သိနာတောင်ပေါ်သို့ဧလိယရောက်ရှိလာခြင်း
၁၉
၁ အာဟပ်မင်းသည်ဧလိယပြုသည့်အမှုအလုံး စုံကိုလည်းကောင်း၊ ဗာလပရောဖက်တို့အသတ် ခံရကြပုံကိုလည်းကောင်းမိဖုရားယေဇ ဗေလအားပြောပြလေသည်။-
၂ ယေဇဗေလသည်ဧလိယအား``အကယ်၍ ငါသည်နက်ဖြန်ဤအချိန်ရောက်မှ ပရောဖက် တို့အားသင်ပြုခဲ့သည့်အတိုင်းသင့်အားမပြု ပါမူ ဘုရားတို့သည်ငါ့ကိုအဆုံးစီရင်ကြ ပါစေသော'' ဟုလူလွှတ်၍ပြောကြားစေ၏။-
၃ ဧလိယသည်ကြောက်သဖြင့် အသက်ဘေးမှ လွတ်ရန်ထွက်ပြေးလေ၏။ သူသည်မိမိ၏ အစေခံကိုခေါ်၍ယုဒပြည်၊ ဗေရရှေဘ မြို့သို့သွား၏။
ထိုမြို့တွင်အစေခံကိုထားခဲ့ပြီးလျှင်၊-
၄ တစ်နေ့လုံးတောကန္တာရတွင်ခရီးပြုလေသည်။ သူသည်သစ်ပင်အရိပ်တစ်ခုသို့ရောက်သော အခါထိုင်လျက်သေလျှင်သာ၍ကောင်း၏ဟု ဆို၍``အို ထာဝရဘုရား၊ ဤအဖြစ်ဆိုးလွန်း ပါ၏။ အကျွန်ုပ်၏အသက်ကိုရုပ်သိမ်းတော် မူပါ။ အကျွန်ုပ်သည်သေရသော်သာ၍ကောင်း ပါသေး၏'' ဟူသောဆုကိုတောင်းလေ၏။
၅ သူသည်သစ်ပင်အောက်တွင်လှဲလျက်အိပ်ပျော် လေ၏။ ကောင်းကင်တမန်တစ်ပါးသည်သူ့ အားတို့ပြီးလျှင်``ထ၍စားလော့'' ဟုဆို၏။-
၆ ဧလိယသည်လှည့်၍ကြည့်လိုက်ရာခေါင်းရင်း၌ မုန့်တစ်လုံးနှင့်ရေတစ်ဘူးကိုတွေ့သဖြင့်စား သောက်ပြီးနောက်အိပ်ပြန်၏။-
၇ ကောင်းကင်တမန်သည်ဒုတိယအကြိမ်လာပြီး လျှင်``သင်သွားရမည့်ခရီးဝေးသောကြောင့် ထ၍စားဦးလော့'' ဟုဆို၏။-
၈ ထို့ကြောင့်ဧလိယသည်ထ၍စားပြီးနောက် သန့်ရှင်းမြင့်မြတ်သောသိနာတောင်သို့ ရက်ပေါင်း လေးဆယ်တိုင်တိုင်ခြေလျင်ခရီးပြုနိုင်သော ခွန်အားကိုရရှိလေသည်။-
၉ သူသည်ထိုတောင်သို့ရောက်သောအခါဂူထဲ သို့ဝင်၍အိပ်၏။
ထိုအခါထာဝရဘုရားကသူ့အား``ဧလိယ၊ သင်သည်ဤအရပ်သို့အဘယ်ကြောင့်ရောက်လာ သနည်း'' ဟုမေးတော်မူ၏။
၁၀ ဧလိယက``အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော်တစ်ပါးတည်း ကိုသာလျှင် အစဉ်ဝတ်ပြုကိုးကွယ်ပါ၏။ ဣသ ရေလပြည်သူတို့မူကားကိုယ်တော်နှင့်ပြုထား သည့်ပဋိညာဉ်ကိုချိုးဖောက်လျက် ကိုယ်တော် ၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကာကိုယ်တော်၏ ပရောဖက်တို့ကိုသတ်ကြပါ၏။ တစ်ဦးတည်း သာမသေဘဲကျန်ရှိသောအကျွန်ုပ်၏အသက် အန္တရာယ်ကိုပင်ရှာကြံလျက်နေကြပါ၏'' ဟု လျှောက်၏။
၁၁ ထိုအခါထာဝရဘုရားကသူ့အား``ဂူပြင် သို့ထွက်၍တောင်ထိပ်ပေါ်၌ငါ၏အရှေ့မျက် မှောက်တွင်ရပ်နေလော့'' ဟုမိန့်တော်မူ၏။ ထို့ နောက်ထာဝရဘုရားသည်သူ၏အနီးမှ ဖြတ်ကြွတော်မူ၍ လေပြင်းမုန်တိုင်းကိုတိုက် ခတ်စေတော်မူ၏။ သို့ဖြစ်၍တောင်များသည် ပြိုကွဲကြလျက်ကျောက်တို့သည်လည်းကြေ မွသွားလေသည်။ သို့ရာတွင်ထာဝရဘုရား သည်ထိုလေမုန်တိုင်းထဲ၌ရှိတော်မမူ။ လေ အတိုက်ရပ်သောအခါမြေငလျင်လှုပ်လေ ၏။ သို့ရာတွင်ထိုမြေငလျင်ထဲ၌လည်း ထာဝရဘုရားရှိတော်မမူ။-
၁၂ မြေငလျင်လှုပ်ပြီးနောက်မီးလျှံတောက် လောင်လေသည်။ သို့ရာတွင်ထိုမီးလျှံထဲ၌ လည်းထာဝရဘုရားရှိတော်မမူ။ မီးလျှံ တောက်လောင်ပြီးနောက်ဖြည်းညှင်းသောအသံ ပေါ်ထွက်လာ၏။
၁၃ ထိုအသံကိုကြားသောအခါ ဧလိယသည် မိမိ၏မျက်နှာကိုဝတ်လုံဖြင့်အုပ်၍ထွက်သွား ပြီးလျှင်ဂူဝတွင်ရပ်နေ၏။ ထိုအခါ``ဧလိယ၊ သင်သည်အဘယ်ကြောင့်ဤအရပ်သို့ရောက်ရှိ လာသနည်း'' ဟုမေးသံကိုကြားရ၏။
၁၄ ဧလိယက``အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော်တစ်ပါးတည်း ကိုသာလျှင် အစဉ်ဝတ်ပြုကိုးကွယ်ပါ၏။ ဣသရေလပြည်သူတို့မူကားကိုယ်တော်နှင့် ပြုထားသည့်ပဋိညာဉ်ကိုချိုးဖောက်လျက် ကိုယ်တော်၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကာ ကိုယ်တော်၏ပရောဖက်တို့ကိုသတ်ကြပါ၏။ တစ်ဦးတည်းသာလျှင်မသေဘဲ ကျန်ရှိသော အကျွန်ုပ်၏အသက်အန္တရာယ်ကိုရှာကြံနေ ကြပါ၏'' ဟုလျှောက်၏။
၁၅ ထာဝရဘုရားက``သင်သည်ဒမာသက်မြို့အနီး တောကန္တာရသို့ပြန်သွားပြီးနောက် ထိုမြို့သို့ဝင် ၍ဟာဇေလအားရှုရိဘုရင်အဖြစ်ဘိသိက် ပေးလော့။-
၁၆ နိမ်ရှိ၏သားယေဟုကိုဣသရေလဘုရင် အဖြစ်ဘိသိက်ပေးလော့။ အာဗေလမဟောလ မြို့သားရှာဖတ်၏သားဧလိရှဲကိုသင်၏ အရိုက်အရာဆက်ခံရန်ပရောဖက်အဖြစ် ဘိသိက်ပေးလော့။-
၁၇ ဟာဇေလ၏ဋ္ဌားဘေးမှလွတ်မြောက်သူကို ယေဟုသတ်လိမ့်မည်။ ယေဟုလက်မှလွတ် မြောက်သူကိုဧလိရှဲသတ်လိမ့်မည်။-
၁၈ သို့ရာတွင်ငါ့အားသစ္စာစောင့်၍ဗာလအားဦး မညွှတ်သူ၊ သူ၏ရုပ်တုကိုမနမ်းရှုပ်သူလူ ပေါင်းခုနစ်ထောင်တို့ကို ဣသရေလပြည်တွင် ကျန်ကြွင်းစေမည်'' ဟုမိန့်တော်မူ၏။
ဧလိရှဲကိုရွေးချယ်တော်မူခြင်း
၁၉ ဧလိယသည်ထိုအရပ်မှထွက်ခွာသွားသော အခါ နွားတစ်ရှဉ်းနှင့်လယ်ထွန်နေသော ဧလိရှဲ ကိုတွေ့လေသည်။ သူ၏ရှေ့တွင်နွားတစ်ဆယ့် တစ်ရှဉ်းရှိ၍သူသည်နောက်ဆုံးနွားတစ်ရှဉ်း ဖြင့်လယ်ထွန်၍နေသတည်း။ ဧလိယသည် မိမိ၏ဝတ်လုံကိုချွတ်၍ဧလိရှဲ၏အပေါ် တွင်တင်လေသည်။-
၂၀ ထိုအခါဧလိရှဲသည်မိမိ၏နွားများကို ထားခဲ့၍ ဧလိယ၏နောက်သို့လိုက်ပြီး လျှင်``အကျွန်ုပ်၏မိဘထံသို့သွား၍နှုတ် ဆက်ခွင့်ပြုပါ။ ထို့နောက်အရှင်နှင့်အတူ လိုက်ပါမည်'' ဟုပြော၏။
ဧလိယက``ကောင်းပြီ၊ သွားလော့။ သင့်အား ငါမဆီးတားပါ'' ဟုဆို၏။
၂၁ ထိုအခါဧလိရှဲသည် မိမိ၏နွားနှစ်ကောင်ကို သတ်ပြီးလျှင် နွားထမ်းပိုးကိုထင်းလုပ်၍ချက်၏။ ထိုနောက်အမဲသားဟင်းကိုလူတို့အားကျွေး မွေးပြီးလျှင် ဧလိယ၏နောက်သို့တပည့် အဖြစ်လိုက်သွားလေသည်။