့စိုးမိုးမှုမှ လွတ်မြောက်အောင်ဆောင်ရွက်ကြကုန်အံ့။
သူတို့၏အချုပ်အနှောင်ကိုပယ်ရှားကြ ကုန်အံ့'' ဟုဆိုကြ၏။
၄ ကောင်းကင်ဘုံရှိပလ္လင်တော်ပေါ်မှာထာဝရ ဘုရားသည် ပြုံးရယ်တော်မူလျက်
ထိုသူတို့၏အကြံအစည်ကိုပြက်ရယ်ပြု တော်မူ၏။
၅ ထိုနောက်ကိုယ်တော်သည်အမျက်တော်ထွက် လျက် သူတို့အားသတိပေးတော်မူသဖြင့်
သူတို့သည်အမျက်တော်အရှိန်ကြောင့် ကြောက်လန့်တုန်လှုပ်ကြကုန်၏။
၆ ကိုယ်တော်က``သန့်ရှင်းမြင့်မြတ်သော ဇိအုန်တောင် ပေါ်တွင်
ငါရွေးချယ်ထားသောရှင်ဘုရင်ကိုငါကိုယ်တိုင် တင်မြှောက်ပြီ'' ဟုမိန့်တော်မူ၏။
၇ မင်းကြီးက``ထာဝရဘုရား၏ဗျာဒိတ်တော်ကို ငါကြေငြာမည်။
ကိုယ်တော်ကငါ့အား`သင်သည်ငါ၏သား ဖြစ်၏။
ယနေ့ပင်လျှင်ငါသည်သင်၏အဖဖြစ်လာ ပြီ။
၈ တောင်းလော့။ လူမျိုးတကာတို့ကိုသင့်အား ငါပေးမည်။
ကမ္ဘာမြေပြင်တစ်ခုလုံးကိုသင်ပိုင်ဆိုင်ရ လိမ့်မည်။
၉ သင်သည်လူမျိုးတကာတို့ကိုသံလှံတံဖြင့် အုပ်စိုးလိမ့်မည်။
သူတို့အားမြေအိုးကိုခွဲသကဲ့သို့
အစိတ်စိတ်အမြွှာမြွှာဖြစ်စေလိမ့်မည်' ဟု မိန့်တော်မူပါ၏'' ဟူ၍ဆို၏။
၁၀ အချင်းဘုရင်တို့၊ပညာသတိရှိကြလော့။
အချင်းမင်းအပေါင်းတို့၊သတိမူကြလော့။
၁၁ သင်တို့သည်ကြောက်ရွံ့ရိုသေသောစိတ်နှင့်
ထာဝရဘုရား၏အမှုတော်ကိုထမ်းရွက်ကြလော့။
၁၂ တုန်လှုပ်လျက်ရှေ့တော်တွင်ဦးညွှတ်ပျပ်ဝပ်ကြလော့။
ယင်းသို့မပြုပါမူကိုယ်တော်သည် အမျက်တော်ထွက်တော်မူသဖြင့်
သင်တို့သည်မုချသေကြေပျက်စီးကြလိမ့်မည်။
ကိုယ်တော်ထံတော်သို့ချဉ်းကပ်ခိုလှုံသူ အပေါင်းတို့သည်မင်္ဂလာရှိကြ၏။