လူလေးထောင်ကိုကျွေးမွေးတော်မူခြင်း
(မ၊ ၁၅:၃၂-၃၉)
၈
၁ မကြာမီလူပရိသတ်ကြီးစုရုံးမိပြန်၏။ သူ တို့မှာစားစရာမရှိကြသဖြင့် ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်တော်မူ၍၊-
၂ ``ဤလူတို့သည်ငါနှင့်အတူသုံးရက်တိုင်တိုင် ရှိနေခဲ့ကြ၏။ ယခုသူတို့မှာစားစရာမရှိ ကြ။ သို့ဖြစ်၍သူတို့ကိုငါသနားတော်မူသည်။-
၃ အချို့သောသူတို့သည်ခရီးဝေးမှလာရောက်ခဲ့ ကြ၏။ သူတို့ကိုမကျွေးမွေးဘဲအိမ်သို့ပြန်စေ ပါလျှင် သူတို့သည်လမ်းခရီးတွင်မူးလဲကုန် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
၄ တပည့်တော်တို့က ``ဤတောကန္တာရတွင်အဘယ် သို့လျှင် ထိုသူတို့ကိုကျွေးနိုင်လောက်အောင်အစား အစာရနိုင်ပါမည်နည်း'' ဟုပြန်၍လျှောက်ကြ၏။
၅ ကိုယ်တော်က ``သင်တို့တွင်မုန့်မည်မျှရှိသနည်း'' ဟုမေးတော်မူ၏။
တပည့်တော်တို့က ``မုန့်ခုနစ်လုံးရှိပါသည်'' ဟုလျှောက်ကြ၏။
၆ ကိုယ်တော်သည်လူအပေါင်းတို့ကိုမြေပေါ်တွင် ထိုင်စေတော်မူပြီးလျှင်မုန့်ခုနစ်လုံးကိုယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော် မူ၏။ ထိုနောက်မုန့်များကိုဖဲ့တော်မူ၍လူတို့ အားဝေပေးကြ၏။ သူတို့၌ငါးအနည်းငယ် လည်းရှိ၏။-
၇ ကိုယ်တော်သည်ဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်းပြီးနောက် ထိုငါးကိုလည်းလူတို့အား ဝေပေးရန် တပည့်တော်တို့ကိုစေခိုင်းတော်မူ၏။-
၈ လူတို့သည်ဝစွာစားရကြ၏။ စားကြွင်းစားကျန် များကိုပင်တောင်းခုနစ်တောင်းအပြည့်ကောက်သိမ်း ရကြ၏။-
၉ မုန့်စားသူဦးရေကားလေးထောင်မျှရှိသတည်း။ ကိုယ်တော်သည်လူတို့ကိုထိုအရပ်မှထွက်ခွာ သွားစေတော်မူ၏။-
၁၀ ထိုနောက်ချက်ချင်းပင်တပည့်တော်တို့နှင့်အတူ လှေပေါ်သို့တက်၍ ဒါလမနုသဒေသသို့ကြွ တော်မူ၏။
ဖာရိရှဲတို့ကနိမိတ်လက္ခဏာတောင်းဆိုကြခြင်း
(မ၊ ၁၆:၁-၄)
၁၁ ဖာရိရှဲအချို့တို့သည်ရောက်လာ၍ ကိုယ်တော်နှင့် အခြေအတင်ဆွေးနွေးကြ၏။ သူတို့သည်ပရိ ယာယ်ဆင်၍ ``ဘုရားသခင်သည်ကိုယ်တော်အား နှစ်သက်တော်မူကြောင်းသက်သေပြရန် နိမိတ် လက္ခဏာတစ်ပါးကိုပြတော်မူပါ'' ဟုကိုယ်တော် အားတောင်းဆိုကြ၏။-
၁၂ ကိုယ်တော်သည်သက်ပြင်းချတော်မူပြီးလျှင် ``ယခု ခေတ်လူတို့သည်အဘယ်ကြောင့်နိမိတ်လက္ခဏာကို တောင်းဆိုကြသနည်း။ အမှန်အကန်ငါဆိုသည် ကား ဤသူတို့အားထိုသို့သောနိမိတ်လက္ခဏာကို ပြလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
၁၃ ကိုယ်တော်သည်ထိုသူတို့ထံမှထွက်ကြွတော်မူ၍ လှေပေါ်သို့တစ်ဖန်တက်တော်မူပြီးလျှင်အိုင် တစ်ဖက်သို့ကူးတော်မူ၏။
ဖာရိရှဲများနှင့်ဟေရုဒ်၏တဆေး
(မ၊ ၁၆:၅-၁၂)
၁၄ တပည့်တော်တို့သည်အစားအစာများကို မယူခဲ့မိကြ။ လှေပေါ်၌မုန့်တစ်လုံးသာရှိ၏။-
၁၅ ကိုယ်တော်က ``သင်တို့သည်ဖာရိရှဲများ၏ တဆေးနှင့်ဟေရုဒ်၏တဆေးကိုသတိနှင့် ရှောင်ကြလော့'' ဟုတပည့်တော်တို့အားမိန့် တော်မူ၏။
၁၆ တပည့်တော်တို့သည်မိမိတို့၌စားစရာမပါ သည့်အကြောင်းကို အချင်းချင်းပြောဆိုလျက် နေကြ၏။
၁၇ ယင်းသို့ပြောဆိုနေသည်ကိုသခင်ယေရှုသိ တော်မူလျှင် ``သင်တို့သည်စားစရာမပါသည့် အဖြစ်ကိုအဘယ်ကြောင့်ပြောဆိုနေကြသနည်း။ ယခုတိုင်အောင်မသိနားမလည်သေးသလော။ သင်တို့၏အသိဉာဏ်သည်အဘယ်ကြောင့်ဤမျှ ထိုင်းမှိုင်းနေသနည်း။-
၁၈ သင်တို့သည်မျက်စိရှိလျက်မမြင်ကြပါ သလော။ နားရှိလျက်မကြားကြပါသလော။-
၁၉ ငါသည်လူငါးထောင်ကိုကျွေးရန်မုန့်ငါးလုံး ဖဲ့ခဲ့သည်ကို သင်တို့သတိမရကြသလော။ ထိုအခါကမုန့်ကျိုးမုန့်ပဲ့များကိုတောင်း မည်မျှအပြည့်ကောက်သိမ်းရကြသနည်း'' ဟု သူတို့အားမေးတော်မူ၏။
တပည့်တော်တို့က ``တစ်ဆယ့်နှစ်တောင်းကောက် သိမ်းရပါသည်'' ဟုပြန်၍လျှောက်ကြ၏။
၂၀ နောက်တစ်ဖန် ကိုယ်တော်က ``ငါသည်လူလေး ထောင်ကိုမုန့်ကျွေးရန် မုန့်ခုနစ်လုံးကိုဖဲ့ခဲ့စဉ် အခါက မုန့်ကျိုးမုန့်ပဲ့များကိုတောင်းမည်မျှ အပြည့် ကောက်သိမ်းရကြသနည်း'' ဟုမေး တော်မူ၏။
တပည့်တော်တို့က ``ခုနစ်တောင်းကောက်သိမ်း ကြပါသည်'' ဟုလျှောက်ကြ၏။
၂၁ ကိုယ်တော်က ``သို့ဖြစ်ပါလျက်သင်တို့သည် ယခု တိုင်အောင်မသိနားမလည်ဘဲရှိနေကြသေး သလော'' ဟုမေးတော်မူ၏။
ဗက်ဇဲဒရွာ၌မျက်မမြင်တစ်ယောက်ကို မျက်စိမြင်စေတော်မူခြင်း
၂၂ ကိုယ်တော်နှင့်တပည့်တော်တို့သည်ဗက်ဇဲဒရွာ သို့ရောက်ကြ၏။ ထိုအခါလူတို့သည်မျက်မမြင် တစ်ယောက်ကိုအထံတော်သို့ခေါ်ခဲ့ပြီးလျှင် ထို သူအားလက်တော်နှင့်တို့ထိတော်မူရန် တောင်းပန်ကြ၏။-
၂၃ ကိုယ်တော်သည်မျက်မမြင်ကိုလက်ဆွဲကာရွာ အပြင်သို့ခေါ်သွားတော်မူ၏။ သူ၏မျက်စိများ ကိုတံတွေးနှင့်ထွေး၍ သူ၏အပေါ်မှာလက်တော် ကိုတင်တော်မူ၏။ ထိုနောက် ``သင်ယခုမျက်စိ မြင်ပြီလော'' ဟုမေးတော်မူ၏။
၂၄ သူသည်မော်ကြည့်ကာ ``အကျွန်ုပ်သည်လူများ ကိုမြင်ရပါသည်။ သို့ရာတွင်သူတို့သည်သစ်ပင် များလမ်းလျှောက်နေသကဲ့သို့ဖြစ်နေပါသည်'' ဟုလျှောက်၏။
၂၅ ထိုအခါကိုယ်တော်သည် ထိုသူ၏မျက်စိများ အပေါ်၌လက်တော်ကိုတင်တော်မူပြန်၏။ ယခု အကြိမ်၌ထိုသူသည်အားစိုက်၍ကြည့်လိုက်ရာ မျက်စိအလင်းကိုပြန်လည်ရရှိသဖြင့် အရာ ခပ်သိမ်းကိုရှင်းလင်းစွာမြင်လေ၏။-
၂၆ ကိုယ်တော်သည်သူ့အား ``ရွာထဲသို့မဝင်နှင့်'' ဟုအမိန့်ပေး၍အိမ်သို့ပြန်စေတော်မူ၏။
သခင်ယေရှုအကြောင်း ပေတရုထုတ်ဖော်ဝန်ခံချက်
(မ၊ ၁၆:၁၃-၂၀။ လု၊ ၉:၁၈-၂၁)
၂၇ သခင်ယေရှုနှင့်တပည့်တော်တို့သည် ကဲသရိ ဖိလိပ္ပုကျေးရွာများသို့သွားကြ၏။ လမ်းတွင် ကိုယ်တော်က ``လူတို့သည်ငါ့ကိုအဘယ်သူ ဖြစ်သည်ဟု ပြောဆိုနေကြသနည်း'' ဟု တပည့်တော်တို့အားမေးတော်မူ၏။-
၂၈ ``လူအချို့ကအရှင်သည်ဗတ္တိဇံဆရာယောဟန် ဖြစ်သည်။ အချို့ကဧလိယဖြစ်သည်။ အချို့က မူပရောဖက်တစ်ပါးဖြစ်သည်ဟူ၍ပြောဆိုကြ ပါသည်'' ဟုတပည့်တော်တို့လျှောက်ထားကြ၏။
၂၉ ထိုအခါကိုယ်တော်က ``သင်တို့ကမူငါ့ကို အဘယ်သူဟုဆိုကြပါသနည်း'' ဟုမေး တော်မူ၏။
ပေတရုက ``အရှင်သည်မေရှိယဖြစ်ပါ သည်'' ဟုဖြေဆိုလျှောက်ထား၏။
၃၀ ထိုအခါကိုယ်တော်က ``ငါမည်သူဖြစ်ကြောင်းကို အဘယ်သူအားမျှမပြောနှင့်'' ဟုတပည့်တော် တို့အားပညတ်တော်မူ၏။
မိမိခံစားရမည့်ဝေဒနာနှင့် အသေခံတော်မူရမည့်အကြောင်းများကို ဖော်ပြတော်မူခြင်း
(မ၊ ၁၆:၂၁-၂၈။ လု၊ ၉:၂၂-၂၇)
၃၁ ကိုယ်တော်က ``လူသားသည်ဒုက္ခဝေဒနာများစွာ ခံတော်မူရမည်။ ဘာသာရေးခေါင်းဆောင်များ၊ ယဇ် ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများ သည်လူသားကိုပစ်ပယ်ကြလိမ့်မည်။ သူသည် အသတ်ခံရမည်။ သို့သော်အသတ်ခံရပြီးနောက် သုံးရက်ကြာသော်ရှင်ပြန်ထမြောက်လိမ့်မည်'' ဟု တပည့်တော်တို့အားသွန်သင်တော်မူ၏။-
၃၂ ဤသွန်သင်ချက်ကိုကိုယ်တော်သည်ပွင့်လင်းစွာ မိန့်ကြားတော်မူသတည်း။ ထို့ကြောင့်ပေတရု သည် ကိုယ်တော်ကိုနေရာတစ်ခုသို့ပင့်ခေါ်ပြီး လျှင်အပြစ်တင်စကားလျှောက်လေသည်။-
၃၃ ကိုယ်တော်သည်တပည့်တော်တို့ကိုလှည့်ကြည့် တော်မူလျက် ပေတရုအား ``အချင်းစာတန်၊ ငါ့ထံမှခွာသွားလော့။ သင်သည်ဘုရားသခင် ၏ရှုထောင့်ကမတွေး၊ လူ၏ရှုထောင့်ကသာ တွေး၏'' ဟုဆုံးမတော်မူ၏။
၃၄ ကိုယ်တော်သည်တပည့်တော်တို့နှင့်ပရိသတ်ကို အထံတော်သို့ခေါ်တော်မူပြီးလျှင် ``ငါ့တပည့် ဖြစ်လိုသူသည်ကိုယ်ကျိုးစွန့်ရမည်။ ကိုယ့် လက်ဝါးကပ်တိုင်ကိုထမ်း၍ငါ့နောက်သို့ လိုက်ရမည်။-
၃၅ မိမိ၏အသက်ကိုကယ်ဆယ်လိုသူသည် အသက်ဆုံးရှုံးရလိမ့်မည်။ ငါ့အတွက်နှင့် နှုတ်ကပတ်တရားတော်အတွက်အသက် ဆုံးရှုံးရသူသည် မိမိ၏အသက်ကိုကယ် ဆယ်လိမ့်မည်။-
၃၆ လူသည်ကမ္ဘာလောကတစ်ခုလုံးကိုအစိုးရ သော်လည်း မိမိ၏အသက်ဝိညာဉ်ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။-
၃၇ မိမိ၏အသက်ဝိညာဉ်ဆုံးရှုံးလျှင် အဘယ် အရာနှင့်ရွေးယူနိုင်မည်နည်း။-
၃၈ ဘုရားတရားမဲ့၍ဆိုးသွမ်းသောဤခေတ်ဤ အခါ၌ မည်သူမဆိုငါနှင့်ငါ၏သြဝါဒ ကြောင့်ရှက်လျှင် လူသားသည်လည်းခမည်းတော် ၏ဘုန်းအသရေကိုဆောင်၍သန့်ရှင်းသော ကောင်းကင်တမန်တို့နှင့်ကြွလာသောအခါ ထိုသူကြောင့်ရှက်တော်မူလတ္တံ့'' ဟုသူတို့ အားမိန့်တော်မူ၏။