ပိလတ်မင်းထံသို့ကိုယ်တော်ကိုပို့ဆောင်ကြခြင်း
(မာ၊ ၁၅:၁။ လု၊ ၂၃:၁-၂။ ယော၊ ၁၈:၂၈-၃၂။)
၂၇
၁ နံနက်စောစော၌ယဇ်ပုရောဟိတ်ကြီးများနှင့် ဘာသာရေးခေါင်းဆောင်များသည် သခင်ယေရှု ကိုသတ်ရန်တိုင်ပင်ကြ၏။-
၂ ထိုနောက်ကိုယ်တော်ကိုချည်နှောင်၍ရောမဘုရင်ခံ ပိလတ်မင်းထံပို့ဆောင်၍အပ်လိုက်ကြ၏။
ယုဒရှကာရုတ်သေဆုံးခြင်း
(တ၊ ၁:၁၈-၁၉။)
၃ ထိုနောက်ကိုယ်တော်အားရန်သူ့လက်သို့အပ်ခဲ့သူ ယုဒသည် ကိုယ်တော်သေဒဏ်စီရင်ခြင်းခံရကြောင်း ကိုသိမြင်လျှင် နောင်တရလျက်ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာရေးခေါင်း ဆောင်များထံသို့ပြန်၍ယူခဲ့ပြီးလျှင်၊-
၄ ``အကျွန်ုပ်သည်အပြစ်ကင်းသူကိုသေစေရန်အပ် မိပါပြီ'' ဟုဆို၏။ သို့ရာတွင်ထိုသူတို့က ``ဤ ကိစ္စသည်ငါတို့နှင့်မည်သို့ဆိုင်ပါသနည်း။ သင် ၏တာဝန်သာဖြစ်၏'' ဟုပြန်ပြောကြ၏။-
၅ ထိုအခါယုဒသည်ငွေဒင်္ဂါးသုံးဆယ်ကိုဗိမာန် တော်တွင်ပစ်ချကာထွက်သွား၏။ ထိုနောက်အခြား သို့သွားပြီးလျှင်ကြိုးဆွဲချ၍သေလေ၏။
၆ ယဇ်ပုရောဟိတ်ကြီးများသည်ထိုငွေကိုကောက်ယူ ၍ ``ဤငွေကားသွေးဖိုးငွေဖြစ်၏။ သို့ဖြစ်၍ဤငွေ ကိုဘဏ္ဍာတော်တိုက်ထဲသို့မသွင်းအပ်'' ဟုဆိုကြ၏။-
၇ သူတို့သည်ဆွေးနွေးတိုင်ပင်ကြပြီးလျှင်ထိုငွေ ဖြင့် အိုးထိန်းသည်၏လယ်မြေကိုလူမျိုးခြားသား သင်္ချိုင်းအဖြစ်အသုံးပြုရန်ဝယ်ယူကြ၏။-
၈ သို့ဖြစ်၍ထိုလယ်သည်ယနေ့တိုင်အောင် ``သွေးမြေ'' ဟူ၍ခေါ်တွင်သတည်း။
၉-၁၀ ပရောဖက်ယေရမိက ``သူတို့သည်ထိုသူ၏ တန်ဖိုးအဖြစ်ဣသရေလအမျိုးသားတို့အကဲ ဖြတ်ပေးသည့်ငွေဒင်္ဂါးသုံးဆယ်ကိုယူပြီးလျှင် ထာဝရဘုရားငါ့အားမှာကြားတော်မူသည့် အတိုင်းအိုးထိန်းသည်၏လယ်မြေကိုဝယ်ယူ ကြ၏'' ဟုဟောကြားခဲ့သည့်စကားသည်ထို အချိန်၌မှန်၍လာတော့၏။
ကိုယ်တော်အားပိလတ်မင်းစစ်ဆေးခြင်း
(မာ၊ ၁၅:၂-၅။ လု၊ ၂၃:၃-၅။ ယော၊ ၁၈:၃၃-၃၈။)
၁၁ ရောမဘုရင်ခံမင်း၏ရှေ့သို့သခင်ယေရှုရောက်ရှိ သောအခါဘုရင်ခံမင်းက ``သင်သည်ယုဒရှင် ဘုရင်ပေလော'' ဟုမေး၏။ ကိုယ်တော်က ``သင်ဆို သည်အတိုင်းငါဖြစ်၏'' ဟုမိန့်တော်မူ၏။
၁၂ သို့ရာတွင်ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာ ရေးခေါင်းဆောင်များပြစ်တင်စွပ်စွဲချက်များကို ကိုယ်တော်သည်မည်သို့မျှဖြေကြားတော်မမူ။
၁၃ ထိုအခါပိလတ်မင်းက ``သင့်အားထိုသူတို့သည် မည်မျှပြစ်တင်စွပ်စွဲလျက်ရှိကြသည်ကိုသင် သည်မကြားပါသလော'' ဟုဆို၏။
၁၄ သို့ရာတွင်ကိုယ်တော်သည်စကားတစ်ခွန်းကိုမျှ ပြန်လည်မိန့်ကြားတော်မမူ။ သို့ဖြစ်၍ဘုရင်ခံ မင်းသည်လွန်စွာအံ့သြလေ၏။
ကိုယ်တော်ကိုသေဒဏ်စီရင်ခြင်း
(မာ၊ ၁၅:၆-၁၅။ လု၊ ၂၃:၁၄-၂၅။ ယော၊ ၁၈:၃၉-၁၉:၁၆။)
၁၅ ရောမဘုရင်ခံမင်းသည်ပသခါပွဲအခါကျ တိုင်း လူပရိသတ်တို့တောင်းသည့်အကျဉ်းသမား တစ်ယောက်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့ ရှိ၏။-
၁၆ ထိုအချိန်၌ယေရှုဗာရဗ္ဗဆိုသူနာမည်ဆိုး အကျဉ်းသမားတစ်ယောက်ရှိ၏။-
၁၇ သို့ဖြစ်၍လူတို့စုရုံးလာကြသောအခါပိလတ်မင်း က ``သင်တို့အတွက်မည်သူ့အားလွတ်ငြိမ်းချမ်းသာ ခွင့်ပေးစေလိုသနည်း။ ယေရှုဗာရဗ္ဗလော။ ခရစ်တော် ဆိုသူယေရှုလော'' ဟုမေး၏။-
၁၈ ထိုသူတို့မနာလို၍ယေရှုအားမိမိလက်သို့ အပ်နှံကြကြောင်းကိုပိလတ်မင်းသိသတည်း။
၁၉ ပိလတ်မင်းသည်တရားခွင်တွင်ထိုင်လျက်နေစဉ် သူ၏ဇနီးသည်လူတစ်ယောက်ကိုစေလွှတ်၍ ``ထို အပြစ်ကင်းသူနှင့်ပတ်သက်၍မည်သည့်အရာ ကိုမျှမပြုပါနှင့်။ အကျွန်ုပ်သည်ယမန်ညက အိပ်မက်တွင်သူ၏အတွက်စိတ်ဒုက္ခများစွာ ရောက်ရပါ၏'' ဟုပြောစေ၏။
၂၀ ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာရေးခေါင်း ဆောင်များသည် ``ဗာရဗ္ဗအားလွတ်ငြိမ်းချမ်းသာ ခွင့်ပေးပါ။ ယေရှုကိုသတ်ပါ'' ဟုပိလတ်မင်း ထံတောင်းဆိုရန်ပရိသတ်တို့အားတိုက်တွန်း ကြ၏။-
၂၁ ဘုရင်ခံမင်းက ``ဤသူနှစ်ယောက်အနက်မည်သူ့ ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးစေလိုသနည်း'' ဟု မေး၏။ လူတို့က ``ဗာရဗ္ဗကိုလွှတ်ပေးပါ'' ဟုဆို ကြ၏။
၂၂ ပိလတ်မင်းက ``သို့ဖြစ်လျှင်ခရစ်တော်ဆိုသူ ကိုငါအဘယ်သို့ပြုရမည်နည်း'' ဟုမေး၏။
ထိုသူအပေါင်းတို့က ``သူ့အားလက်ဝါးကပ် တိုင်တွင်တင်၍သတ်ပါ'' ဟုဆိုကြ၏။
၂၃ ပိလတ်မင်းက ``သူသည်အဘယ်အပြစ်ကို ကူးလွန်သနည်း'' ဟုမေး၏။
သို့ရာတွင်ထိုသူတို့က ``သူ့အားလက်ဝါးကပ် တိုင်တွင်တင်၍သတ်ပါ'' ဟုအသံကုန်ဟစ်အော် ကြ၏။
၂၄ ပိလတ်မင်းသည်မိမိရှေ့ဆက်လက်ပြောဆိုရန် မဖြစ်၊ ရုန်းရင်းဆန်ခတ်ဖြစ်မည့်အရိပ်အရောင် ကိုသာသိမြင်လာသဖြင့်ရေကိုယူ၍ ``ဤသူ သေရခြင်းမှာငါ၏တာဝန်မဟုတ်၊ သင်တို့၏ တာဝန်သာဖြစ်သည်'' ဟုဆိုကာလူတို့ရှေ့တွင် မိမိ၏လက်ကိုဆေး၏။
၂၅ လူအပေါင်းတို့က ``ထိုသူသေရခြင်းအတွက် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏သားမြေးများ ၏တာဝန်ဖြစ်ပါစေ'' ဟုဆိုကြ၏။
၂၆ ထိုအခါပိလတ်မင်းသည်ဗာရဗ္ဗကိုလွတ်ငြိမ်းချမ်း သာခွင့်ပေး၍သခင်ယေရှုကိုကြိမ်ဒဏ်ခတ်စေပြီး လျှင် လက်ဝါးကပ်တိုင်တွင်တင်၍သတ်ရန်အပ်လိုက်၏။
ကိုယ်တော်ကိုစစ်သားများပြောင်လှောင်ကြခြင်း
(မာ၊ ၁၅:၁၆-၂၀။ ယော၊ ၁၉:၂-၃။)
၂၇ ပိလတ်မင်း၏စစ်သားများသည်သခင်ယေရှုကို ဘုရင်ခံမင်းအိမ်တော်သို့ခေါ်ဆောင်သွားကြ၏။ ထိုနောက်ခြေလျင်တပ်ခွဲတစ်တပ်လုံးသည်ကိုယ် တော်ပတ်လည်စုရုံးလာကြ၏။-
၂၈ စစ်သားများသည်ကိုယ်တော်အားအဝတ်တော် ကိုချွတ်၍ကမ္ဗလာနီဝတ်လုံကိုခြုံပေးကြ၏။-
၂၉ ထိုနောက်ဆူးခက်ဖြင့်ရက်သည့်သရဖူကိုဆောင်း ပေးကြ၏။ ကူရိုးတစ်ချောင်းကိုလက်ယာလက်တော် တွင်ထည့်ပေးကြ၏။ ထိုနောက်ရှေ့တော်တွင်ဒူးထောက် လျက် ``ယုဒဘုရင်၊ သက်တော်ရှည်ပါစေသော'' ဟု ပြက်ရယ်ပြုကြ၏။-
၃၀ သူတို့သည်ကိုယ်တော်ကိုတံတွေးနှင့်ထွေးကြ၏။ ကူရိုးကိုယူ၍ခေါင်းတော်ကိုရိုက်ကြ၏။-
၃၁ ဤသို့ပြောင်လှောင်ကြပြီးလျှင်ကမ္ဗလာနီဝတ်လုံ ကိုချွတ်၍ကိုယ်တော်၏အဝတ်ကိုပြန်ဝတ်ပေးကြ ၏။ ထိုနောက်လက်ဝါးကပ်တိုင်တွင်တင်၍သတ်ရန် ကိုယ်တော်ကိုခေါ်ဆောင်သွားကြ၏။
ကိုယ်တော်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ကြခြင်း
(မာ၊ ၁၅:၂၁-၃၂။ လု၊ ၂၃:၂၆-၄၃။ ယော၊ ၁၉:၁၇-၂၇။)
၃၂ သူတို့သည်ထွက်လာကြစဉ်ရှိမုန်နာမည်ရှိသူ ကုရေနေပြည်သားတစ်ယောက်ကိုတွေ့သဖြင့် ထိုသူအားအတင်းအကြပ်ခေါ်၍ကိုယ်တော်၏ လက်ဝါးကပ်တိုင်ကိုထမ်းစေကြ၏။-
၃၃ ဦးခေါင်းခွံအရပ်ဟုအဋ္ဌိပ္ပါယ်ရှိသောဂေါလ ဂေါသနာမည်တွင်သည့်အရပ်သို့ရောက်လျှင်၊-
၃၄ သူတို့သည်ဆေးခါးနှင့်ရောစပ်ထားသောစပျစ် ရည်ကိုကိုယ်တော်အားတိုက်ကြ၏။ ကိုယ်တော်သည် မြည်းစမ်းကြည့်တော်မူပြီးလျှင်မသောက်ဘဲနေ တော်မူ၏။
၃၅ ထိုနောက်သူတို့သည်ကိုယ်တော်ကိုလက်ဝါးကပ် တိုင်တွင်တင်၍သတ်ကြ၏။ အဝတ်တော်များကို မဲချ၍ခွဲဝေကြ၏။-
၃၆ ထိုနောက်ထိုင်၍ကိုယ်တော်ကိုစောင့်ကြည့်နေကြ၏။-
၃၇ ကိုယ်တော်အားစွဲချက်တင်သည့်အပြစ်ကိုဦးခေါင်း တော်အထက်တွင် ``ဤသူကားယုဒရှင်ဘုရင်ဖြစ်၏'' ဟူ၍ကမ္ပည်းရေးထိုးထားကြ၏။-
၃၈ ထိုအချိန်၌ဋ္ဌားပြနှစ်ယောက်ကိုလည်းကိုယ်တော် နှင့်အတူလက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲ တော်ဘက်တွင်တစ်ယောက်၊ လက်ဝါးကပ်တိုင်တွင် တင်၍သတ်ကြ၏။
၃၉-၄၀ လမ်းသွားလမ်းလာများကဦးခေါင်းခါလျက် ``ဗိမာန် တော်ကိုဖြိုဖျက်၍သုံးရက်အတွင်းပြန်လည်တည် ဆောက်မည့်သူ၊ သင့်ကိုယ်ကိုသင်ကယ်တင်လော့။ သင် သည်ဘုရားသခင်၏သားတော်မှန်လျှင် လက်ဝါး ကပ်တိုင်ပေါ်မှဆင်းခဲ့လော့'' ဟုကိုယ်တော်အား ကဲ့ရဲ့ကြ၏။
၄၁ ထိုနည်းတူစွာယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်း တတ်ဆရာများနှင့်ဘာသာရေးခေါင်းဆောင် များကလည်းပြောင်လှောင်ကြ၏။-
၄၂ ``ဤသူသည်သူတစ်ပါးကိုကယ်တင်၏။ မိမိ ကိုယ်ကိုမူမကယ်တင်နိုင်ပါတကား။ သူသည် ဣသရေလရှင်ဘုရင်မဟုတ်ပါလော။ လက်ဝါး ကပ်တိုင်မှယခုဆင်းလာလျှင်ငါတို့သူ့ကို ယုံကြည်ကြပေအံ့။-
၄၃ သူသည်ဘုရားသခင်ကိုယုံကြည်ကိုးစား၏။ `ငါ သည်ဘုရားသခင်၏သားတော်ဖြစ်သည်' ဟုဆို၏။ သို့ဖြစ်၍ဘုရားသခင်သည်သူ့ကိုအလိုတော် ရှိလျှင် ယခုပင်ကယ်တင်တော်မူပါစေ'' ဟုဆို ကြ၏။
၄၄ ကိုယ်တော်နှင့်အတူလက်ဝါးကပ်တိုင်တွင်အတင် ခံရသူဋ္ဌားပြများကပင်လျှင် ထိုနည်းတူကိုယ် တော်ကိုပြောင်လှောင်ကြ၏။
ကိုယ်တော်အသက်ချုပ်တော်မူခြင်း
(မာ၊ ၁၅:၃၃-၄၁။ လု၊ ၂၃:၄၄-၄၉။ ယော၊ ၁၉:၂၈-၃၀။)
၄၅ မွန်းတည့်ချိန်မှအစပြု၍မွန်းလွဲသုံးနာရီတိုင် အောင် မြေတစ်ပြင်လုံးတွင်မှောင်အတိကျလေ၏။-
၄၆ မွန်းလွဲသုံးနာရီအချိန်၌သခင်ယေရှုသည် ``ဧလိ၊ ဧလိ၊ လာမရှာဗခသာနိ'' ဟုကျယ်သောအသံ နှင့်မိန့်တော်မူ၏။ ဆိုလိုသည့်အနက်ကား ``အကျွန်ုပ် ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ် ကိုစွန့်ပစ်တော်မူပါသနည်း'' ဟူ၏။
၄၇ အနီးတွင်ရပ်နေသူလူအချို့တို့သည်ထိုစကားကို ကြားလျှင် ``သူသည်ဧလိယကိုခေါ်နေ၏'' ဟုဆို ကြ၏။-
၄၈ ထိုသူတို့အနက်လူတစ်ယောက်သည်ချက်ချင်းပြေး ၍ပင်လယ်ရေမြှုပ်ကိုယူကာပုံးရည်ကိုစုပ်ပြီးလျှင် ထိုရေမြှုပ်ကိုကူရိုးဖျားတွင်ပတ်၍ကိုယ်တော် သောက်ရန်ပေးလေ၏။
၄၉ အခြားသောသူတို့က ``ရှိစေတော့။ သူ့ကိုကယ်ရန် ဧလိယလာမလာကိုငါတို့ကြည့်ကြကုန်အံ့'' ဟုဆိုကြ၏။
၅၀ သခင်ယေရှုသည်တစ်ဖန်ကျယ်စွာဟစ်အော်တော်မူ ပြီးလျှင်အသက်ချုပ်တော်မူ၏။-
၅၁ ထိုအခါဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင်နှစ်ခြမ်းကွဲလေ၏။ မြေငလျင် လှုပ်၏။ ကျောက်ဆောင်များပြိုကွဲကြ၏။-
၅၂ သင်္ချိုင်းဂူများပွင့်လစ်သဖြင့်သေလွန်ပြီးသူ ဘုရားသခင်၏လူစုတော်ဝင်အမြောက် အမြားပင်ရှင်ပြန်ထမြောက်ကြကုန်၏။-
၅၃ သခင်ယေရှုရှင်ပြန်ထမြောက်တော်မူပြီးနောက် ထိုသူတို့သည်သင်္ချိုင်းထဲမှထွက်လာကာ သန့်ရှင်း သောမြို့တော်သို့ဝင်သွားကြသဖြင့်လူအများ ပင်သူတို့ကိုတွေ့မြင်ကြ၏။
၅၄ တပ်မှူးနှင့်တကွသခင်ယေရှုကိုစောင့်ကြည့် နေကြသောစစ်သားများသည်မြေငလျင်လှုပ် သည်ကိုလည်းကောင်း၊ အခြားအဖြစ်အပျက်များ ကိုလည်းကောင်းတွေ့မြင်ကြသောအခါလွန်စွာ ကြောက်လန့်ကြ၍ ``ဤသူကားအကယ်ပင်ဘုရား သခင်၏သားတော်ဖြစ်၏'' ဟုဆိုကြ၏။
၅၅ ထိုအရပ်တွင်အဝေးကရပ်လျက်ကြည့်နေသော အမျိုးသမီးများရှိ၏။ သူတို့သည်ကားဂါလိလဲ ပြည်မှသခင်ယေရှု၏နောက်တော်သို့လိုက်၍လုပ် ကျွေးသမှုပြုကြသူများတည်း။-
၅၆ ထိုသူတို့အထဲတွင်မာဂဒလမြို့သူမာရိ၊ ယာကုပ်နှင့်ယောသပ်တို့၏အမိဖြစ်သူမာရိ နှင့်ဇေဗေဒဲ၏သားများ၏အမိတို့ပါကြ၏။
ကိုယ်တော်ကိုသင်္ဂြိုဟ်ခြင်း
(မာ၊ ၁၅:၄၂-၄၇။ လု၊ ၂၃:၅၀-၅၆။ ယော၊ ၁၉:၃၈-၄၂။)
၅၇ ညချမ်းအချိန်ကျသောအခါအရိမဿဲမြို့မှ ယောသပ်ဆိုသူသူဌေးတစ်ယောက်ရောက်ရှိလာ၏။ သူသည်သခင်ယေရှု၏တပည့်တော်တစ်ဦးဖြစ်၏။-
၅၈ သူသည်ပိလတ်မင်းထံသို့ဝင်ပြီးလျှင်သခင် ယေရှု၏အလောင်းတော်ကိုတောင်း၏။ ပိလတ်မင်း သည်အလောင်းတော်ကိုယောသပ်အားပေးရန် အမိန့်ချမှတ်လိုက်၏။-
၅၉ ယောသပ်သည်အလောင်းတော်ကိုယူ၍ဖြူစင်သော ပိတ်ဖြင့်ပတ်၏။-
၆၀ ထိုနောက်ကျောက်ဆောင်၌မကြာမီကထွင်းထားသည့် မိမိသင်္ချိုင်းဂူတွင်သင်္ဂြိုဟ်ကာ ဂူဝကိုကျောက်တုံးတစ်ခု လှိမ့်၍ပိတ်ထားလိုက်ပြီးနောက်ပြန်သွားလေသည်။-
၆၁ သင်္ချိုင်းရှေ့တွင်မာဂဒလမြို့သူမာရိနှင့်အခြား မာရိတို့သည်ထိုင်လျက်ရှိနေကြ၏။
သင်္ချိုင်းဂူတွင်အစောင့်ထားရှိခြင်း
၆၂ သောကြာနေ့ကုန်လွန်၍ဥပုသ်နေ့ရောက်သော် ယဇ်ပုရောဟိတ်ကြီးများနှင့်ဖာရိရှဲများသည် ပိလတ်မင်းထံသို့သွားပြီးလျှင်၊-
၆၃ ``အရှင်၊ ထိုလူလိမ်အသက်ရှင်စဉ်အခါက၊ `ငါ သည်သုံးရက်ကြာသော်သေခြင်းမှထမြောက်မည်' ဟုပြောဆိုခဲ့သည်ကိုအကျွန်ုပ်တို့မှတ်မိပါ၏။-
၆၄ သို့ဖြစ်၍သုံးရက်မြောက်သောနေ့အထိသင်္ချိုင်းဂူ ကိုလုံခြုံစွာပိတ်၍စောင့်ကြပ်စေရန်အမိန့်ပေး တော်မူပါ။ သို့မဟုတ်ပါမူသူ၏တပည့်များသည် လာ၍ရုပ်အလောင်းကိုခိုးယူကာသူသည်သေခြင်း မှထမြောက်လေပြီဟုလူတို့အားပြောကြလိမ့်မည်။ ထိုအခါနောက်ဆုံးလှည့်စားချက်သည်ပထမ လှည့်စားချက်ထက်ပို၍ဆိုးပါလိမ့်မည်'' ဟု လျှောက်ထားကြ၏။
၆၅ ပိလတ်မင်းက ``အစောင့်တပ်တစ်တပ်ကိုခေါ်၍ သင်္ချိုင်းဂူကိုအတတ်နိုင်ဆုံးစောင့်ကြပ်စေလော့'' ဟုဆို၏။
၆၆ သို့ဖြစ်၍ထိုသူတို့သည် သင်္ချိုင်းဂူသို့သွားပြီးလျှင် ကျောက်တုံးကိုချိပ်တံဆိပ်ခတ်နှိပ်ကာ သင်္ချိုင်းဂူကို လုံခြုံစွာပိတ်ထားကြ၏။ ထိုနောက်စောင့်ကြပ်ရန် အစောင့်တပ်သားများကိုချထားကြ၏။