ဗတ္တိဇံဆရာယောဟန်၏ ဟောပြောချက်
(မ၊ ၃:၁-၁၂။ မာ၊ ၁:၁-၈။ ယော၊ ၁:၁၉-၂၈)
၃
၁ ဧကရာဇ်မင်းတိဗေရိနန်းစံတစ်ဆယ့်ငါးနှစ် မြောက်သောအခါ ယုဒပြည်တွင်ပုန္တိပိလတ်သည် ဘုရင်ခံဖြစ်၏။ ဂါလိလဲပြည်တွင်ဟေရုဒ်၊ ဣတုရဲ ပြည်နှင့်တရာခေါနိတ်ပြည်တွင်ဟေရုဒ်၏ညီ ဖိလိပ္ပု၊ အဘိလင်ပြည်တွင်လုသာနိတို့သည် အသီးသီးဘုရင်ခံဖြစ်ကြ၏။-
၂ အန္နနှင့်ကယာဖတို့သည်ကားယဇ်ပုရောဟိတ် မင်းများဖြစ်ကြ၏။ ထိုအခါတောကန္တာရ၌ရှိ သောဇာခရိ၏သားယောဟန်သည် ဘုရားသခင် ၏ဗျာဒိတ်တော်ကိုခံရ၏။-
၃ သို့ဖြစ်၍ယောဟန်သည်ယော်ဒန်မြစ်ဝှမ်းတလျှောက် သို့သွားရောက်၍ ``နောင်တရ၍ဗတ္တိဇံကိုခံယူကြ လော့။ သို့မှသာဘုရားသခင်သည်သင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူလိမ့်မည်'' ဟုလူတို့အား ဟောပြော၏။-
၄ ပရောဖက်ဟေရှာယကျမ်းတွင်ပါရှိသည်နှင့် အညီ၊ တောကန္တာရတွင်လူတစ်ယောက်သည် ကြွေး ကြော်လျက်နေသည်မှာ၊
`ကိုယ်တော်ရှင်ကြွတော်မူရာလမ်းကို အသင့်ပြင်ဆင်ကြလော့။
ကိုယ်တော်၏လမ်းကိုဖြောင့်တန်းအောင်ပြုကြလော့။
၅ ချိုင့်ဝှမ်းရှိသမျှကိုဖို့၍တောင်ကြီးတောင်ငယ် အပေါင်းကို ဖြိုရကြမည်။
လမ်းကောက်များကိုဖြောင့်စေ၍လမ်းကြမ်းများကို ချောမောပြေပြစ်စေရမည်။
၆ လူအပေါင်းတို့သည်ဘုရားသခင်၏ကယ်တင်ခြင်း ကျေးဇူးကိုတွေ့မြင်ရကြလတ္တံ့' ဟု
တောကန္တာရတွင်လူတစ်ယောက်သည် ကြွေးကြော်လျက်နေ၏။
၇ ယောဟန်ကမိမိ၏ထံမှဗတ္တိဇံခံယူရန်လာကြ ကုန်သောလူအပေါင်းတို့အား ``အချင်းမြွေဆိုး အမျိုးတို့၊ သက်ရောက်လတ္တံ့သောအမျက်တော်၏ ဘေးမှရှောင်ပြေးရန်သင်တို့အားအဘယ်သူ သတိပေးဘိသနည်း။-
၈ နောင်တနှင့်လျော်ကန်သည့်အကျင့်ကိုကျင့်ကြ လော့။ အာဗြဟံသည်ငါတို့၏အဖဖြစ်သည်ဟု မပြောကြနှင့်။ ဘုရားသခင်သည်ဤကျောက်ခဲ များကိုအာဗြဟံ၏သားသမီးများဖြစ်စေ ရန်ဖန်ဆင်းတော်မူနိုင်သည်ဟုသင်တို့အား ငါဆို၏။-
၉ သစ်ပင်ရင်းတွင်ပုဆိန်ကိုချထားလျက်ရှိသဖြင့် အသီးကောင်းကိုမသီးသောအပင်ဟူသမျှသည် ခုတ်လှဲ၍ မီးထဲသို့ပစ်ချခြင်းခံရလတ္တံ့'' ဟုလူ အပေါင်းတို့အားဆို၏။
၁၀ လူပရိသတ်အပေါင်းတို့က ``ထိုသို့ဖြစ်ပါမူ အကျွန်ုပ်တို့သည်အဘယ်သို့ပြုရပါမည်နည်း'' ဟု မေးလျှောက်၏။
၁၁ ထိုအခါယောဟန်က ``အင်္ကျီနှစ်ထည်ရှိသူသည် အင်္ကျီမရှိသူအားတစ်ထည်ဝေမျှစေ။ စားသောက် စရာရှိသူသည်လည်းထိုနည်းတူဝေမျှစေ'' ဟု ပြန်ပြော၏။
၁၂ အခွန်ခံသူတို့သည်ဗတ္တိဇံကိုခံယူရန်ရောက်လာ ကြ၏။ သူတို့က ``အရှင်၊ အကျွန်ုပ်တို့သည်အဘယ် သို့ပြုရပါမည်နည်း'' ဟုမေးလျှောက်ကြ၏။
၁၃ ယောဟန်က ``သင်တို့သည်တရားဥပဒေရှိ သည်ထက်ပို၍ အခွန်အကောက်မခွဲမခံကြ နှင့်'' ဟုပြန်ပြော၏။
၁၄ စစ်သားများကလည်း ``အကျွန်ုပ်တို့သည်အဘယ် သို့ပြုရပါမည်နည်း'' ဟုမေးလျှောက်ကြ၏။
ယောဟန်က ``သင်တို့သည်အဘယ်သူကိုမျှ မတရားမစွပ်မစွဲကြနှင့်။ အဘယ်သူ့ထံမှ ငွေကိုအဋ္ဌမ္မမတောင်းကြနှင့်။ သင်တို့ရသော လစာဖြင့်ရောင့်ရဲကြလော့'' ဟုပြန်ပြော၏။
၁၅ လူတို့သည်မေရှိယကြွလာတော့မည်ဟုယုံ ကြည်လျက်စောင့်မျှော်နေချိန်ဖြစ်ရာ ``ယောဟန် သည်မေရှိယပင်ဖြစ်လေသလော'' ဟုတွေးတော နေကြ၏။-
၁၆ သို့ဖြစ်၍ယောဟန်က ``ငါသည်သင်တို့အားရေ ဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ သို့ရာတွင်ငါ့ထက် ကြီးမြတ်သူသည်ငါ့နောက်မှပေါ်ထွန်းလိမ့်မည်။ ငါသည်ထိုအရှင်၏ဖိနပ်ကြိုးကိုမျှမဖြေထိုက်။ ထိုအရှင်သည်သင်တို့အားသန့်ရှင်းသောဝိညာဉ် တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်းဗတ္တိဇံ မင်္ဂလာကိုပေးတော်မူလတ္တံ့။-
၁၇ မိမိ၏ကောက်နယ်တလင်းကိုရှင်းလင်းပစ်ရန် လက်တော်တွင်ဆန်ကောကိုကိုင်ထားတော်မူသည် ဖြစ်၍ ဂျုံစပါးများကိုကျီတွင်စုသိမ်း၍အဖျင်း များကိုမူ ငြိမ်းသတ်၍မရနိုင်သောမီးတွင်ကျွမ်း လောင်စေတော်မူလတ္တံ့'' ဟုသူတို့အားဆို၏။
၁၈ ယောဟန်သည်အခြားနှိုးဆော်ချက်များဖြင့် လူတို့အားသတင်းကောင်းကိုဟောပြောကြေ ညာ၏။-
၁၉ သို့ရာတွင်ဟေရုဒ်ဘုရင်သည်မိမိညီဖြစ်သူ၏ ဇနီးဟေရောဒိကိုသိမ်းပိုက်ခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ မိမိကူးလွန်ခဲ့သောအပြစ်အပေါင်း နှင့်ပတ်သက်၍လည်းကောင်းယောဟန်ကသူ့အား ဆုံးမခဲ့၏။-
၂၀ ထိုနောက်ယောဟန်ကိုထောင်ထဲတွင်ချုပ်နှောင်ထား စေခြင်းဖြင့် ဟေရုဒ်သည်ကူးလွန်ပြီးခဲ့သည့် အပြစ်အပေါင်းတို့ထက်ဆိုးရွားသောအပြစ် ကိုကူးလွန်လေသည်။
သခင်ယေရှုဗတ္တိဇံခံယူတော်မူခြင်း
(မ၊ ၃:၁၃-၁၇။ မာ၊ ၁:၉-၁၁)
၂၁ လူအပေါင်းတို့သည်ဗတ္တိဇံမင်္ဂလာကိုခံယူကြပြီး သောအခါ သခင်ယေရှုသည်လည်းဗတ္တိဇံမင်္ဂလာ ကိုခံယူတော်မူ၏။ ကိုယ်တော်သည်ဆုတောင်း ပတ္ထနာပြုလျက်နေတော်မူစဉ်ကောင်းကင် ပွင့်ဟ၍၊-
၂၂ သန့်ရှင်းသောဝိညာဉ်တော်သည်ချိုးငှက်အသွင် ဖြင့် ကိုယ်ခန္ဓာပုံသဏ္ဌာန်ထင်ရှားစွာဖြင့်ကိုယ်တော် ၏အပေါ်သို့ဆင်းသက်တော်မူ၏။ မိုးကောင်းကင် မှ ``သင်ကားငါနှစ်သက်မြတ်နိုးရာငါ၏ချစ် သားပေတည်း'' ဟုအသံတော်ထွက်ပေါ်လာ၏။
ဆွေတော်စဉ်မျိုးတော်ဆက်
(မ၊ ၁:၁-၁၇)
၂၃ အမှုတော်စတင်ဆောင်ရွက်ချိန်၌သခင်ယေရှု သည်အသက်သုံးဆယ်ခန့်ရှိတော်မူ၏။ လူတို့ထင် မြင်ယူဆချက်အရကိုယ်တော်သည်ယောသပ်၏ သားဖြစ်၏။ ယောသပ်သည်ဧလိ၏သားတည်း။-
၂၄ ဧလိကားမဿတ်၏သား၊ မဿတ်ကားလေဝိ၏ သား၊ လေဝိကားမေလခိ၏သား၊ မေလခိကား ယန္န၏သား၊ ယန္နကားယောသပ်၏သားဖြစ်၏။-
၂၅ ယောသပ်သည်မတ္တသိ၏သား၊ မတ္တသိသည်အာမုတ် ၏သား၊ အာမုတ်သည်နာဟုံ၏သား၊ နာဟုံသည် ဧသလိ၏သား၊ ဧသလိသည်န္ဂဲ၏သား၊ န္ဂဲ သည်မာအတ်၏သားဖြစ်၏။-
၂၆ မာအတ်ကားမတ္တသိ၏သား၊ မတ္တသိကားရှေမိ၏ သား၊ ရှေမိကားယောသပ်၏သား၊ ယောသပ်ကား ယုဒ၏သား၊ ယုဒကားယောဟန္န၏သားဖြစ်၏။-
၂၇ ယောဟန္နသည်ရေသ၏သား၊ ရေသသည်ဇေရုဗ ဗေလ၏သား၊ ဇေရုဗဗေလသည်ရှာလသေလ ၏သား၊ ရှာလသေလသည်နေရိ၏သား၊ နေရိသည် မေလခိ၏သား၊ မေလခိသည်အဒ္ဒိ၏သားဖြစ်၏။-
၂၈ အဒ္ဒိကားကောသံ၏သား၊ ကောသံကားဧလ မောဒံ၏သား၊ ဧလမောဒံကားဧရ၏သား ဖြစ်၏။-
၂၉ ဧရသည်ယောရှု၏သား၊ ယောရှုသည်ဧလျေဇာ ၏သား၊ ဧလျေဇာသည်ယောရိမ်၏သား၊ ယောရိမ် သည်မဿတ်၏သား၊ မဿတ်သည်လေဝိ၏သား ဖြစ်၏။-
၃၀ လေဝိကားရှိမောင်၏သား၊ ရှိမောင်ကားယုဒ၏သား၊ ယုဒကားယောသပ်၏သား၊ ယောသပ်ကားယောနန် ၏သား၊ ယောနန်ကားဧလျာကိမ်၏သားဖြစ်၏။-
၃၁ ဧလျာကိမ်သည်မေလေ၏သား၊ မေလေသည်မဲနန်၏ သား၊ မဲနန်သည်မတ္တသ၏သား၊ မတ္တသသည်နာသန်၏ သား၊ နာသန်သည်ဒါဝိဒ်၏သားဖြစ်၏။-
၃၂ ဒါဝိဒ်ကားယေရှဲ၏သား၊ ယေရှဲကားသြဗက်၏သား၊ သြဗက်ကားဗောဇ၏သား၊ ဗောဇကားစာလမုန်၏ သား၊ စာလမုန်ကားနာရှုန်၏သားဖြစ်၏။-
၃၃ နာရှုန်သည်အမိနဒပ်၏သား၊ အမိနဒပ်သည် အဒ်မိန်၏သား၊ အဒ်မိန်သည်အာရံနိ၏သား၊ အာရံနိသည်ဟေဇရုံ၏သား၊ ဟေဇရုံသည် ဖာရက်၏သား၊ ဖာရက်သည်ယုဒ၏သားဖြစ်၏။-
၃၄ ယုဒကားယာကုပ်၏သား၊ ယာကုပ်ကားဣဇာက်၏ သား၊ ဣဇာက်ကားအာဗြဟံ၏သား၊ အာဗြဟံ ကားတေရ၏သား၊ တေရကားနာခေါ်၏သား ဖြစ်၏။-
၃၅ နာခေါ်သည်စေရောက်၏သား၊ စေရောက်သည် ရာဂေါ၏သား၊ ရာဂေါသည်ဖာလက်၏သား၊ ဖာလက်သည်ဟေဗာ၏သား၊ ဟေဗာသည် ရှာလ၏သားဖြစ်၏။-
၃၆ ရှာလကားကာဣနန်၏သား၊ ကာဣနန်ကား အာဖာဇဒ်၏သား၊ အာဖာဇဒ်ကားရှေမ၏ သား၊ ရှေမကားနောဧ၏သား၊ နောဧကား လာမက်၏သားဖြစ်၏။-
၃၇ လာမက်သည်မသုရှလ၏သား၊ မသုရှလသည် ဧနောက်၏သား၊ ဧနောက်သည်ယာရက်၏သား၊ ယာရက်သည်မဟာလေလ၏သား၊ မဟာ လေလသည်ကာဣနန်၏သားဖြစ်၏။-
၃၈ ကာဣနန်ကားဧနုတ်၏သား၊ ဧနုတ်ကားရှေသ၏ သား၊ ရှေသသည်ကားအာဒံ၏သား၊ အာဒံကား ဘုရားသခင်၏သားဖြစ်သတည်း။