ကြောက်မက်ဖွယ်ကောင်းသောမိုးခေါင်ခြင်း
၁၄
၁ မိုးခေါင်ခြင်းနှင့်ပတ်သက်၍ထာဝရဘုရား သည် ငါ့အားမိန့်တော်မူသည်ကား၊
၂ ``ယုဒပြည်သည်ငိုကြွေးလျက်နေ၏။ ယုဒမြို့တို့သည်နွမ်းလျလျက်နေ၏။
ယုဒပြည်အတွက်ဝမ်းနည်းကြေကွဲကြ၏။
ယေရုရှလင်မြို့သည်အော်ဟစ်လျက် အကူအညီတောင်းခံ၍နေ၏။
၃ ချမ်းသာကြွယ်ဝသူများသည်မိမိတို့ အစေခံများကိုလွှတ်၍
ရေအခပ်ခိုင်းသည့်အတိုင်းအစေခံတို့သည်
ရေကန်များသို့သွားရောက်ကြသော်လည်း ရေကိုမတွေ့ရကြ။
သူတို့သည်အိုးဟောင်းလောင်းနှင့်ပြန်လာရ ကြ၏။
သူတို့သည်စိတ်ပျက်အားလျော့ကာဝေခွဲမရ ဖြစ်လျက် ဦးခေါင်းခြုံ၍နေကြ၏။
၄ မိုးခေါင်သဖြင့်မြေကြီးသည်ခြောက်ကပ် လျက်နေ၏။
လယ်သမားတို့သည်စိတ်မချမ်းမသာသော ကြောင့် ဦးခေါင်းခြုံ၍နေကြ၏။
၅ ကွင်းပြင်တွင်မြက်မရှိတော့သဖြင့်သမင်မသည် မွေးခါစသားငယ်ကိုစွန့်ပစ်၍ထားရ၏။
၆ မြင်းရိုင်းတို့သည်တောင်ထိပ်များတွင်ရပ်လျက် ခွေးအများကဲ့သို့အသက်လု၍ရှူနေကြ၏။
သူတို့သည်အစာငတ်မှုကြောင့်မျက်စိများ မှုံဝေလျက်နေကြ၏။
၇ ငါ၏လူမျိုးတော်ကငါ့အား
`ကျွန်တော်မျိုးတို့သည်မိမိတို့အပြစ်များ၏ စွပ်စွဲခြင်းကိုခံ၍နေရသော်လည်း၊
အို ထာဝရဘုရား၊
ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်၏ နာမတော်ကိုထောက်၍ကူမတော်မူပါ။
ကျွန်တော်မျိုးတို့သည်ကြိမ်ဖန်များစွာ ကိုယ်တော်ရှင်ကို ကျောခိုင်းမိကြပါပြီ။
ကိုယ်တော်ရှင်အားပြစ်မှားမိကြပါပြီ။
၈ ကိုယ်တော်ရှင်သာလျှင်ဣသရေလအမျိုးသား တို့၏ မျှော်လင့်ရာဖြစ်တော်မူပါ၏။
ကျွန်တော်မျိုးတို့ဒုက္ခရောက်သောအခါ ကူမတော်မူသောအရှင်ဖြစ်တော်မူပါ၏။
အဘယ်ကြောင့်ကိုယ်တော်ရှင်သည်
ကျွန်တော်မျိုးတို့ပြည်တွင်ဧည့်သည်ကဲ့သို့၊
တစ်ညဥ့်မျှသာတည်းခိုသည့်ခရီးသည်ကဲ့သို့ ပြုတော်မူပါသနည်း။
၉ အဘယ်ကြောင့်ကိုယ်တော်ရှင်သည် အငိုက်မိသူကဲ့သို့လည်းကောင်း၊
ကူမနိုင်စွမ်းမရှိသည့်စစ်သူရဲကဲ့သို့ လည်းကောင်း ဖြစ်တော်မူပါသနည်း။
အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်အမှန်ပင် ကျွန်တော်မျိုးတို့နှင့်အတူရှိတော်မူပါ၏။
ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ နာမတော်ကိုဆောင်သောသူဖြစ်ကြပါ၏။
ကျွန်တော်မျိုးတို့အားစွန့်ပစ်တော်မမူပါ နှင့်' ဟုလျှောက်ထားကြ၏။''
၁၀ ထာဝရဘုရားသည်ထိုသူတို့အကြောင်း နှင့်ပတ်သက်၍``သူတို့သည်ငါ့ထံမှထွက် ပြေးရန်နှစ်သက်ကြ၏။ မိမိတို့ခြေကို မချုပ်တည်းလိုကြ။ ထို့ကြောင့်ငါသည်သူ တို့ကိုမနှစ်သက်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုအောက်မေ့သတိရ၍ သူတို့အား အပြစ်ဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
၁၁ ထာဝရဘုရားက ငါ့အား``သင်သည်ထိုသူ တို့ကိုကူမရန်ငါ့အားမလျှောက်ထားနှင့်။-
၁၂ အကယ်၍သူတို့သည်အစာရှောင်၍ပင် အကူအညီဟစ်အော်တောင်းခံကြစေ ကာမူ ငါသည်လူတို့၏ဟစ်အော်သံကို နားထောင်လိမ့်မည်မဟုတ်။ အကယ်၍သူ တို့သည်ငါ့အားမီးရှို့ရာယဇ်များနှင့် ပူဇော်သကာများကိုပင်ဆက်သသော် လည်း ငါသည်သူတို့အားနှစ်သက်လိမ့် မည်မဟုတ်။ ယင်းသို့နှစ်သက်မည့်အစား သူတို့အားစစ်ပွဲများတွင်ကျဆုံးစေမည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ အနာရောဂါ ဘေးသင့်၍သေစေမည်'' ဟုမိန့်တော်မူ ပါ၏။
၁၃ ထိုအခါငါက``အရှင်ထာဝရဘုရား၊ ဤ ပြည်တွင်စစ်မက်အန္တရာယ်၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေးအန္တရာယ်ကျရောက်လိမ့်မည်မဟုတ်။ ငြိမ်းချမ်းသာယာမှုသာလျှင်ရှိလိမ့်မည်ဟု ပရောဖက်များဟောပြောလျက်နေကြသည် ကိုကိုယ်တော်ရှင်သိတော်မူပါ၏'' ဟု လျှောက်၏။
၁၄ သို့ရာတွင်ထာဝရဘုရားက``ပရောဖက်တို့ သည် ငါ၏နာမတော်ကိုအမှီပြု၍ လိမ်လည် ပြောဆိုနေကြခြင်းဖြစ်သည်။ ငါသည်သူတို့ ကိုမစေလွှတ်ခဲ့။ သူတို့အားအဘယ်သို့မျှ လည်းမမှာကြား။ အဘယ်ဗျာဒိတ်ကိုမျှ လည်းငါမပေးခဲ့။ သူတို့ဖော်ပြသည့်ဗျာဒိတ် ရူပါရုံတို့သည်ငါပြသည့်ရူပါရုံများ မဟုတ်။ သူတို့ကြိုတင်ဟောပြောမှုများ သည်အချည်းနှီးဟောပြောမှုများသာ လျှင်ဖြစ်၏။-
၁၅ ငါမစေလွှတ်ဘဲငါ၏နာမတော်ကိုအမှီ ပြု၍ ဤပြည်တွင်စစ်မက်နှင့်ငတ်မွတ်ခေါင်းပါး ခြင်းဘေးအန္တရာယ်ကျရောက်လိမ့်မည်မဟုတ် ဟု ဟောပြောကြသူပရောဖက်တို့အားအဘယ် သို့ငါပြုမည်ကို သင့်အားငါထာဝရဘုရား ဖော်ပြမည်။ ငါသည်သူတို့အားစစ်ပွဲတွင် ကျဆုံးစေမည်။ ငတ်မွတ်ခေါင်းပါးခြင်း ဘေးသင့်၍သေစေမည်။-
၁၆ သူတို့ဟောပြောသည်ကိုကြားနာကြသူတို့ သည်လည်း သူတို့ကဲ့သို့သေကြလိမ့်မည်။ ငတ် မွတ်ခေါင်းပါးခြင်းဘေးနှင့် စစ်ဘေးတို့ကြောင့် သူတို့၏အလောင်းများကိုယေရုရှလင်မြို့ လမ်းများပေါ်တွင်စွန့်ပစ်၍ထားကြလိမ့်မည်။ ယင်းတို့ကိုအဘယ်သူမျှသင်္ဂြိုဟ်ကြလိမ့်မည် မဟုတ်။ ဇနီးသားသမီးများပါမကျန်၊ ထို သူအားလုံးပင်ဤနည်းအတိုင်းဖြစ်ရကြ လိမ့်မည်။ မိမိတို့၏ယုတ်မာမှုများအတွက် သူတို့အားငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
၁၇ ငါ၏ကြေကွဲမှုကိုပြည်သူတို့အားဤသို့ ပြောပြရန်ငါ့အားထာဝရဘုရားအမိန့် ပေးတော်မူ၏။
``ငါ၏မျက်စိများသည်နေ့ညဥ့်မပြတ် မျက်ရည်ထွက်လျက်နေပါစေသော။
ငါ့အမျိုးသားတို့သည်ပြင်းစွာ ဒဏ်ရာရလျက်
များစွာနာကျင်လျက်ရှိသဖြင့်၊ငါသည်အဘယ် အခါ၌မျှအငိုမတိတ်နိုင်ဘဲရှိပါစေသော။
၁၈ လယ်ပြင်များသို့သွားသောအခါစစ်ပွဲတွင် ကျဆုံးသူများကိုငါမြင်ရ၏။
မြို့များသို့ဝင်သောအခါလူတို့အစာငတ်၍ သေကြသည်ကိုမြင်ရ၏။
ပရောဖက်များနှင့်ယဇ်ပုရောဟိတ်များသည်
မိမိတို့အဘယ်သို့သောအမှုကိုပြုလျက် နေမှန်းမသိဘဲ၊
အလုပ်တာဝန်များကိုထမ်းဆောင်နေကြ၏။''
ထာဝရဘုရားထံတော်တွင်လူတို့ လျှောက်လဲကြခြင်း
၁၉ အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ယုဒ ပြည်ကို အပြီးအပိုင်ပစ်ပယ်တော်မူပါပြီလော။
ဇိအုန်မြို့သားတို့အားမုန်းတီးရွံရှာတော် မူပါသလော။
ကျွန်တော်မျိုးတို့၏အနာကိုကုသ၍ မရနိုင်သည့်တိုင်အောင်
အဘယ်ကြောင့်ကိုယ်တော်ရှင်သည်
ကျွန်တော်မျိုးတို့အား၊ဤမျှပြင်းထန်စွာ ထိခိုက်ဒဏ်ရာရစေတော်မူပါသနည်း။
ကျွန်တော်မျိုးတို့သည်ငြိမ်းချမ်းသာယာမှုကို
စောင့်မျှော်ကြသော်လည်းအချည်းနှီးသာ ဖြစ်ပါ၏။
အနာပျောက်လိမ့်မည်ဟုမျှော်လင့်ကြသော်လည်း ထိတ်လန့်၍သာလာရကြပါ၏။
၂၀ အို ထာဝရဘုရား၊ကျွန်တော်မျိုးတို့သည်
မိမိတို့အပြစ်နှင့်ဘိုးဘေးများ၏အပြစ် များကို ဖော်ပြဝန်ခံပါ၏။
ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်အား ပြစ်မှားကြပါပြီ။
၂၁ ကိုယ်တော်ရှင်၏နာမတော်ကိုထောက်၍
ကျွန်တော်မျိုးတို့အားစက်ဆုပ်ရွံရှာတော်မမူ ပါနှင့်။
ကိုယ်တော်ရှင်၏ဘုန်းအသရေကိုဆောင်သည့်
ရာဇပလ္လင်တည်းဟူသောယေရုရှလင်မြို့ကို အသရေပျက်စေတော်မမူပါနှင့်။
ကိုယ်တော်ရှင်ကျွန်တော်မျိုးတို့နှင့်ပြုတော် မူသော ပဋိညာဉ်ကိုဖျက်တော်မမူပါနှင့်။
၂၂ လူမျိုးတကာတို့ကိုးကွယ်သည့်ရုပ်တုများ သည် မိုးကိုမရွာစေနိုင်ပါ။
ကောင်းကင်သည်အလိုအလျောက်မိုးရေ ပေါက်များ ကျလာအောင်မတတ်နိုင်ပါ။
ကိုယ်တော်ရှင်သာလျှင်ဤအမှုများကို ပြုတော်မူသောကြောင့်
ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊
ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ကို မျှော်ကိုးကြပါ၏။