နောင်တမရလျှင်သေကြေပျက်စီးရလိမ့်မည်
၁၃
၁ ထိုအချိန်၌လူအချို့တို့သည်ကိုယ်တော် ၏ထံသို့လာ၍ ပိလတ်မင်းသတ်ဖြတ်လိုက် သည့်ဂါလိလဲအမျိုးသားများအကြောင်း ကိုလျှောက်ထားကြ၏။ ထိုသူတို့သည်ယဇ် ပူဇော်လျက်ရှိနေစဉ်သတ်ဖြတ်ခြင်းကို ခံခဲ့ရကြ၏။-
၂ ကိုယ်တော်က ``ထိုလူစုသည်ယင်းသို့အသတ် ခံရသဖြင့်အခြားဂါလိလဲအမျိုးသား အပေါင်းတို့ထက်ပို၍ အပြစ်ကူးသူများ ဖြစ်သည်ဟုသင်တို့ထင်မှတ်ကြသလော။ သူ တို့ကားပို၍အပြစ်ကူးသူများမဟုတ် ဟုသင်တို့အားငါဆို၏။-
၃ သို့ရာတွင်သင်တို့သည်လည်းနောင်တမရ ကြလျှင် ထိုသူတို့နည်းတူသေကျေပျက်စီး ရလိမ့်မည်။-
၄ ရှိလောင်မျှော်စင်ပြိုကျသဖြင့် ပိ၍သေသူ လူတစ်ဆယ့်ရှစ်ယောက်တို့သည် အခြားယေရု ရှလင်မြို့သူမြို့သားများထက်ပို၍အပြစ် ကူးသူများဖြစ်သည်ဟု သင်တို့ထင်မှတ် ကြသလော။-
၅ သူတို့ကားပို၍အပြစ်ကူးသူများမဟုတ် ဟုသင်တို့အားငါဆို၏။ သို့ရာတွင်သင်တို့ သည်လည်းနောင်တမရကြလျှင် ထိုသူတို့ နည်းတူသေကျေပျက်စီးရလိမ့်မည်'' ဟု မိန့်တော်မူ၏။
အသီးမသီးသည့်သင်္ဘောသဖန်းပင်ပုံဥပမာ
၆ ကိုယ်တော်သည်လူအပေါင်းတို့အားပုံဥပမာ ဆောင်၍ ``လူတစ်ယောက်၏စပျစ်ဥယျာဉ်ထဲ တွင် စိုက်ပျိုးထားသောသင်္ဘောသဖန်းပင်တစ် ပင်ရှိ၏။ ဥယျာဉ်ရှင်သည်သဖန်းပင်ကိုလာ၍ သဖန်းသီးရှာသော်လည်းတစ်လုံးမျှမတွေ့ရ။-
၇ ဥယျာဉ်ရှင်က `ငါသည်ဤသဖန်းပင်ကိုလာ၍ သဖန်းသီးရှာသည်မှာသုံးနှစ်ရှိချေပြီ။ သို့ရာ တွင်တစ်လုံးမျှမတွေ့ရ။ ဤသဖန်းပင်ကိုခုတ် ပစ်လော့။ အဘယ်ကြောင့်မြေကိုအကျိုးမဲ့ ဖြစ်စေမည်နည်း' ဟုဥယျာဉ်မှူးအားဆို၏။-
၈ ဥယျာဉ်မှူးက `ထိုအပင်ကိုဤနှစ်တစ်နှစ် ထားပါဦး။ အပင်ရင်းပတ်လည်ကိုအကျွန်ုပ် တူးဆွ၍မြေသြဇာထည့်ပါဦးမည်။-
၉ နောင်နှစ်ခါအသီးသီးကောင်းသီးပါလိမ့်မည်။ အကယ်၍အသီးမသီးခဲ့သော်ခုတ်ပစ်ပါ' ဟု ပြန်၍လျှောက်သည်'' ဟုမိန့်တော်မူ၏။
မသန်မစွမ်းသူအမျိုးသမီးကိုဥပုသ်နေ့၌ သန်စွမ်းစေတော်မူခြင်း
၁၀-၁၁ ဥပုသ်နေ့တစ်နေ့၌ကိုယ်တော်ဟောပြောသွန် သင်လျက်နေတော်မူရာ တရားဇရပ်တွင်တစ် ဆယ့်ရှစ်နှစ်ပတ်လုံးနတ်မိစ္ဆာပူးဝင်သဖြင့် မသန်မစွမ်းဖြစ်လျက်နေသောအမျိုးသမီး တစ်ယောက်ရှိ၏။ သူသည်ကျောကုန်း၍မိမိ ၏ခါးကိုလုံးဝမဆန့်နိုင်။-
၁၂ သခင်ယေရှုသည်ထိုအမျိုးသမီးကိုမြင် သောအခါ အထံတော်သို့ခေါ်တော်မူလျက် ``အချင်းအမျိုးသမီးသင့်ရောဂါပျောက် ပြီ'' ဟုမိန့်တော်မူ၏။-
၁၃ သူ၏အပေါ်မှာလက်တော်ကိုတင်တော်မူ သဖြင့် သူသည်ချက်ချင်းပင်ခါးဆန့်သွား၍ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးကူး လေ၏။
၁၄ ထိုအခါယင်းသို့ဥပုသ်နေ့၌အနာရောဂါကို သခင်ယေရှုပျောက်ကင်းစေတော်မူသဖြင့် တရား ဇရပ်မှူးသည်စိတ်ဆိုးလျက် ``အလုပ်လုပ်အပ် သောရက်ခြောက်ရက်ရှိ၏။ ထိုရက်များတွင်လာ၍ ရောဂါပျောက်အောင်အကုခံကြလော့။ ဥပုသ် နေ့၌မူကားလာ၍အကုမခံကြနှင့်'' ဟုလူ ပရိသတ်တို့အားဆို၏။
၁၅ သခင်ဘုရားက ``ကြောင်သူတော်တို့၊ သင်တို့ရှိ သမျှသည်ဥပုသ်နေ့၌သင်တို့၏မြည်းများ၊ နွားများအားတင်းကုတ်မှကြိုးကိုဖြေ၍ ရေ တိုက်ရန်ခေါ်ဆောင်သွားတတ်ကြသည်မဟုတ် လော။-
၁၆ အာဗြဟံ၏သမီးဖြစ်သူဤအမျိုးသမီး သည် တစ်ဆယ့်ရှစ်နှစ်ပတ်လုံးစာတန်၏အနှောင် အဖွဲ့ကိုခံခဲ့ရ၏။ သူ့အားဥပုသ်နေ့၌ထို အနှောင်အဖွဲ့မှမလွှတ်အပ်သလော'' ဟုမိန့် တော်မူ၏။-
၁၇ ဤသို့မိန့်တော်မူလိုက်သောအခါကိုယ်တော် ကိုရန်ဘက်ပြုသူများသည်အရှက်ရသွား ကြ၏။ လူပရိသတ်အပေါင်းတို့သည်ကား ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာ များကြောင့်ရွှင်လန်းဝမ်းမြောက်ကြ၏။
မုန်ညင်းစေ့ပုံဥပမာ
(မ၊ ၁၃:၃၁-၃၂။ မာ၊ ၄:၃၀-၃၂)
၁၈ သခင်ယေရှုက ``ဘုရားသခင်၏နိုင်ငံတော် သည်အဘယ်အရာနှင့်တူသနည်း။ အဘယ် အရာနှင့်နှိုင်းယှဉ်ရမည်နည်း။-
၁၉ နိုင်ငံတော်သည်ဤဖြစ်ပျက်ပုံနှင့်တူ၏။ မုန် ညင်းစေ့ကိုလူတစ်ယောက်သည်ယူ၍မိမိ၏ ဥယျာဉ်တွင်စိုက်၏။ ထိုအစေ့မှအပင်ပေါက် ၍ကြီးမားလာသဖြင့် ထိုအပင်၏အကိုင်း အခက်များတွင်ငှက်များနားနေရကြ၏'' ဟုမိန့်တော်မူ၏။
တဆေးပုံဥပမာ
(မ၊ ၁၃:၃၃)
၂၀ တစ်ဖန်ကိုယ်တော်က ``ဘုရားသခင်၏နိုင်ငံ တော်ကိုအဘယ်အရာနှင့်နှိုင်းယှဉ်ရမည်နည်း။-
၂၁ နိုင်ငံတော်သည်ဤဖြစ်ပျက်ပုံနှင့်တူ၏။ တဆေး ကိုအမျိုးသမီးတစ်ယောက်သည်ယူပြီးလျှင် မုန့်ညက်သုံးစိတ်တွင်ထည့်၍မုန့်ညက်အားလုံး ကိုဖောင်းကြွလာစေသည်'' ဟုမိန့်တော်မူ၏။
ကျဉ်းမြောင်းသောတံခါးပေါက်
(မ၊ ၇:၁၃-၁၄၊ ၂၁-၂၃)
၂၂ ကိုယ်တော်သည်ယေရုရှလင်မြို့သို့ခရီးပြု တော်မူရာလမ်းတွင်ဟောပြောသွန်သင်လျက် တစ်မြို့မှတစ်မြို့၊ တစ်ရွာမှတစ်ရွာကိုဖြတ် ၍ကြွတော်မူ၏။-
၂၃ လူတစ်ယောက်က ``အရှင်၊ ကယ်တင်ခြင်းခံရ သူများသည်အရေအတွက်အားဖြင့်နည်းပါ သလော'' ဟုမေးလျှောက်၏။
၂၄ ကိုယ်တော်က ``သင်တို့သည်ကျဉ်းမြောင်းသော တံခါးပေါက်ကိုဝင်ရန်ကြိုးစားအားထုတ်ကြ လော့။ လူအများပင်ထိုတံခါးပေါက်ကိုဝင်ရန် ကြိုးစားကြလိမ့်မည်။ သို့သော်ဝင်နိုင်စွမ်းရှိကြ လိမ့်မည်မဟုတ်ဟုသင်တို့အားငါဆို၏။-
၂၅ အိမ်ရှင်သည်ထလျက်တံခါးကိုပိတ်လိုက်၍ သင် တို့သည်အိမ်ပြင်မှာရောက်ရှိနေရသောအဖြစ် နှင့်တွေ့ကြုံလိမ့်မည်။ ထိုအခါသင်တို့က `အရှင်၊ အရှင်၊ အကျွန်ုပ်တို့အားတံခါးကိုဖွင့်ပေးတော် မူပါ' ဟုဆို၍တံခါးကိုခေါက်သော်လည်း အိမ်ရှင်က `သင်တို့အဘယ်မှလာသည်ကိုငါ မသိ' ဟုဆိုလိမ့်မည်။-
၂၆ ထိုအခါသင်တို့က `အကျွန်ုပ်တို့သည်အရှင် နှင့်အတူစားသောက်ခဲ့သူများဖြစ်ပါ၏။ အရှင် သည်အကျွန်ုပ်တို့၏မြို့ရွာတွင်ဟောပြောသွန်သင် ခဲ့ပါ၏' ဟုလျှောက်ကြလိမ့်မည်။-
၂၇ သို့သော်လည်းအိမ်ရှင်က `သင်တို့အဘယ်မှလာ သည်ကိုငါမသိ။ ဆိုးညစ်သောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့' ဟူ၍ပြန်ပြောပေအံ့။-
၂၈ သင်တို့သည်ဘုရားသခင်၏နိုင်ငံတော်ထဲတွင် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်ပရောဖက်အပေါင်း တို့ရောက်ရှိကြသည်ကိုမြင်လျက် မိမိတို့ကိုယ် တိုင်ကမူနိုင်ငံတော်၏ပြင်ပသို့နှင်ထုတ်ခြင်း ခံရကြသောအခါအဘယ်မျှငိုကြွေးမြည် တမ်းခြင်း၊ အံသွားကြိတ်ခြင်းရှိကြလိမ့်မည်နည်း။-
၂၉ လူတို့သည်အရှေ့အနောက်တောင်မြောက်အရပ် လေးမျက်နှာမှလာကြပြီးလျှင် ဘုရားသခင် ၏နိုင်ငံတော်ပွဲတွင်ဝင်ကြလိမ့်မည်။-
၃၀ ထိုအခါ၌ယခုနောက်ဆုံးသို့ရောက်နေသော သူတို့သည် ရှေ့ဆုံးသို့ရောက်ကြလိမ့်မည်။ ယခု ရှေ့ဆုံးသို့ရောက်နေသူတို့သည် နောက်ဆုံးသို့ရောက် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ယေရုရှလင်မြို့အပေါ် သခင်ယေရှုထားတော်မူသောမေတ္တာ
(မ၊ ၂၃:၃၇-၃၉)
၃၁ ထိုအချိန်၌ဖာရိရှဲအချို့တို့သည်ကိုယ်တော် ၏ထံကိုလာပြီးလျှင် ``ဤအရပ်မှထွက်ခွာ၍ အခြားအရပ်သို့ကြွတော်မူပါ။ ဟေရုဒ်မင်း သည်အရှင့်အားသတ်ရန်အကြံရှိပါ၏'' ဟု လျှောက်ကြ၏။
၃၂ ကိုယ်တော်က ``ငါသည်ယနေ့နှင့်နက်ဖြန်နေ့တို့၌ နတ်မိစ္ဆာများကိုနှင်ထုတ်၍ အနာရောဂါများကို ပျောက်ကင်းစေမည်။ တတိယနေ့တွင်မူငါ၏ အလုပ်ကိုအဆုံးသတ်မည်ဖြစ်ကြောင်းကိုထို မြေခွေးကိုပြောကြလော့။-
၃၃ သို့ရာတွင်ယနေ့၊ နက်ဖြန်နေ့၊ နောက်တစ်နေ့၌ ငါခရီးပြုရဦးမည်။ ပရောဖက်ဟူသည်ယေရု ရှလင်မြို့မှအပအခြားအရပ်တွင်အသတ် ခံရန်မသင့်။
၃၄ ``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်သော တမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မသည် ကြက်ကလေးများကိုမိမိ၏အတောင်အောက် တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင်၏သား သမီးများကိုစုသိမ်းထားလိုသည်မှာကြိမ်ဖန် များလှလေပြီ။ သို့ရာတွင်သင်မူကားငါ့ကို ဤသို့မပြုစေလို။-
၃၅ သို့ဖြစ်၍သင်၏ဗိမာန်တော်ကိုဘုရားသခင် စွန့်တော်မူလိမ့်မည်။ သင့်အားငါဆိုသည်ကား `ဘုရားသခင်၏နာမတော်နှင့်ကြွလာတော် မူသောအရှင်သည်မင်္ဂလာရှိစေသတည်း' ဟု သင်မြွက်ဆိုရာနေ့မတိုင်မီသင်သည်ငါ့ကို မြင်ရလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။