၁၃
ကူမတော်မူရန်ဆုတောင်းပတ္ထနာ
၁ အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးအား
အဘယ်ကာလတိုင်အောင်မေ့လျော့၍ နေတော်မူပါမည်နည်း။
ထာဝစဉ်မေ့လျော့၍နေတော်မူမည်လော။
အဘယ်ကာလတိုင်အောင်မျက်နှာတော်ကို လွှဲတော်မူပါမည်နည်း။
၂ ကျွန်တော်မျိုးသည်အဘယ်ကာလတိုင်အောင် ဒုက္ခခံရပါမည်နည်း။
အဘယ်ကာလတိုင်အောင်နေ့ရောညပါ ဝမ်းနည်းကြေကွဲလျက်နေရပါမည်နည်း။
ကျွန်တော်မျိုး၏ရန်သူများသည်
အဘယ်ကာလတိုင်အောင်ကျွန်တော်မျိုးအပေါ်တွင် အနိုင်ရကြပါမည်နည်း။
၃ ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊
ကျွန်တော်မျိုးခေါ်သောအခါကြည့်တော်မူ၍ ထူးတော်မူပါ။
ကျွန်တော်မျိုးကိုပြန်လည်၍ခွန်အားဖြင့် ပြည့်ဝစေတော်မူပါ။
ကျွန်တော်မျိုးအားသေစေတော်မမူပါနှင့်။
၄ ကျွန်တော်မျိုး၏ရန်သူများသည်
``ငါတို့သူ့ကိုအနိုင်ရပြီ'' ဟူ၍ ပြောဆိုနိုင်ခွင့်ကိုပေးတော်မမူပါနှင့်။
သူတို့အားကျွန်တော်မျိုး၏ပြိုလဲမှုကြောင့် ဝမ်းမြောက်နိုင်ခွင့်ကိုပေးတော်မမူပါနှင့်။
၅ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်ကိုအားကိုးပါ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တော်မူမည်ဖြစ်၍
ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက်ပါမည်။
၆ အို ထာဝရဘုရား၊
ကိုယ်တော်သည်ကျွန်တော်မျိုးအား ကျေးဇူးပြုတော်မူသဖြင့်
ကျွန်တော်မျိုးသည်ကိုယ်တော်အား ထောမနာသီချင်းဆိုပါမည်။