၁၉
၁ ထိုနောက်ပိလတ်မင်းသည်သခင်ယေရှုကို ခေါ်သွားစေပြီးလျှင်ကြိမ်ဒဏ်ခတ်စေ၏။-
၂ စစ်သားများသည်ဆူးခက်ဖြင့်ရက်သောဦးရစ် သရဖူကိုပြုလုပ်၍ ဦးခေါင်းတော်ကိုဆောင်း ပေးကြ၏။ ထိုနောက်နီမောင်းသောဝတ်လုံကို ကိုယ်တော်အားဝတ်ပေးပြီးလျှင်၊-
၃ အထံတော်သို့ချဉ်းကပ်၍ ``ယုဒရှင်ဘုရင်၊ သက်တော်ရှည်ပါစေသော'' ဟုဆို၍ပါးတော် ကိုရိုက်ကြ၏။
၄ ပိလတ်မင်းသည်အပြင်သို့တစ်ဖန်ထွက်ပြီး လျှင်ပရိသတ်တို့အား ``ထိုသူကိုသေဒဏ်ပေး နိုင်ရန်အကြောင်းတစ်စုံတစ်ရာမျှငါမတွေ့ ကြောင်း သင်တို့သိရှိကြစေရန်သူ့အားသင် တို့ထံသို့ငါထုတ်ခဲ့မည်'' ဟုဆို၏။-
၅ သခင်ယေရှုသည်လည်းဆူးဦးရစ်သရဖူကို ဆောင်းလျက်နီမောင်းသောဝတ်လုံကိုဝတ်ဆင် ကာ အပြင်သို့ထွက်ကြွတော်မူ၏။ ပိလတ်မင်း က ``ကြည့်ကြလော့၊ ဤသူပင်ဖြစ်သည်'' ဟု ဆို၏။
၆ ယဇ်ပုရောဟိတ်ကြီးများနှင့်အစောင့်တပ်သား များသည်ကိုယ်တော်ကိုမြင်သောအခါ ``သူ့ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ။ သူ့ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ'' ဟု ဟစ်အော်ကြ၏။
ပိလတ်မင်းက ``သင်တို့ပင်သူ့ကိုခေါ်ဆောင် ပြီးလျှင်လက်ဝါးကပ်တိုင်တွင်တင်၍သတ် ကြလော့။ သူ့ကိုသေဒဏ်ပေးရန်အကြောင်း တစ်စုံတစ်ရာမျှငါမတွေ့'' ဟုဆို၏။-
၇ လူထုက ``ထိုသူသည်မိမိကိုယ်ကိုဘုရား သခင်၏သားတော်ဟုဆိုသောကြောင့် သေဒဏ် ခံထိုက်ကြောင်း အကျွန်ုပ်တို့တရားဥပဒေ ကဆိုပါသည်'' ဟုပြန်၍ဖြေကြား၏။
၈ ထိုသူတို့၏စကားကိုကြားလျှင်ပိလတ် မင်းသည်ပို၍ပင်ကြောက်လန့်လာ၏။-
၉ သို့ဖြစ်၍အိမ်တော်ထဲသို့ပြန်ဝင်ပြီးနောက် သခင်ယေရှုအား ``သင်သည်အဘယ်မှလာ သနည်း'' ဟုမေး၏။
သို့ရာတွင်သခင်ယေရှုသည်မည်သို့မျှ ဖြေကြားတော်မမူ။-
၁၀ ပိလတ်မင်းက ``သင်သည်ငါနှင့်စကားပြော ရန်ငြင်းဆန်နေပါသလော။ ငါသည်သင့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပိုင်သည်ကိုလည်း ကောင်း၊ လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပိုင် သည်ကိုလည်းကောင်းသင်မသိပါသလော'' ဟုမေး၏။
၁၁ သခင်ယေရှုက ``မင်းကြီးအားဘုရားသခင် အပ်နှင်း၍သာဤသို့သောအခွင့်အာဏာကို ခံယူရရှိသည်။ ထို့ကြောင့်အကျွန်ုပ်အားမင်း ကြီး၏လက်သို့အပ်နှံသူသည်ပို၍အပြစ် ကြီး၏'' ဟုမိန့်တော်မူ၏။-
၁၂ ဤသို့မိန့်တော်မူသောကြောင့်ပိလတ်မင်းသည် ကိုယ်တော်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးရန် နည်းလမ်းရှာကြံလေတော့၏။ သို့ရာတွင်လူ ထုက ``ထိုသူအားလွတ်ငြိမ်းချမ်းသာခွင့်ပေး ပါမူအရှင်မင်းကြီးသည်ဧကရာဇ်မင်း၏ အဆွေတော်မဟုတ်တော့ပြီ။ မည်သူမဆို မိမိကိုယ်ကိုရှင်ဘုရင်ဟုဆိုသူသည် ဧကရာဇ်မင်းကိုပုန်ကန်သူဖြစ်ပါ၏'' ဟု ဟစ်အော်ကြ၏။
၁၃ ဤစကားကိုကြားသောအခါပိလတ်မင်း သည်သခင်ယေရှုကိုအပြင်သို့ထုတ်ဆောင် ခဲ့ပြီးလျှင် ကျောက်ပြားစင်္ကြံပေါ်ရှိတရား ခွင်တွင်ထိုင်လေ၏။ (ထိုစင်္ကြံကိုဟေဗြဲ ဘာသာဖြင့်ဂဗ္ဗသဟုခေါ်၏။)-
၁၄ ထိုအချိန်ကားပသခါပွဲအကြိုနေ့၊ မွန်းတည့် ခါနီးဖြစ်သတည်း။ ပိလတ်မင်းက ``ကြည့် ကြလော့၊ ဤမှာသင်တို့၏ရှင်ဘုရင်တည်း'' ဟုယုဒအမျိုးသားတို့အားဆို၏။
၁၅ ထိုသူတို့က ``သူ့ကိုသတ်ပါ၊ သူ့ကိုသတ်ပါ။ လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ'' ဟု ပြန်၍ဟစ်အော်ကြ၏။
ပိလတ်မင်းက ``သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်စေလို သလော'' ဟုမေး၏။
ယဇ်ပုရောဟိတ်ကြီးများက ``အကျွန်ုပ်တို့ မှာဧကရာဇ်မင်းမှတစ်ပါးအခြားရှင် ဘုရင်မရှိပါ'' ဟုပြန်ပြောကြ၏။
၁၆ ထိုအခါပိလတ်မင်းသည်ကိုယ်တော်ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်ရန် ထိုသူ တို့လက်သို့အပ်လိုက်လေ၏။
ကိုယ်တော်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ခြင်း
(မ၊ ၂၇:၃၂-၄၄။ မာ၊ ၁၅:၂၁-၃၂။ လု၊ ၂၃:၂၆-၄၃)
သို့ဖြစ်၍သူတို့သည်ကိုယ်တော်ကိုခေါ်ဆောင် သွားကြ၏။-
၁၇ ကိုယ်တော်သည်ဦးခေါင်းခွံဟုနာမည်တွင်သော အရပ်သို့မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်း လျက်ကြွတော်မူ၏။ (ထိုအရပ်ကိုဟေဗြဲ ဘာသာအားဖြင့် ``ဂေါလဂေါသ'' ဟုခေါ် သတည်း။)-
၁၈ ထိုအရပ်မှာကိုယ်တော်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ကြ၏။ ကိုယ်တော်နှင့်အတူအခြား သူနှစ်ယောက်ကိုလည်းကိုယ်တော်၏လက်ယာ ဘက်တွင်တစ်ယောက် လက်ဝဲဘက်တွင်တစ်ယောက် လက်ဝါးကပ်တိုင်တွင်တင်၍သတ်ကြ၏။ ကိုယ်တော်ကိုမူကားအလယ်တွင်ထား သတည်း။-
၁၉ ပိလတ်မင်းသည်ကမ္ပည်းလိပ်စာရေး၍ကိုယ်တော် ၏လက်ဝါးကပ်တိုင်ပေါ်မှာကပ်ထားစေ၏။ ထို ကမ္ပည်းလိပ်စာကား ``ယုဒဘုရင်၊ နာဇရက်မြို့ သားယေရှု'' ဟူ၍ဖြစ်သတည်း။-
၂၀ သခင်ယေရှုကိုလက်ဝါးကပ်တိုင်တွင်တင် ၍သတ်သည့်အရပ်မှာမြို့နှင့်နီးကပ်သဖြင့် လူအများပင်ထိုကမ္ပည်းလိပ်စာကိုဖတ် ကြည့်ကြ၏။ ကမ္ပည်းလိပ်စာကိုယုဒဘာသာ၊ လက်တင်ဘာသာနှင့်ဂရိဘာသာတို့ဖြင့် ရေးသားထားသည်။-
၂၁ ယဇ်ပုရောဟိတ်ကြီးများက ``ယုဒဘုရင် ဟူ၍ရေးတော်မမူပါနှင့်။ `ဤသူကငါ သည်ယုဒရှင်ဘုရင်ဖြစ်သည်ဟုဆိုသည်' ဟူ၍သာရေးတော်မူပါ'' ဟုပိလတ်မင်း အားလျှောက်ထားကြ၏။
၂၂ ပိလတ်မင်းက ``ငါရေးပြီးသည့်အတိုင်း အတည်ဖြစ်စေရမည်'' ဟုပြန်ပြော၏။
၂၃ စစ်သားတို့သည်သခင်ယေရှုကိုလက်ဝါးကပ် တိုင်တွင်တင်ကြပြီးသောအခါ ကိုယ်တော်၏ အဝတ်တော်တို့ကိုလေးပိုင်းပိုင်း၍တစ်ယောက် တစ်ပိုင်းစီယူကြ၏။ သူတို့သည်အထဲခံ အင်္ကျီကိုလည်းယူကြ၏။ သို့ရာတွင်ထိုအင်္ကျီ မှာချုပ်ရိုးမဲ့ရက်လုပ်ထားသည်ဖြစ်၍၊-
၂၄ စစ်သားများက ``ဤအင်္ကျီကိုမဆုတ်ကြ နှင့်။ မဲချ၍ယူကြကုန်အံ့'' ဟုအချင်း အချင်းပြောဆိုကြ၏။ ဤစစ်သားများ ပြုမူကြခြင်းမှာကျမ်းစာတော်တွင်
``ထိုသူတို့သည်ငါ၏အဝတ်များကိုခွဲဝေ ယူကြ၏။
ငါ၏အင်္ကျီကိုမဲချယူကြ၏''
ဟုပါရှိသည့်အတိုင်းဖြစ်ပျက်စေရန်ပင်တည်း။-
၂၅ ထိုအခါကိုယ်တော်၏မယ်တော်နှင့်မယ်တော် ၏ညီမသည်လည်းကောင်း၊ ကလောဖ၏ဇနီး ဖြစ်သူမာရိနှင့်မာဂဒလမြို့သူမာရိ သည်လည်းကောင်း သခင်ယေရှု၏လက်ဝါး ကပ်တိုင်အနီးတွင်ရပ်လျက်နေကြ၏။-
၂၆ သခင်ယေရှုသည်မယ်တော်နှင့်မယ်တော်၏ အနီးတွင်ကိုယ်တော်ချစ်တော်မူသောတပည့် တော်ရပ်လျက်နေသည်ကိုတွေ့မြင်တော်မူ၏။ သို့ဖြစ်၍ကိုယ်တော်က ``မယ်တော်၊ ဤမှာ မယ်တော်၏သား'' ဟုမြွက်ဆိုတော်မူ၏။
၂၇ ထိုနောက်တပည့်တော်အား ``ဤမှာသင်၏ အမိ'' ဟုမိန့်မြွက်တော်မူ၏။ ထိုအခါမှ စ၍ထိုတပည့်တော်သည်မယ်တော်အား မိမိ၏အိမ်တွင်ပြုစုစောင့်ရှောက်ထားလေ သည်။
ကိုယ်တော်အသက်ချုပ်တော်မူခြင်း
(မ၊ ၂၇:၄၅-၅၆။ မာ၊ ၁၅:၃၃-၄၁။ လု၊ ၂၃:၄၄-၄၉)
၂၈ ထိုအချိန်၌အမှုခပ်သိမ်းပြီးစီးပြီဖြစ် ကြောင်းကိုသခင်ယေရှုသိတော်မူသဖြင့် ကျမ်းစာတော်လာသည်အတိုင်းဖြစ်ပျက် စေရန်ကိုယ်တော်က ``ငါရေငတ်သည်'' ဟု မိန့်တော်မူ၏။
၂၉ ထိုနေရာတွင်ပုန်းရည်အပြည့်ထည့်ထား သောအိုးတစ်လုံးရှိ၏။ ထိုသူတို့သည်ရေ မြှုပ်တစ်ခုကိုပုန်းရည်တွင်နှစ်၍ဟုဿုပ်ပင် အကိုင်းအဖျား၌တပ်ပြီးလျှင်ကိုယ်တော် ၏ခံတွင်းတော်သို့ကမ်းပေးကြ၏။-
၃၀ သခင်ယေရှုသည်ထိုပုန်းရည်ကိုသောက်တော် မူပြီးမှ ``အမှုပြီးပြီ'' ဟုမိန့်တော်မူကာ ဦးခေါင်းတော်ကိုငိုက်လျက်အသက်ချုပ် တော်မူ၏။
နံတော်ကိုလှံဖြင့်ထိုးခြင်း
၃၁ ယုဒအာဏာပိုင်တို့သည်လက်ဝါးကပ်တိုင် တွင်တင်ထားသူများ၏ခြေတို့ကိုချိုး၍ အလောင်းများကိုယူဆောင်သွားခွင့်ပြုရန် ပိလတ်မင်းအားတောင်းလျှောက်ကြ၏။ သူတို့ ဤသို့တောင်းလျှောက်ကြရခြင်းမှာထိုနေ့ သည်အဖိတ်နေ့ဖြစ်၍ဥပုသ်နေ့၌ အလောင်း များကိုလက်ဝါးကပ်တိုင်တွင်မရှိစေလို သောကြောင့်လည်းကောင်း၊ ထိုဥပုသ်နေ့သည် လည်းနေ့ထူးနေ့မြတ်ဖြစ်သောကြောင့် လည်းကောင်းဖြစ်ပေသည်။-
၃၂ ထို့ကြောင့်စစ်သားများသည်လာ၍သခင်ယေရှု နှင့်အတူလက်ဝါးကပ်တိုင်တွင်အတင်ခံရသော ပထမလူ၏ခြေများကိုချိုးပြီးလျှင် အခြား တစ်ယောက်၏ခြေများကိုလည်းချိုးကြ၏။-
၃၃ ကိုယ်တော်ထံသို့ရောက်ကြသောအခါအသက် ချုပ်တော်မူပြီးကြောင်းကိုတွေ့ရှိသဖြင့် ခြေ တော်တို့ကိုမချိုးကြတော့ချေ။-
၃၄ သို့ရာတွင်စစ်သားတစ်ယောက်သည်ကိုယ်တော် ၏နံတော်ကိုလှံဖြင့်ထိုးလိုက်ရာချက်ချင်း ပင်သွေးနှင့်ရေထွက်လာ၏။-
၃၅ (ဤအဖြစ်အပျက်ကိုသင်တို့သည်လည်းယုံ ကြည်ကြစေရန်မျက်မြင်သက်သေတစ်ဦး ကဖော်ပြပါ၏။ ထိုသူ၏ဖော်ပြချက်သည် မှန်ကန်ပါ၏။ ထိုသူကိုယ်တိုင်ပင်မိမိစကား မှန်ကန်ကြောင်းကိုသိပါ၏။)-
၃၆ ဤသို့ဖြစ်ပျက်ရခြင်းမှာ ``သူ၏အရိုးတစ် ချောင်းမျှမကျိုးစေရ'' ဟုကျမ်းစာတော် တွင်ပါရှိသည့်အတိုင်းပင်တည်း။-
၃၇ အခြားကျမ်းစာတစ်ပုဒ်တွင်လည်း ``ထိုသူ တို့သည်မိမိလှံဖြင့်ထိုးဖောက်သောသူကို ရှုကြည့်ကြရလိမ့်မည်'' ဟုပါရှိသေး၏။
ကိုယ်တော်ကိုသင်္ဂြိုဟ်ကြခြင်း
(မ၊ ၂၇:၅၇-၆၁။ မာ၊ ၁၅:၄၂-၄၇။ လု၊ ၂၃:၅၀-၅၆)
၃၈ ထိုနောက်အရိမဿဲမြို့သားယောသပ်သည် သခင်ယေရှု၏အလောင်းတော်ကိုယူခွင့်ပြု ရန်ပိလတ်မင်းအားတောင်းလျှောက်၏။ (ယောသပ် ကားယုဒအာဏာပိုင်တို့ကိုကြောက်သဖြင့် မထင်မရှားသခင်ယေရှု၏တပည့်တော်ဖြစ် သတည်း။) ပိလတ်မင်းခွင့်ပြုတော်မူသဖြင့် ယောသပ်သည်အလောင်းတော်ကိုလာယူ၏။-
၃၉ ယခင်သခင်ယေရှုကိုညအခါလာရောက် တွေ့ဆုံသူနိကောဒင်သည်လည်း မုရန်နှင့် အကျော်ရောနှောသောဆီမွှေးနံ့သာပေါင်း အချိန်နှစ်ဆယ့်ငါးပိဿာခန့်ကိုယူ၍ ယော သပ်နှင့်အတူလိုက်သွား၏။-
၄၀ သူတို့သည်သခင်ယေရှု၏အလောင်းတော်ကို ယူ၍ယုဒအမျိုးသားတို့၏သင်္ဂြိုဟ်ခြင်းဆိုင် ရာဋ္ဌလေ့ထုံးစံအတိုင်း နံ့သာပေါင်းနှင့်အတူ ပိတ်ဖြင့်ရစ်ပတ်ကြ၏။-
၄၁ ကိုယ်တော်ကိုလက်ဝါးကပ်တိုင်တွင်တင်၍သတ် သည့်အရပ်၌ဥယျာဉ်တစ်ခုရှိ၏။ ထိုဥယျာဉ် တွင်မည်သူကိုမျှမသင်္ဂြိုဟ်ဘူးသေးသည့် သင်္ချိုင်းဂူတစ်ခုရှိ၏။-
၄၂ ထိုနေ့သည်ယုဒအမျိုးသားတို့၏အဖိတ် နေ့ဖြစ်သောကြောင့် အလောင်းတော်ကိုအနီး တွင်ရှိသည့်ထိုဂူ၌ပင်သင်္ဂြိုဟ်ကြ၏။