တပည့်တော်ခုနစ်ဆယ့်နှစ်ဦးတို့ကို စေလွှတ်တော်မူခြင်း
၁၀
၁ ထိုနောက်သခင်ဘုရားသည်အခြားသော တပည့်တော်ခုနစ်ဆယ့်နှစ်ဦးတို့ကိုရွေးချယ် ၍နှစ်ယောက်စီတွဲဖက်စေလျက် ကိုယ်တော်တိုင် ကြွတော်မူမည့်မြို့ရွာအသီးသီးသို့သွား နှင့်ရန်စေလွှတ်တော်မူ၏။-
၂ ကိုယ်တော်က ``ရိတ်သိမ်းရန်စပါးများစွာရှိ၏။ သို့ရာတွင်ကောက်ရိတ်သူများကားနည်းလှ၏။ သို့ဖြစ်၍ကောက်ရိတ်သမားများပိုမိုစေလွှတ် ပေးရန်စပါးရှင်အားဆုတောင်းကြလော့။-
၃ သွားကြ၊ ဝံပုလွေစုထဲသို့သိုးသူငယ်များအား စေလွှတ်သကဲ့သို့သင်တို့အားငါစေလွှတ်၏။-
၄ သင်တို့သည်ပိုက်ဆံအိတ်၊ လွယ်အိတ်၊ ဖိနပ်တို့ကို ယူမသွားကြနှင့်။ လမ်းမှာရပ်၍မည်သူ့ကိုမျှ နှုတ်မဆက်ကြနှင့်။-
၅ သင်တို့မည်သည့်အိမ်သို့မဆိုဝင်သောအခါ ``ဤ အိမ်၌ငြိမ်သက်ခြင်းရှိပါစေ'' ဟုဦးစွာမေတ္တာ ပို့ကြလော့။-
၆ ထိုအိမ်တွင်ငြိမ်သက်မှုကိုလိုလားသူရှိလျှင် သင်တို့ပို့သသည့်မေတ္တာကိုထိုသူခံစားရ လိမ့်မည်။ ထိုသို့သောသူတစ်စုံတစ်ယောက်မျှ မရှိပါမူသင်တို့ပို့သည့်မေတ္တာသည်သင်တို့ ၏ထံသို့ပြန်လာလိမ့်မည်။-
၇ သင်တို့သည်ထိုအိမ်မှာနေ၍အိမ်ရှင်ကျွေးမွေး သည်တို့ကိုစားသောက်ကြလော့။ အဘယ်ကြောင့် ဆိုသော်အလုပ်သမားသည်အခကိုခံစား ထိုက်သောကြောင့်ဖြစ်၏။ အိမ်တစ်အိမ်မှအခြား တစ်အိမ်သို့မပြောင်းမရွှေ့ကြနှင့်။-
၈ သင်တို့အားကြိုဆိုလက်ခံသောမြို့တွင်သင် တို့အားကျွေးမွေးသမျှတို့ကိုစားကြလော့။-
၉ ထိုမြို့ရှိသူနာများကိုရောဂါပျောက်ကင်းစေ ကြလော့။ ထိုနောက်သူတို့တွင်ဘုရားသခင်၏ နိုင်ငံတော်တည်ချိန်နီးပြီဖြစ်ကြောင်းပြော ကြားကြလော့။-
၁၀ သင်တို့ကိုမကြိုဆိုလက်မခံသောမြို့တွင် လမ်းများပေါ်သို့ထွက်၍ ဤသို့ပြောကြလော့၊-
၁၁ `သင်တို့အားသတိပေးသည့်အနေဖြင့်ငါတို့ ခြေတွင်ကပ်သည့်သင်တို့မြို့ကမြေမှုန့်ကိုငါ တို့ခါချ၏။ သို့ရာတွင်ဘုရားသခင်၏နိုင်ငံ တော်သည်သင်တို့၏အနီးသို့ရောက်ရှိပြီဖြစ် ကြောင်းကိုသိမှတ်ကြလော့၊-'
၁၂ ငါဆိုသည်ကားတရားစီရင်တော်မူရာနေ့၌ ဘုရားသခင်သည်ထိုမြို့ထက်ပို၍သောဒုံ မြို့အားကရုဏာထားတော်မူလိမ့်မည်။''
မယုံကြည်ကြသည့်မြို့များ
(မ၊ ၁၁:၂၀-၂၄)
၁၃ ``အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့၊ သင်သည်လည်းအမင်္ဂလာရှိ၏။ သင်တို့တွင်ပြုခဲ့သည့်အံ့ဖွယ်အမှုအရာများ ကိုတုရုနှင့်ဇိဒုံမြို့တွင်သာပြုခဲ့ပါမူ ထိုမြို့ တို့သည်ရှေးမဆွကပင်လျှော်တေကိုဝတ်၍ ပြာ ထဲမှာထိုင်လျက်နောင်တရပြီးဖြစ်လိမ့်မည်။-
၁၄ ဘုရားသခင်သည်တရားစီရင်တော်မူရာ ကာလ၌ သင်တို့ထက်ပို၍တုရုနှင့်ဇိဒုံမြို့ တို့အားကရုဏာထားတော်မူပေအံ့။-
၁၅ အို ကပေရနောင်မြို့၊ သင်သည်ကောင်းကင်ဘုံ တိုင်အောင်မြှောက်စားခြင်းကိုခံလိုသလော။ မရဏာနိုင်ငံအထိနှိမ့်ချခြင်းခံရလတ္တံ့'' ဟုမိန့်တော်မူ၏။
၁၆ သခင်ယေရှုသည်တပည့်တော်တို့အား ``သင်တို့ ၏စကားကိုနားထောင်သူသည်ငါ့စကားကို နားထောင်၏။ သင်တို့ကိုပစ်ပယ်သူသည်ငါ့ကို ပစ်ပယ်၏။ ငါ့ကိုပစ်ပယ်သူသည်ငါ့ကိုစေလွှတ် တော်မူသောအရှင်ကိုပစ်ပယ်သည်'' ဟုမိန့် တော်မူ၏။
တပည့်တော်ခုနစ်ဆယ့်နှစ်ဦးတို့ ပြန်လည်ရောက်ရှိလာကြခြင်း
၁၇ ခုနစ်ဆယ့်နှစ်ဦးသောတပည့်တော်တို့သည် အလွန် ဝမ်းမြောက်ရွှင်လန်းစွာပြန်လည်ရောက်ရှိလာကြ လျက် ``အရှင်၊ အကျွန်ုပ်တို့သည်ကိုယ်တော်၏နာမ တော်အားဖြင့် နတ်မိစ္ဆာများပင်နှိမ်နင်းခဲ့ပါသည်'' ဟု လျှောက်ကြ၏။
၁၈ ကိုယ်တော်က ``ကောင်းကင်မှလျှပ်စစ်ကျသကဲ့ သို့စာတန်ကျသည်ကိုငါမြင်ရ၏။-
၁၉ မြွေဆိုးများ၊ ကင်းမြီးကောက်များအပေါ်မှာ နင်းသွား၍ စာတန်၌ရှိသမျှသောတန်ခိုးကို နှိမ်နင်းနိုင်သည့်အာဏာကိုသင်တို့အားငါပေး အပ်ထားပြီ။ အဘယ်ဘေးမျှသင်တို့၌မရောက်ရ။-
၂၀ သို့ရာတွင်သင်တို့သည်နတ်မိစ္ဆာများကိုနှိမ်နင်းနိုင် သည့်အတွက်ဝမ်းမမြောက်ကြနှင့်။ ကောင်းကင်ဘုံ တွင်သင်တို့၏နာမည်များစာရင်းဝင်ပြီးဖြစ်သည့် အတွက်သာလျှင်ဝမ်းမြောက်ကြလော့'' ဟုမိန့် တော်မူ၏။
ကိုယ်တော်ရွှင်လန်းဝမ်းမြောက်တော်မူခြင်း
(မ၊ ၁၁:၂၅-၂၇၊ ၁၃:၁၆-၁၇)
၂၁ ထိုအခါသန့်ရှင်းသောဝိညာဉ်တော်သည် ကိုယ်တော်အားရွှင်လန်းဝမ်းမြောက်စေတော်မူ သဖြင့်ကိုယ်တော်က ``မိုးမြေကိုအစိုးရတော်မူ သောအဖ၊ ကိုယ်တော်သည်အသိပညာရှင်များမှ ထိမ်ဝှက်ထားတော်မူသောအကြောင်းအရာများ ကို ပညာမဲ့သူများအားဖွင့်ပြတော်မူသော ကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ အဖ ခမည်းတော်၊ ဤသို့ဖြစ်ရခြင်းမှာကိုယ်တော် လိုလားတော်မူသည်အတိုင်းဖြစ်ပါ၏။
၂၂ ``ငါ့ခမည်းတော်သည်ခပ်သိမ်းသောအရာတို့ ကိုငါ့အားပေးအပ်တော်မူပြီ။ သားတော်သည် အဘယ်သူဖြစ်ကြောင်းကိုခမည်းတော်မှ တစ်ပါးမည်သူမျှမသိ။ ခမည်းတော်သည် အဘယ်သူဖြစ်ကြောင်းကိုလည်းသားတော် နှင့်သားတော်ဖွင့်ပြလိုသူများမှတစ်ပါး မည်သူမျှမသိ'' ဟုမိန့်တော်မူ၏။
၂၃ ထိုနောက်ကိုယ်တော်သည်တပည့်တော်တို့ဘက်သို့ လှည့်၍ ``ယခုမြင်သမျှသောအရာတို့ကိုသင် တို့မြင်သောကြောင့်သင်တို့မျက်စိသည်မင်္ဂလာ ရှိ၏။-
၂၄ သင်တို့အားငါဆိုသည်ကားသင်တို့မြင်ရသည့် အရာများကိုပရောဖက်များ၊ ရှင်ဘုရင်များ မြင်လိုကြသော်လည်းမမြင်ရကြ၊ သင်တို့ကြား ရသည့်အရာများကိုကြားလိုသော်လည်းမ ကြားရကြ'' ဟုမိန့်တော်မူသည်။
သနားကြင်နာတတ်သောရှမာရိအမျိုးသား ပုံဥပမာ
၂၅ ကျမ်းတတ်ဆရာတစ်ယောက်သည်အထံတော် သို့လာ၍ ``ဆရာတော်၊ အကျွန်ုပ်သည်ထာဝရ အသက်ကိုရအံ့သောငှာအဘယ်သို့ပြုရ ပါမည်နည်း'' ဟုကိုယ်တော်အားပညာစမ်း လိုသဖြင့်မေးလျှောက်၏။
၂၆ ကိုယ်တော်က ``ပညတ္တိကျမ်းတွင်အဘယ်သို့ ဖော်ပြထားသနည်း။ သင်အဘယ်သို့ဖတ်ဖူး သနည်း'' ဟုမေးတော်မူလျှင်၊
၂၇ ထိုသူက ``သင်၏ဘုရားသခင်ထာဝရဘုရား ကိုစိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှနှင့်ချစ်လော့။ သင်၏အိမ်နီးချင်းကိုကိုယ် နှင့်အမျှချစ်လော့ဟုပါရှိပါသည်'' ဟူ၍ လျှောက်၏။
၂၈ ကိုယ်တော်က ``သင်၏အဖြေသည်မှန်ပေ၏။ ဤ အတိုင်းပြုလျှင်သင်သည်ထာဝရအသက်ကို ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
၂၉ ထိုသူသည်မိမိ၏ပညာကိုဖော်ပြလို သဖြင့် ``အဘယ်သူသည်အကျွန်ုပ်၏အိမ် နီးချင်းဖြစ်ပါသနည်း'' ဟုမေးမြန်း၏။
၃၀ ထိုအခါသခင်ယေရှုက ``လူတစ်ယောက်သည် ယေရုရှလင်မြို့မှယေရိခေါမြို့ကိုသွားရာ လမ်းတွင်ဋ္ဌားပြများနှင့်တွေ့၏။ ဋ္ဌားပြတို့သည် ထိုသူ၏အဝတ်များကိုချွတ်ယူကြ၏။ ထိုနောက် သူ့ကိုရိုက်နှက်၍သေလုနီးပါးရှိသောအခါ ပစ်ထားခဲ့ကြ၏။-
၃၁ ယဇ်ပုရောဟိတ်တစ်ပါးသည်ထိုလမ်းအတိုင်း ခရီးပြုလာစဉ်ထိုသူကိုမြင်၏။ သို့ရာတွင် သူသည်ရှောင်ကွင်း၍သွား၏။-
၃၂ ထိုနည်းတူလေဝိအနွယ်ဝင်တစ်ယောက်သည်ထို နေရာသို့ရောက်လာ၏။ သူသည်လည်းလူနာကို လာကြည့်ပြီးလျှင်ရှောင်ကွင်း၍သွားလေ၏။-
၃၃ သို့ရာတွင်ရှမာရိအမျိုးသားတစ်ယောက်သည် ခရီးပြုလာစဉ်သူနာရှိရာသို့ရောက်လာသော် သူနာကိုမြင်၍သနားကြင်နာစိတ်ရှိသဖြင့်၊-
၃၄ သူနာ၏ထံသို့ချဉ်းကပ်ပြီးလျှင် သူနာ၏ဒဏ် ရာများကိုဆီနှင့်စပျစ်ရည်လိမ်းကျံ၍အဝတ် ဖြင့်စည်းပေး၏။ ထိုနောက်မိမိမြည်းပေါ်မှာ သူနာကိုတင်လျက်တည်းခိုရိပ်သာသို့ဆောင် သွား၍ပြုစုလေ၏။-
၃၅ နောက်တစ်နေ့၌တည်းခိုရိပ်သာမှထွက်ခွာချိန် တွင်သူသည်ဒေနာရိဒင်္ဂါးနှစ်ပြားကိုထုတ်၍ တည်းခိုရိပ်သာပိုင်ရှင်အားပေးပြီးလျှင် `ဤ သူနာကိုကြည့်ရှုပြုစုပါ။ နောက်ထပ်ကုန်ကျ သမျှကိုအကျွန်ုပ်ပြန်လာသောအခါပေး ပါမည်' ဟုပြော၏။
၃၆ ထိုသူသုံးယောက်တို့အနက်အဘယ်သူသည် ဋ္ဌားပြဘေးနှင့်တွေ့ရသူ၏အိမ်နီးချင်းဖြစ် မည်ဟုသင်ထင်သနည်း'' ဟုမေးတော်မူ၏။
၃၇ ကျမ်းတတ်ဆရာက ``သူနာအားသနားကြင်နာ စွာပြုစုသူဖြစ်ပါသည်'' ဟုလျှောက်လျှင်၊
သခင်ယေရှုက ``သင်သည်သွား၍ထိုနည်းတူ ပြုလော့'' ဟုမိန့်တော်မူ၏။
မာသနှင့်မာရိတို့၏အိမ်သို့ကြွတော်မူခြင်း
၃၈ သခင်ယေရှုနှင့်တပည့်တော်တို့သည်ခရီးသွား ကြစဉ်ရွာတစ်ရွာသို့ရောက်ကြ၏။ ထိုရွာရှိမာသ နာမည်ရှိသောအမျိုးသမီးသည်မိမိ၏အိမ်တွင် ကိုယ်တော်ကိုကြိုဆိုဧည့်ခံ၏။-
၃၉ မာသမှာမာရိနာမည်ရှိသောညီမတစ်ယောက် ရှိ၏။ သူသည်သခင်ယေရှု၏ခြေတော်ရင်းမှာ ထိုင်၍တရားတော်ကိုကြားနာလျက်နေ၏။-
၄၀ မာသမူကားဧည့်သည်ဝတ်ဖြင့်ဗျာများနေရ သဖြင့်အထံတော်သို့ချဉ်းကပ်ပြီးလျှင် ``အရှင် ဘုရား၊ ကျွန်မ၏ညီမသည်လုပ်ကျွေးမှုတာဝန် ရှိသမျှကိုကျွန်မတစ်ယောက်တည်းအား ဆောင် ရွက်စေသည်ကိုကိုယ်တော်ရှင်လျစ်လူရှုတော် မူပါသလော။ ကျွန်မကိုကူညီစေရန်သူ့ အားအမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။
၄၁ သခင်ဘုရားက ``မာသ၊ မာသ၊ သင်သည်များ စွာသောအမှုကိစ္စတို့အတွက်စိုးရိမ်ပူပန် လျက်နေ၏။-
၄၂ သင့်မှာလိုသောအရာတစ်ခုရှိ၏။ မာရိသည် ကောင်းမြတ်သောအရာကိုရွေးချယ်လေပြီ။ ထိုအရာကိုသူ့ထံမှအဘယ်သူမျှယူ၍ ရမည်မဟုတ်'' ဟုမိန့်တော်မူ၏။