ယုဒဘုရင်အဘိယ
(၆ရာ၊ ၁၃:၁-၁၄:၁)
၁၅
၁ ဣသရေလဘုရင်ယေရောဗောင်နန်းစံတစ် ဆယ့်ရှစ်နှစ်မြောက်၌ အဘိယသည်ယုဒ ပြည်တွင်နန်းတက်၍၊-
၂ ယေရုရှလင်မြို့၌သုံးနှစ်နန်းစံတော်မူ၏။ သူ၏မယ်တော်မှာအဗရှလုံ၏သမီးမာခါ ဖြစ်၏။-
၃ အဘိယသည်မိမိ၏ခမည်းတော်ကူးခဲ့သည့် အပြစ်များကိုဆက်လက်၍ကူးလွန်၏။ သူသည် မိမိ၏ဘုရားသခင်ထာဝရဘုရားအား ဘေးတော်ဒါဝိဒ်ကဲ့သို့အကြွင်းမဲ့သစ္စာမစောင့်။-
၄ သို့ရာတွင်သူ၏ဘုရားသခင်ထာဝရဘုရား သည် ဒါဝိဒ်၏မျက်နှာကိုထောက်၍အဘိယမရှိ သည့်နောက်၌ ယေရုရှလင်မြို့ကိုအုပ်စိုးရန်နှင့် ယေရုရှလင်မြို့ကိုဘေးမဲ့လုံခြုံစွာစောင့်ထိန်း ရန်သားတော်တစ်ပါးကိုပေးတော်မူ၏။-
၅ အဘယ်ကြောင့်ဆိုသော်ဒါဝိဒ်သည် ဘုရားသခင် နှစ်သက်တော်မူသည့်အမှုတို့ကိုသာလျှင်ပြုခဲ့ သောကြောင့်ဖြစ်၏။ မင်းကြီးသည်ဟိတ္တိအမျိုးသား ဥရိယ၏အမှုကိစ္စမှတစ်ပါး အခြားအဘယ် အခါ၌မျှကိုယ်တော်၏အမိန့်တော်ကိုလွန်ဆန် ခဲ့ခြင်းမရှိပေ။-
၆ အဘိယသည်မိမိ၏နန်းသက်တစ်လျှောက် လုံး၌ယေရောဗောင်နှင့်စစ်ဖြစ်ခဲ့၏။-
၇ အဘိယဆောင်ရွက်ခဲ့သည့်အခြားအမှု အရာရှိသမျှကို ယုဒရာဇဝင်တွင်ရေးထား သတည်း။
၈ အဘိယကွယ်လွန်သောအခါ သူ့ကိုဒါဝိဒ်မြို့ တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သားတော်အာသသည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍နန်း တက်လေသည်။
ယုဒဘုရင်အာသ
(၆ရာ၊ ၁၅:၁၆-၁၆:၆)
၉ ဣသရေလဘုရင်ယေရောဗောင်နန်းစံအနှစ် နှစ်ဆယ်မြောက်၌ အာသသည်ယုဒပြည်တွင် နန်းတက်၍၊-
၁၀ ယေရုရှလင်မြို့၌လေးဆယ့်တစ်နှစ်နန်းစံ လေသည်။ သူ၏အဖွားမှာအဗရှလုံ၏ သမီးမာခါဖြစ်၏။-
၁၁ အာသသည်မိမိ၏ဘိုးဘေးဒါဝိဒ်ကဲ့သို့ ထာဝရဘုရားနှစ်သက်တော်မူသောအမှု တို့ကိုပြု၏။-
၁၂ သူသည်ရုပ်တုကိုးကွယ်ဝတ်ပြုရာဌာနများ တွင် ပြည့်တန်ဆာအလုပ်ကိုလုပ်နေသောအမျိုး သားအမျိုးသမီးများကို တိုင်းပြည်မှနှင်ထုတ် ပြီးလျှင် မိမိ၏ဘိုးတော်ဘေးတော်ဘုရင်များ ပြုလုပ်ခဲ့သည့်ရုပ်တုများကိုဖယ်ရှားပစ်တော် မူ၏။-
၁၃ မိမိ၏အဖွားမာခါ၏ထံမှလည်းမယ်တော် ဘုရင်မရာထူးကိုနုတ်သိမ်းတော်မူလေသည်။ အဘယ်ကြောင့်ဆိုသော်မာခါသည်အသီးအနှံ ဖွံ့ဖြိုးမှုဆိုင်ရာ အာရှရဘုရားမအားဝတ်ပြု ကိုးကွယ်ရန်အတွက် ရှုမကောင်းမြင်မကောင်းသော ရုပ်တုကိုပြုလုပ်ထားသောကြောင့်ဖြစ်၏။ အာသ သည်ထိုရုပ်တုကိုခုတ်ပြီးလျှင်ကေဒြုန်ချောင်း အနီးတွင်မီးရှို့ပစ်တော်မူ၏။-
၁၄ ရုပ်တုကိုးကွယ်ရာဌာနများကိုအကုန်အစင် မဖျက်ဆီးသော်လည်း အာသသည်ထာဝရဘုရား အားတစ်သက်လုံးသစ္စာစောင့်တော်မူပေသည်။-
၁၅ သူသည်ထာဝရဘုရားအားခမည်းတော်ဆက် ကပ်လှူဒါန်းထားသမျှသောဥစ္စာပစ္စည်းများနှင့် မိမိကိုယ်တိုင်ဆက်ကပ်လှူဒါန်းသည့် ရွှေ၊ ငွေ အသုံး ဆောင်များကိုဗိမာန်တော်တွင်ထားရှိတော်မူ၏။
၁၆ ယုဒဘုရင်အာသနှင့်ဣသရေလဘုရင်ဗာရှာ တို့သည် မိမိတို့နန်းသက်တစ်လျှောက်လုံး၌စစ် ဖြစ်လျက်နေကြလေသည်။-
၁၇ ဗာရှာသည်ယုဒပြည်သို့ချင်းနင်းဝင်ရောက်ပြီး လျှင် ယုဒပြည်သို့အဝင်အထွက်လမ်းကိုပိတ် စေရန်ရာမမြို့ကိုတံတိုင်းကာ၍ထား၏။-
၁၈ ထို့ကြောင့်အာသမင်းသည်ဗိမာန်တော်နှင့်နန်း တော်တွင်ကျန်ရှိနေသေးသော ရွှေ၊ ငွေရှိသမျှကို မှူးမတ်အချို့တို့လက်ဖြင့်ဒမာသက်မြို့ရှိ ရှုရိဘုရင်ဗင်္ဟာဒဒ်ထံသို့ယူဆောင်သွားစေ တော်မူ၏။ ဗင်္ဟာဒဒ်ကားရေဇုန်၏မြေး၊ တာဗရိ မုန်၏သားဖြစ်သတည်း။-
၁၉ အာသသည်သူ၏ထံသို့``အကျွန်ုပ်တို့သည်ကျွန်ုပ် တို့၏ခမည်းတော်များကဲ့သို့မဟာမိတ်ဖွဲ့ကြ ကုန်အံ့။ ဤရွှေ၊ ငွေများမှာအဆွေတော်အတွက် လက်ဆောင်ဖြစ်ပါ၏။ ဗာရှာမင်းသည်မိမိ၏စစ်တပ် များကိုကျွန်ုပ်၏နယ်မြေမှရုပ်သိမ်းသွားစေရန် အဆွေတော်သည်သူနှင့်မဟာမိတ်ဖွဲ့မှုကိုဖျက် သိမ်းပစ်ပါလော့'' ဟုမှာကြားတော်မူလိုက်၏။
၂၀ ဗင်္ဟာဒဒ်မင်းသည် အာသအကြံပေးသည့်အတိုင်း ဆောင်ရွက်ရန်သဘောတူသဖြင့် မိမိ၏တပ်မှူး များနှင့်စစ်သည်တော်တို့ကိုစေလွှတ်၍ဣသရေလ မြို့များကိုတိုက်ခိုက်စေတော်မူ၏။ သူတို့သည် နဿလိနယ်မြေတစ်ခုလုံးအပြင်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့နှင့်ဂင်္နေသရက် နယ်တို့ကိုသိမ်းဆည်းကြ၏။-
၂၁ ဤသတင်းကိုကြားသောအခါဗာရှာမင်း သည်ရာမမြို့တံတိုင်းကာရံမှုကိုရပ်စဲ၍ တိရဇမြို့သို့ထွက်ခွာသွားတော်မူ၏။
၂၂ ထိုအခါအာသမင်းသည် ယုဒပြည်တစ်လျှောက် လုံးသို့အမိန့်ထုတ်ပြန်တော်မူပြီးလျှင် ပြည်သူ အပေါင်းတို့အားတစ်ယောက်မကျန်ရာမမြို့ တံတိုင်းတည်ဆောက်ရန်အတွက် ဗာရှာမင်းအသုံး ပြုလျက်နေခဲ့သည့်ကျောက်တုံးများနှင့်သစ် သားများကိုဝိုင်းဝန်းသယ်ဆောင်စေတော်မူ၏။ ထိုပစ္စည်းများဖြင့်အာသသည် မိဇပါမြို့နှင့် ဗင်္ယာမိန်နယ်တွင်ရှိသောဂေဘမြို့ကိုတံတိုင်း ကာရံတော်မူ၏။
၂၃ အာသမင်းဆောင်ရွက်တော်မူခဲ့သည့် အခြား အမှုအရာရှိသမျှနှင့်သူ၏စွန့်စားခန်းများ၊ မြို့များကိုတံတိုင်းကာရံပုံအကြောင်းများကို ယုဒရာဇဝင်တွင်ရေးထားသတည်း။ သူသည် အိုမင်းချိန်တွင်အနာရောဂါစွဲသဖြင့်၊-
၂၄ ကွယ်လွန်သော်သူ့ကိုဒါဝိဒ်မြို့ရှိသင်္ချိုင်းတော်တွင် သင်္ဂြိုဟ်ကြ၏။ ထို့နောက်သားတော်ယေဟောရှဖတ် သည်ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
ဣသရေလဘုရင်နာဒဒ်
၂၅ ယုဒဘုရင်အာသနန်းစံဒုတိယနှစ်၌ ယေရော ဗောင်မင်း၏သားတော်နာဒဒ်သည် ဣသရေလ ပြည်တွင်နန်းတက်၍နှစ်နှစ်မျှနန်းစံတော်မူ၏။-
၂၆ သူသည်မိမိ၏ခမည်းတော်ကဲ့သို့ပင်ထာဝရ ဘုရားအားပြစ်မှား၍ ဣသရေလပြည်သူတို့ အားအပြစ်ကူးရန်ရှေ့ဆောင်လမ်းပြပေးလေ သည်။
၂၇-၂၈ နာဒဒ်နှင့်သူ၏စစ်သည်တော်တို့သည်ဖိလိတ္တိပြည် ဂိဗေသုန်မြို့ကိုဝိုင်းရံထားကြစဉ် ယုဒဘုရင် အာသနန်းစံသုံးနှစ်တွင် ဣသခါသားချင်းစု ဝင်အဟိယ၏သားဗာရှာသည် နာဒဒ်ကိုလျှို့ဝှက် ကြံစည်ကာလုပ်ကြံလိုက်လေသည်။ သို့ဖြစ်၍ ဗာရှာသည်နာဒဒ်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။-
၂၉ ထို့နောက်ချက်ချင်းပင်ဗာရှာသည်ယေရောဗောင် ၏အိမ်ထောင်စုသားအပေါင်းကိုသတ်လေသည်။ ရှိလောမြို့နေပရောဖက်အဟိယအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း ယေရောဗောင်၏အိမ်ထောင်စုအပေါင်းတို့သည် တစ်ယောက်မကျန်အသတ်ခံရကြသတည်း။-
၃၀ ယင်းသို့ဖြစ်ပျက်ရခြင်းမှာယေရောဗောင်သည် မိမိကိုယ်တိုင်ကူးခဲ့သည့်အပြစ်များအားဖြင့် လည်းကောင်း၊ ဣသရေလပြည်သူတို့အားကူး စေခဲ့သည့်အပြစ်များအားဖြင့်လည်းကောင်း၊ ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ကိုလှုံ့ဆော်ပေး သောကြောင့်ဖြစ်၏။
၃၁ နာဒဒ်ဆောင်ရွက်ခဲ့သော အခြားအမှုအရာ အလုံးစုံကိုဣသရေလရာဇဝင်တွင်ရေး ထားသတည်း။-
၃၂ ယုဒဘုရင်အာသနှင့်ဣသရေလဘုရင် ဗာရှာတို့သည် မိမိတို့နန်းသက်တစ်လျှောက် လုံးစစ်ဖြစ်ကြလေသည်။
ဣသရေလဘုရင်ဗာရှာ
၃၃ ယုဒဘုရင်အာသနန်းစံတတိယနှစ်၌၊ အဟိယ ၏သားဗာရှာသည် ဣသရေလနိုင်ငံ၏ဘုရင်ဖြစ် လာပြီးလျှင်၊ တိရဇမြို့တွင်နှစ်ဆယ့်လေးနှစ်နန်း စံတော်မူ၏။-
၃၄ ယေရောဗောင်မင်းကဲ့သို့သူသည်ထာဝရဘုရား ကိုပြစ်မှား၍ ဣသရေလပြည်သူတို့အားအပြစ် ကူးစေရန်ရှေ့ဆောင်လမ်းပြလေသည်။