မိက္ခာနှင့်ဒန်အနွယ်ဝင်များ
၁၈
၁ ထိုကာလ၌ဣသရေလလူမျိုးတွင်ဘုရင် မရှိသေးချေ။ ဒန်အနွယ်ဝင်တို့တွင်လည်း အခြားဣသရေလအမျိုးသားများကဲ့ သို့ ကိုယ်ပိုင်နယ်မြေတစ်စုံတစ်ရာမျှမရှိ ကြသေးပေ။ သို့ဖြစ်၍မိမိတို့သိမ်းယူ၍ အတည်တကျနေထိုင်ရန်နယ်မြေကို ရှာဖွေလျက်နေကြ၏။-
၂ ဒန်အမျိုးသားတို့သည်နယ်မြေကိုစူးစမ်း ရှာဖွေရန် မိမိတို့အနွယ်ဝင်အိမ်ထောင်စု အပေါင်းမှ အရည်အချင်းရှိသူလူငါး ယောက်ကိုရွေးချယ်၍ဇောရာမြို့နှင့်ဧရှ တောလမြို့တို့မှစေလွှတ်လိုက်ကြ၏။ ထို သူတို့သည်တောင်ကုန်းဒေသဖြစ်သော ဧဖရိမ်ပြည်သို့ရောက်လာသောအခါ မိက္ခာ၏အိမ်တွင်တည်းခိုကြ၏။-
၃ ထိုအိမ်တွင်ရှိနေစဉ်လူတို့သည်လေဝိလူ ငယ်ပြောဆိုသည့်စကားသံကိုသတိထား မိကြသဖြင့် သူ့ထံသို့သွားပြီးလျှင်``သင် သည်ဤအရပ်သို့အဘယ်ကြောင့်ရောက်နေ ပါသနည်း။ သင့်အားဤအရပ်သို့အဘယ် သူခေါ်ဆောင်လာပါသနည်း'' ဟုမေးကြ၏။
၄ သူကလည်း``ငါသည်မိက္ခာနှင့်အမှုတစ်ခု အတွက် သဘောတူထားပါသည်။ သူသည်ငါ့ အားအခပေး၍မိမိ၏ယဇ်ပုရောဟိတ် အဖြစ်ဖြင့်ငှားရမ်းထားပါသည်'' ဟုပြန် ပြော၏။
၅ ထိုအခါသူတို့က``ငါတို့သည်ဤခရီးတွင် အောင်မြင်မှုရှိမည်မရှိမည်ကို ဘုရားသခင် အားကျေးဇူးပြု၍လျှောက်ထားမေးမြန်း ပေးပါ'' ဟုဆိုကြ၏။
၆ ယဇ်ပုရောဟိတ်က``မည်သို့မျှသင်တို့စိုးရိမ် ရန်မလိုပါ။ ဘုရားသခင်သည်ဤခရီးတွင် သင်တို့အားစောင့်ရှောက်တော်မူလျက်ရှိပါ သည်'' ဟုပြန်ပြော၏။
၇ ထို့ကြောင့်ထိုလူငါးယောက်တို့သည်လဲရှ မြို့သို့ထွက်သွားကြ၏။ ထိုမြို့သားတို့သည် ဇိဒုန်မြို့သားများကဲ့သို့ အေးဆေးငြိမ်းချမ်း စွာနေထိုင်ကြသူများဖြစ်ကြောင်း၊ မည်သူ နှင့်မျှအငြင်းမပွားတတ်ကြောင်း၊ သူတို့ လိုအပ်သမျှတို့ကိုလည်းရရှိကြကြောင်း၊ သူတို့သည်ဇိဒုန်မြို့သားတို့နှင့်အလွန် အလှမ်းကွာရာတွင်နေထိုင်ကြလျက် အခြားအဘယ်လူမျိုးနှင့်မျှလည်း အဆက်အသွယ်မရှိကြကြောင်းကို စူးစမ်းသိရှိကြလေသည်။-
၈ ထိုသူငါးယောက်တို့သည်ဇောရာမြို့နှင့် ဧရှတောလမြို့တို့သို့ပြန်လည်ရောက်ရှိ ကြသောအခါ အမျိုးသားချင်းတို့က``သင် တို့အဘယ်သို့စုံစမ်းတွေ့ရှိခဲ့ရသနည်း'' ဟုမေးမြန်းကြ၏။-
၉ သူတို့ကလည်း``လာကြ၊ လဲရှမြို့ကိုငါ တို့သွားရောက်တိုက်ခိုက်ကြကုန်အံ့။ ထို နယ်မြေသည်အလွန်ကောင်းမွန်ကြောင်း ကိုငါတို့တွေ့မြင်ခဲ့ရပြီ။ ဤအရပ်တွင် ဆိုင်းလင့်၍နေကြမည်လော။ အလျင် အမြန်ထိုနယ်မြေကိုဝင်ရောက်သိမ်းယူ ကြကုန်အံ့။-
၁၀ ထိုအရပ်သို့သင်တို့ရောက်ကြသောအခါ လူတို့သည် စိုးစဉ်းမျှမယုံသင်္ကာမဖြစ်ကြ သည်ကိုတွေ့ရှိရကြလိမ့်မည်။ ထိုနယ်မြေ သည်ကျယ်ပြန့်၍လူသားတို့လိုချင်တောင့် တသောအရာတို့နှင့်လည်းပြည့်စုံ၏။ ထို နယ်မြေကိုသင်တို့အားဘုရားသခင်ပေး သနားတော်မူလေပြီ'' ဟုဆိုကြ၏။
၁၁ သို့ဖြစ်၍ဒန်အနွယ်ဝင်လူပေါင်းခြောက်ရာ တို့သည် တိုက်ပွဲဝင်ရန်အသင့်ပြင်လျက် ဇောရာမြို့နှင့်ဧရှတောလမြို့တို့မှထွက်ခွာ သွားလေသည်။-
၁၂ သူတို့သည်ယုဒပြည်၊ ကိရယတ်ယာရိမ်မြို့၌ တပ်စခန်းချကြ၏။ ထိုအကြောင်းကြောင့်ထို အရပ်သည်ဒန်တပ်စခန်းဟူ၍ယနေ့တိုင် အောင်အမည်တွင်သတည်း။-
၁၃ သူတို့သည်ထိုအရပ်မှဆက်လက်၍ခရီး ပြုကြရာ ဧဖရိမ်တောင်ကုန်းဒေသရှိမိက္ခာ ၏အိမ်သို့ရောက်ကြ၏။
၁၄ ထိုအခါလဲရှနယ်သို့သွားရောက်စူးစမ်း ထောက်လှမ်းခဲ့သောလူငါးယောက်တို့က မိမိ တို့၏အပေါင်းအဖော်များအား``ဤအိမ်စု အနက်အိမ်တစ်လုံးတွင်ငွေဖြင့်မွမ်းမံထား သည့်ရုပ်တုတစ်ခုရှိသည်ကို သင်တို့သိကြ ပါ၏လော။ ထိုအိမ်တွင်အခြားရုပ်တုများ နှင့်သင်တိုင်းတော်တစ်ခုလည်းရှိ၏။ ငါတို့ အဘယ်သို့ပြုသင့်သည်ဟုသင်တို့ထင် မြင်ကြပါသနည်း'' ဟုမေး၏။-
၁၅ သို့ဖြစ်၍သူတို့သည်လေဝိလူငယ်နေထိုင် ရာ မိက္ခာ၏အိမ်သို့သွား၍သူ့အားနှုတ်ခွန်း ဆက်ကြ၏။-
၁၆ တိုက်ခိုက်ရန်အသင့်ရှိသောဒန်အနွယ်ဝင် စစ်သည် ခြောက်ရာတို့သည်ဝင်းတံခါးဝ တွင်စောင့်ဆိုင်းနေကြ၏။-
၁၇ ထောက်လှမ်းရန်သွားရောက်ခဲ့သောလူငါး ယောက်တို့သည် အိမ်ထဲသို့ဝင်၍ငွေဖြင့်မွမ်း မံထားသည့်ရုပ်တုနှင့်အခြားရုပ်တုများကို လည်းကောင်း၊ သင်တိုင်းတော်ကိုလည်းကောင်းယူ ကြ၏။ ထိုအချိန်၌ယဇ်ပုရောဟိတ်သည်စစ် သားခြောက်ရာနှင့်အတူဝင်းတံခါးဝတွင် ရှိသတည်း။
၁၈ မိက္ခာ၏အိမ်သို့ထိုသူတို့ဝင်၍ရုပ်တုများ နှင့် သင်တိုင်းတော်တို့ကိုယူကြသောအခါ ယဇ်ပုရောဟိတ်ကသူတို့အား``သင်တို့သည် အဘယ်သို့ပြုကြပါသနည်း'' ဟုမေး၏။
၁၉ သူတို့ကလည်း``ဆိတ်ဆိတ်နေလော့။ စကား တစ်ခွန်းမျှမပြောနှင့်။ သင်သည်ငါတို့နှင့် အတူလိုက်၍ငါတို့အားအကြံပေးသူ အဖြစ်ဆောင်ရွက်ပါလော့။ လူတစ်ယောက် ၏အိမ်ထောင်အတွက်ယဇ်ပုရောဟိတ်ပြု ရခြင်းထက် ဣသရေလအနွယ်ဝင်တစ် ခုလုံးအတွက်ပြုရခြင်းကသင့်အဖို့ ပို၍ကောင်းမည်မဟုတ်ပါလော'' ဟု ပြောကြ၏။-
၂၀ ထိုအခါယဇ်ပုရောဟိတ်သည်လွန်စွာ ဝမ်းမြောက်သဖြင့် ရုပ်တုများနှင့်သင်တိုင်း တော်တို့ကိုယူ၍ထိုလူစုနှင့်အတူ လိုက်သွားလေသည်။
၂၁ သူတို့သည်ပြန်လှည့်ပြီးလျှင်ထွက်ခွာ သွားကြ၏။ မိမိတို့၏သားသမီးများ၊ တိရစ္ဆာန်များနှင့်ဝန်စည်စလယ်များကို ရှေ့မှအလျင်သွားနှင့်စေကြ၏။-
၂၂ ထိုသူတို့အတန်ငယ်ခရီးရောက်သောအခါ မိက္ခာသည် မိမိ၏အိမ်နီးချင်းတို့တိုက်ပွဲဝင် ရန်စုရုံးလေသည်။ သူတို့သည်ဒန်အမျိုး သားတို့အားလိုက်၍မီသောအခါ၊-
၂၃ ဟစ်ခေါ်ကြ၏။ သူတို့သည်လည်းလှည့်၍ကြည့် ပြီးလျှင် မိက္ခာအား``သင်တို့တွင်အဘယ်အရေး အခင်းရှိသနည်း။ ဤလူထုနှင့်အဘယ်ကြောင့် လိုက်လာကြသနည်း'' ဟုမေး၏။
၂၄ မိက္ခာကလည်း`` `အဘယ်အရေးအခင်းရှိ သနည်း' ဟုဆိုရာ၌သင်တို့အဘယ်သို့ဆို လိုပါသနည်း။ သင်တို့သည်ငါ၏ယဇ်ပုရော ဟိတ်နှင့် ငါထုလုပ်ထားသောရုပ်တုတို့ကို ယူသွားကြပါသည်တကား။ ငါ၌အဘယ် အရာကျန်ရှိသေးသနည်း'' ဟုပြန်ပြော လေ၏။
၂၅ ဒန်အမျိုးသားတို့က``ဤသူတို့သည်အမျက် ထွက်၍ သင်တို့အားမတိုက်ခိုက်စေလိုလျှင် နောက်ထပ်စကားတစ်ခွန်းမျှမပြောပါနှင့်။ သင်နှင့်သင်၏အိမ်ထောင်စုတစ်ခုလုံးသေ သွားလိမ့်မည်'' ဟုဆိုကြ၏။-
၂၆ ထိုနောက်သူတို့သည်ခရီးဆက်ကြ၏။ မိက္ခာ သည်သူတို့အားခုခံတိုက်ခိုက်နိုင်စွမ်းမရှိ သည်ကို သိသဖြင့်လှည့်၍အိမ်သို့ပြန်လေ၏။
၂၇-၂၈ ဒန်အမျိုးသားတို့သည်ယဇ်ပုရောဟိတ်နှင့် တကွမိက္ခာပြုလုပ်ထားသည့်ရုပ်တုများကို ယူပြီးနောက် အေးဆေးငြိမ်းချမ်းစွာနေထိုင် ကြသူတို့၏လဲရှမြို့သို့သွားရောက်တိုက် ခိုက်ကြ၏။ ထိုမြို့သည်ဗက်ရဟောဘမြို့ တည်ရှိရာချိုင့်ဝှမ်း၌ပင်တည်ရှိသည်။ သူ တို့သည်မြို့သားတို့ကိုသတ်၍မြို့ကိုလည်း မီးရှို့ပစ်ကြ၏။ သူတို့အားကယ်ဆယ်သည့် သူတစ်စုံတစ်ယောက်မျှမရှိချေ။ အဘယ် ကြောင့်ဆိုသော်လဲရှမြို့သည်ဇိဒုန်မြို့နှင့် အလွန်ခရီးလှမ်းသည့်ပြင် လဲရှမြို့သား တို့သည်အခြားလူတို့နှင့်ဆက်သွယ်မှု လုံးဝမရှိသောကြောင့်ဖြစ်၏။ ဒန်အမျိုး သားတို့သည်ထိုမြို့ကိုပြန်လည်တည် ထောင်ကာအတည်တကျနေထိုင်ကြ လေသည်။-
၂၉ ယင်းအမည်လဲရှမြို့ကိုလည်းယာကုပ် ၏သား မိမိတို့၏ဘိုးဘေးဖြစ်သူဒန်ကို အစွဲပြု၍ဒန်မြို့ဟုပြောင်းလဲခေါ်ဝေါ် ကြ၏။-
၃၀ ဒန်အမျိုးသားတို့သည်မိက္ခာပြုလုပ်သည့်ရုပ် တုကိုတည်ထားပြီးလျှင် ဝတ်ပြုကိုးကွယ် ကြလေသည်။ မောရှေ၏မြေး၊ ဂေရရှုံ၏ သားယောနသန်က သူတို့၏ယဇ်ပုရော ဟိတ်အဖြစ်ဖြင့်ဆောင်ရွက်လေသည်။ သူ၏ သားစဉ်မြေးဆက်တို့သည်လည်း ဣသရေလ အမျိုးသားတို့ဖမ်းဆီးသိမ်းသွားခြင်း ခံရချိန်တိုင်အောင် သူတို့၏ယဇ်ပုရော ဟိတ်များအဖြစ်ဖြင့်ဆောင်ရွက်ကြ၏။-
၃၁ ရှိလောမြို့၌ဘုရားသခင်အားဝတ်ပြုကိုး ကွယ်ရာတဲတော်ရှိနေသမျှကာလပတ် လုံး မိက္ခာပြုလုပ်သည့်ရုပ်တုသည်လည်းထို အရပ်၌တည်ရှိနေသတည်း။