မည်သူသည်အကြီးမြတ်ဆုံးနည်း
(မာ၊ ၉:၃၃-၃၇။ လု၊ ၉:၄၆-၄၈။)
၁၈
၁ ထိုအခါတပည့်တော်တို့သည်သခင်ယေရှုထံ တော်သို့ချဉ်းကပ်၍ ``ကောင်းကင်နိုင်ငံတော်တွင် မည်သူသည်အကြီးမြတ်ဆုံးနည်း'' ဟုမေး လျှောက်ကြ၏။
၂ ကိုယ်တော်သည်ကလေးသူငယ်တစ်ယောက်ကို ခေါ်ယူပြီးလျှင်တပည့်တော်တို့၏ရှေ့တွင် ရပ်နေစေတော်မူ၏။-
၃ ထိုနောက်ကိုယ်တော်က ``အမှန်အကန်သင်တို့ အားငါဆိုသည်ကား၊ သင်တို့သည်စိတ်ပြောင်းလဲ ၍ကလေးသူငယ်ကဲ့သို့ဖြစ်မှသာလျှင်ကောင်း ကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်။-
၄ ဤကလေးသူငယ်ကဲ့သို့စိတ်နှိမ့်ချသူသည် ကောင်းကင်နိုင်ငံတော်တွင်အကြီးမြတ်ဆုံး ဖြစ်လိမ့်မည်။-
၅ ငါ၏နာမကိုထောက်၍ဤသို့သောကလေး သူငယ်တစ်စုံတစ်ယောက်ကိုလက်ခံသူသည် ငါ့ကိုလက်ခံ၏။
အပြစ်သွေးဆောင်ခြင်းများ
(မာ၊ ၉:၄၂-၄၈။ လု၊ ၁၇:၁-၂။)
၆ ``ငါ့ကိုယုံကြည်ကိုးစားသည့်ကလေးသူငယ် တစ်စုံတစ်ယောက်အားယုံကြည်ခြင်းပျက်ပြယ် စေသောသူမူကား လည်တွင်ကြိတ်ဆုံကျောက်ကြီး ကိုဆွဲလျက်ပင်လယ်နက်ထဲသို့အချခံရလျှင် သူ့အဖို့သာ၍ကောင်း၏။-
၇ လူသားတို့အားယုံကြည်ခြင်းပျက်ပြယ်စေ သောအရာများရှိသည့်အတွက်လူသားတို့ သည်အမင်္ဂလာရှိကြ၏။ ယုံကြည်ခြင်းကိုပျက် ပြယ်စေသောအရာများကားမုချရှိမည်။ သို့ ရာတွင်ယုံကြည်ခြင်းပျက်ပြယ်မှုကိုဖြစ် စေသောသူသည်အမင်္ဂလာရှိ၏။
၈ ``သင်၏ခြေသော်လည်းကောင်း၊ လက်သော်လည်း ကောင်းသင်၏ယုံကြည်ခြင်းကိုပျက်ပြယ်စေလျှင် ထိုခြေထိုလက်ကိုဖြတ်ပစ်လော့။ ထာဝရမီး ထဲသို့ခြေလက်အစုံနှင့်ကျရသည်ထက်ကိုယ် အင်္ဂါချို့တဲ့လျက်ထာဝရအသက်ရခြင်းက သာ၍ကောင်း၏။-
၉ သင်၏မျက်စိသည်သင်၏ယုံကြည်ခြင်းကိုပျက် ပြယ်စေလျှင်ထိုမျက်စိကိုထုတ်ပစ်လော့။ ငရဲမီး ထဲသို့မျက်စိအစုံနှင့်ကျရသည်ထက်မျက်စိ တစ်လုံးချို့တဲ့လျက် ထာဝရအသက်ကိုရခြင်း ကသာ၍ကောင်း၏။
ပျောက်သွားသောသိုးပုံဥပမာ
(လု၊ ၁၅:၃-၇။)
၁၀ ``သင်တို့သည်အဘယ်ကလေးသူငယ်ကိုမျှ အထင်အမြင်မသေးမိစေရန်သတိထား ကြလော့။ သင်တို့အားငါဆိုသည်ကား၊ ထိုသူငယ် တို့၏ကောင်းကင်တမန်များသည်ကောင်းကင်ဘုံ ရှင်ငါ့ခမည်းတော်၏ရှေ့တော်မှောက်၌အစဉ် မပြတ်ခစားလျက်ရှိကြ၏။-
၁၁ (လူသားသည်ပျောက်ဆုံးသူတို့ကိုကယ်တင် ရန်ကြွလာခြင်းဖြစ်၏။)
၁၂ ``သင်တို့သည်အဘယ်သို့ထင်မှတ်ကြသနည်း။ လူတစ်ယောက်သည်မိမိမှာရှိသည့်သိုးတစ်ရာ အနက်တစ်ကောင်ပျောက်သွားလျှင်ကိုးဆယ် ကိုးကောင်ကိုတောင်ပေါ်စားကျက်တွင်ထားခဲ့ ပြီးလျှင်ပျောက်သောသိုးကိုလိုက်၍မရှာဘဲ နေပါမည်လော။-
၁၃ ပျောက်သောသိုးကိုရှာ၍တွေ့သောအခါမပျောက် သည့်သိုးကိုးဆယ့်ကိုးကောင်အတွက်ရွှင်လန်းဝမ်း မြောက်သည်ထက် ထိုသိုးအတွက်ပို၍ရွှင်လန်း ဝမ်းမြောက်သည်ဟုသင်တို့အားအမှန်အကန် ငါဆို၏။-
၁၄ ထိုနည်းတူစွာကောင်းကင်ဘုံရှင်သင်တို့၏အဖ သည်လည်း ဤကလေးသူငယ်တစ်စုံတစ်ယောက် ပျောက်ဆုံးလမ်းလွဲသွားသည်ကိုအလိုတော် မရှိ။
အပြစ်ကူးသူညီအစ်ကို
၁၅ ``သင်၏ညီအစ်ကိုသည်သင့်ကိုပြစ်မှားလျှင်သူ့ အပြစ်ကိုဖော်ပြရန်သူ့ထံသို့သွားလော့။ သို့ရာ တွင်သင်တို့နှစ်ယောက်တည်းသာတွေ့ဆုံ၍ပြော ဆိုလော့။ သင်၏စကားကိုနားထောင်လျှင်ထို ညီအစ်ကိုနှင့်သင်သည်ပြန်၍သင့်မြတ်သွား လေပြီ။-
၁၆ သို့ရာတွင်သူသည်သင်၏စကားကိုနားမထောင် ပါမူသင်၏စွပ်စွဲချက်မှန်သမျှအတည်ဖြစ် စေရန် ကျမ်းစာလာသည်အတိုင်းအသိသက်သေ နှစ်ယောက်သုံးယောက်ကိုခေါ်လော့။-
၁၇ အကယ်၍သူသည်ထိုသူတို့၏စကားကိုလည်း နားမထောင်ပြန်လျှင်အသင်းတော်အားတိုင်ကြား လော့။ အသင်းတော်၏စကားကိုပင်နားမထောင် လျှင်ထိုသူအားဘုရားမဲ့သူတစ်ယောက်၊ သို့ မဟုတ်အခွန်ခံသူတစ်ယောက်ကဲ့သို့မှတ်ယူ လော့။
တားမြစ်ခြင်းနှင့်ခွင့်ပြုခြင်း
၁၈ ``အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ လောကတွင်သင်တို့တားမြစ်သမျှကိုဘုရား သခင်သည်ကောင်းကင်ဘုံ၌တားမြစ်တော်မူ လိမ့်မည်။ လောကတွင်သင်တို့ခွင့်ပြုသမျှ ကိုကောင်းကင်ဘုံ၌ခွင့်ပြုတော်မူလိမ့်မည်။
၁၉ ``ထို့ပြင်အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ လောကတွင်သင်တို့အနက်လူနှစ်ယောက် မျှစိတ်တူသဘောတူ၍ဆုတောင်းပတ္ထနာပြု ပါလျှင် ကောင်းကင်ဘုံရှင်ငါ၏ခမည်းတော် သည်သင်တို့တောင်းလျှောက်သမျှသောအရာ ကိုပေးသနားတော်မူလိမ့်မည်။-
၂၀ အဘယ်ကြောင့်ဆိုသော်လူနှစ်ယောက်သုံးယောက် တို့သည်ငါ့နာမကိုအမှီပြု၍စုဝေးလျှင် စု ဝေးရာတွင်သူတို့နှင့်အတူငါရှိမည်ဖြစ် သောကြောင့်တည်း။
အပြစ်မဖြေမလွှတ်သည့်ကျွန်ပုံဥပမာ
၂၁ ထိုနောက်ပေတရုသည်အထံတော်သို့ချဉ်းကပ် ၍ ``အရှင်ဘုရား၊ အကျွန်ုပ်၏ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှားလျှင်သူ့အားအကြိမ်မည် မျှအပြစ်ဖြေလွှတ်ရပါမည်နည်း။ ခုနစ်ကြိမ် တိုင်အောင်ဖြေလွှတ်ရပါမည်လော'' ဟုမေး လျှောက်၏။
၂၂ သခင်ယေရှုက ``ခုနစ်ကြိမ်တိုင်အောင်ဖြေလွှတ်ရ မည်ဟုသင့်အားငါမဆို။ အကြိမ်ခုနစ်ဆယ် ခုနစ်လီတိုင်အောင်ဖြေလွှတ်ရမည်ဟုငါဆို၏။-
၂၃ သို့ဖြစ်၍ကောင်းကင်နိုင်ငံတော်သည်မိမိ၏ကျွန် များနှင့်စာရင်းရှင်းလိုသည့်ဘုရင်တစ်ပါး ကြုံတွေ့ရသည့်အဖြစ်အပျက်နှင့်တူ၏။-
၂၄ သူသည်စာရင်းစ၍ရှင်းသောအခါငွေသန်းပေါင်း များစွာကြွေးတင်သူလူတစ်ယောက်ကိုခေါ်စေ၏။-
၂၅ ထိုသူသည်ထိုအကြွေးကိုပေးဆပ်နိုင်စွမ်းမရှိ သဖြင့်မင်းကြီးကထိုသူနှင့်တကွသားမယား၊ ဥစ္စာပစ္စည်းရှိသမျှတို့ကိုရောင်း၍ပေးဆပ်စေ ရန်အမိန့်ချမှတ်တော်မူ၏။-
၂၆ သို့ဖြစ်၍ထိုသူသည်မင်းကြီး၏ရှေ့တွင်ဝပ်တွား လျက် `အကျွန်ုပ်ကိုသည်းခံတော်မူပါ။ အကြွေး များပြေလည်အောင်ပေးဆပ်ပါမည်' ဟုလျှောက်၏။-
၂၇ မင်းကြီးသည်သူ့ကိုသနားသဖြင့်အကြွေးများ ကိုစာရင်းမှပယ်ဖျက်ပြီးလျှင်လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်၏။''
၂၈ ``သို့ရာတွင်သူသည်ထွက်သွားသောအခါမိမိ အားအကြွေးငွေတစ်ရာပေးဆပ်ရန်ရှိသူကျွန်ချင်း တစ်ယောက်ကိုတွေ့လျှင် ထိုကျွန်၏လည်ကိုကိုင်ညှစ် ၍ `သင်ပေးဆပ်ရန်ရှိသောအကြွေးကိုပေးဆပ် လော့'' ဟုဆို၏။-
၂၉ ထိုကျွန်သည်ဒူးထောက်လျက် `အကျွန်ုပ်ကိုသည်းခံ ပါ။ အကြွေးရှိသမျှကိုပေးဆပ်ပါမည်' ဟုတောင်း ပန်၏။-
၃၀ သို့ရာတွင်ကြွေးရှင်သည်နားမထောင်ဘဲမိမိ၏ အကြွေးကိုပြေလည်အောင်မပေးမဆပ်မချင်း ထိုကျွန်ကိုအကျဉ်းချထားလေသည်။-
၃၁ ထိုအခြင်းအရာကိုအခြားသောကျွန်ချင်းတို့ သိမြင်လျှင်လွန်စွာစိတ်ဆိုး၍ မိမိတို့၏အရှင် ထံသို့သွားပြီးလျှင်ဖြစ်ပျက်သမျှတို့ကို လျှောက်ထားကြ၏။-
၃၂ ထိုအခါမင်းကြီးသည်ထိုကျွန်ကိုခေါ်၍`ဟယ် ကျွန်ယုတ်၊ သင်ငါ့ကိုတောင်းပန်သောအခါသင် ပေးဆပ်ရန်အကြွေးရှိသမျှကိုငါပယ်ဖျက် ခဲ့၏။-
၃၃ သင့်ကိုငါသနားသကဲ့သို့သင်သည်လည်း ကျွန်ချင်းကိုမသနားအပ်သလော' ဟုဆို၏။-
၃၄ မင်းကြီးသည်အမျက်ထွက်၍ထိုကျွန်ကိုအကြွေး မကျေမချင်းအကျဉ်းချထားလေ၏။''
၃၅ ထိုနောက်သခင်ယေရှုကသင်တို့သည်ညီအစ်ကို အချင်းချင်းတစ်ယောက်၏အပြစ်ကိုတစ်ယောက် အမှန်တကယ်မဖြေမလွှတ်လျှင် ကောင်းကင်ဘုံ ရှင်ငါ၏အဖသည်လည်းသင်တို့၏အပြစ်ကို ဖြေလွှတ်တော်မူလိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။