ဂါဇမြို့သို့ရှံဆုန်ရောက်ရှိခြင်း
၁၆
၁ တစ်နေ့သ၌ရှံဆုန်သည် ဖိလိတ္တိအမျိုးသား တို့နေထိုင်ရာဂါဇမြို့သို့သွားရောက်၏။ ထို မြို့တွင်ပြည့်တန်ဆာမတစ်ဦးကိုတွေ့၍သူ နှင့်အိပ်စက်လေသည်။-
၂ ဂါဇမြို့သားတို့သည်ရှံဆုန်ရောက်ရှိနေကြောင်း ကိုကြားသိကြသဖြင့် ထိုအိမ်ကိုဝိုင်းရံထား ပြီးလျှင်တစ်ညလုံးမြို့တံခါးဝမှစောင့်နေ ကြ၏။ ``ငါတို့သည်သူ့အားမိုးလင်းသည်တိုင် အောင်စောင့်ဆိုင်းပြီးမှသတ်ပစ်မည်'' ဟုကြံ စည်ကာဆိတ်ငြိမ်စွာနေကြ၏။-
၃ သို့ရာတွင်ရှံဆုန်သည်သန်းခေါင်တိုင်အောင် သာအိပ်ပြီးနောက်ထ၍တံခါးရွက်၊ တံခါး တိုင်၊ ကန့်လန့်ကျင်နှင့်တကွမြို့တံခါးကို ဆွဲနုတ်ပြီးလျှင်ပခုံးပေါ်မှာထမ်း၍ ဟေဗြုန် မြို့အနီးတောင်ထိပ်ပေါ်သို့ယူဆောင်သွား လေသည်။
ရှံဆုန်နှင့်ဒေလိလ
၄ ထိုနောက်ရှံဆုန်သည်စောရက်ချိုင့်တွင် နေထိုင် သောဒေလိလအမည်ရှိသောအမျိုးသမီး ကိုချစ်ကြိုက်ပြန်၏။-
၅ ဖိလိတ္တိဘုရင်ငါးပါးတို့သည်ဒေလိလထံ သို့လာ၍``ရှံဆုန်သည်အဘယ်ကြောင့်ဤမျှ ခွန်အားကြီးရကြောင်းကိုလည်းကောင်း၊ သူ့ အားအဘယ်သို့နှိမ်နင်း၍ချည်နှောင်ထား နိုင်ကြောင်းကိုလည်းကောင်းသိရှိရန်သူ့အား ဖြားယောင်း၍မေးပါ။ ငါတို့တစ်ယောက်လျှင် ငွေတစ်ဆယ့်တစ်ပိဿာစီပေးပါမည်'' ဟုပြော၏။
၆ သို့ဖြစ်၍ဒေလိလသည်ရှံဆုန်အား``သင်သည် ဤမျှခွန်အားကြီးရခြင်းမှာအဘယ်ကြောင့် နည်း။ သင့်အားအဘယ်နည်းဖြင့်ချည်နှောင်၍ အနိုင်ရနိုင်ပါမည်နည်း'' ဟုမေး၏။
၇ ရှံဆုန်က``မခြောက်သေးသောလေးကြိုးအသစ် ခုနစ်ပင်ဖြင့်ငါ့ကိုချည်နှောင်ထားမည်ဆို လျှင် ငါသည်အခြားသူများနည်းတူအား လျော့လိမ့်မည်'' ဟုဆို၏။
၈ သို့ဖြစ်၍ဖိလိတ္တိဘုရင်တို့သည်မခြောက်သေး သောလေးကြိုးအသစ်ခုနစ်ပင်ကိုဒေလိလ အားပေးသဖြင့် ဒေလိလသည်ရှံဆုန်အား ချည်နှောင်ထားလိုက်လေသည်။-
၉ သူမသည်အခြားအခန်းတစ်ခုထဲ၌လူ အချို့ကိုစောင့်၍နေစေပြီးလျှင်``ရှံဆုန်၊ ဖိလိတ္တိ အမျိုးသားတို့လာနေကြပြီ'' ဟုဟစ်အော်၏။ သို့ရာတွင်ရှံဆုန်သည်ထိုလေးကြိုးတို့ကိုမီး ထိသည့်ချည်မျှင်သဖွယ်ဖြတ်တောက်ပစ်လိုက် လေသည်။ သို့ဖြစ်၍သူတို့သည်သူခွန်အား ကြီးရခြင်း၏လျှို့ဝှက်ချက်ကိုမသိနိုင် ကြသေးပေ။
၁၀ ဒေလိလကရှံဆုန်အား``သင်သည်ကျွန်မ အားမှန်ရာကိုမပြောဘဲအရူးလုပ်လေ ပြီ။ သင့်အားအဘယ်သို့ချည်နှောင်ထားနိုင် မည်ကိုကျွန်မအားကျေးဇူးပြု၍ပြောပြ ပါ'' ဟုဖြားယောင်းပြောဆို၏။
၁၁ သူကလည်း``ငါ့အားတစ်ကြိမ်တစ်ခါမျှ အသုံးမပြုရသေးသည့်ကြိုးသစ်များဖြင့် ချည်နှောင်မည်ဆိုလျှင် ငါသည်အခြားသူ များကဲ့သို့ပင်အားလျော့ပေအံ့'' ဟုပြန် ပြော၏။
၁၂ သို့ဖြစ်၍ဒေလိလသည်ကြိုးသစ်ကိုယူ ပြီးလျှင် သူ့အားချည်နှောင်လေသည်။ ထို နောက်``ရှံဆုန်၊ ဖိလိတ္တိအမျိုးသားတို့လာနေ ကြပြီ'' ဟုဟစ်အော်၏။ လူတို့သည်အခန်း တစ်ခုထဲတွင်စောင့်နေကြ၏။ သို့ရာတွင် ရှံဆုန်သည်မိမိလက်များမှကြိုးတို့ကို ချည်မျှင်သဖွယ်ဖြတ်တောက်လိုက်လေသည်။
၁၃ ဒေလိလကရှံဆုန်အား``သင်သည်ကျွန်မအား မှန်ရာကိုမပြောဘဲအရူးလုပ်လျက်ပင်ရှိနေ ပါသေး၏။ သင့်အားအဘယ်သို့ချည်နှောင်ထား ရမည်ကိုကျွန်မအားပြောပါလော့'' ဟုဖြား ယောင်းပြောဆိုပြန်၏။
ရှံဆုန်က``ငါ၏ဆံပင်ခုနစ်စုကိုယက်ကန်း စင်ထဲသို့ယက်သွင်းကာ သပ်နှင့်ရိုက်၍ထား မည်ဆိုလျှင်ငါသည်အခြားသူများနည်း တူအားလျော့လိမ့်မည်'' ဟုပြော၏။
၁၄ ထိုအခါဒေလိလသည်သူ့အားချော့၍ သိပ်ပြီးလျှင် သူ၏ဆံပင်ခုနစ်စုကိုယူ၍ ရက်ကန်းစင်ထဲသို့ရက်သွင်းကာသပ်ရိုက် ထားလိုက်၏။ ထိုနောက်``ရှံဆုန်၊ ဖိလိတ္တိအမျိုး သားတို့လာနေကြပြီ'' ဟုဟစ်အော်လေသည်။ သို့ရာတွင်ရှံဆုန်သည်နိုးထပြီးလျှင် မိမိ ၏ဆံပင်ကိုယက်ကန်းစင်မှဆွဲထုတ်လိုက် ၏။
၁၅ သို့ဖြစ်၍ဒေလိလကသူအား``သင်သည် ကျွန်မကိုတကယ်မချစ်ဘဲနှင့်ချစ်ပါသည် ဟု အဘယ်သို့ပြောနိုင်ပါသနည်း။ ကျွန်မ အားသင်အရူးလုပ်ခဲ့သည်မှာသုံးကြိမ်တိုင် တိုင်ရှိလေပြီ။ သင်သည်ယခုတိုင်အောင်ပင် မိမိအဘယ်ကြောင့်သန်စွမ်းရကြောင်းကို ကျွန်မအားပြောမပြသေးပါတကား'' ဟုဆို၏။-
၁၆-၁၇ ဤသို့လျှင်သူသည်ဆက်လက်၍တစ်နေ့ပြီး တစ်နေ့မေးမြန်းလျက်နေရကား ရှံဆုန်သည် ဒေလိလ၏ပူဆာမှုကိုလွန်စွာငြီးငွေ့လာ ပြီးလျှင်နောက်ဆုံး၌``ငါ၏ဆံပင်သည်တစ် ကြိမ်တစ်ခါမျှမရိတ်မဖြတ်ရသေး။ ငါ သည်လည်းမွေးစကပင်လျှင်နာဇရိဂိုဏ်း ဝင်အဖြစ်ဖြင့် ဘုရားသခင်အားဆက်ကပ် ထားသူဖြစ်သည်။ အကယ်၍ငါ၏ဆံပင်ကို ရိတ်ဖြတ်လိုက်သည်ရှိသော်ငါသည်ခွန်အား ဆုတ်ယုတ်၍သူတစ်ပါးနည်းတူအားနည်း ပေအံ့'' ဟုအမှန်အတိုင်းထုတ်ဖော်ပြော ဆိုလိုက်တော့၏။
၁၈ ယင်းသို့အမှန်အတိုင်းပြောဆိုသည်ကို ဒေလိလသိသောအခါ သူသည်ဖိလိတ္တိ ဘုရင်တို့ထံသို့လူလွှတ်၍``ဤတစ်ကြိမ် ပြန်လာခဲ့ကြပါ။ ကျွန်မသည်ရှံဆုန်ထံ မှမှန်ရာကိုသိရှိရပါပြီ'' ဟုပြောကြား လိုက်၏။ ထိုသူတို့သည်လည်းငွေများ ကိုယူ၍လာကြ၏။-
၁၉ ဒေလိလသည်ရှံဆုန်အားမိမိ၏ပေါင်ပေါ် တွင်ချော့၍သိပ်ပြီးမှ လူတစ်ယောက်ကိုခေါ် ၍ရှံဆုန်၏ဆံပင်ခုနစ်စုကိုရိတ်ဖြတ်စေ၏။ ရှံဆုန်၌ခွန်အားပျောက်ကွယ်သွားပြီဖြစ်၍ ဒေလိလသည်သူ့အားစတင်ညှင်းပန်းလေ တော့သည်။-
၂၀ သူသည်``ရှံဆုန်၊ ဖိလိတ္တိအမျိုးသားတို့လာ နေကြပြီ'' ဟုဟစ်အော်၏။ ထိုအခါရှံဆုန် သည်အိပ်ရာမှနိုးထ၍ယခုတစ်ကြိမ်လည်း ခါတိုင်းကဲ့သို့ပင် မိမိလွတ်မြောက်နိုင်လိမ့် မည်ဟုထင်မှတ်၏။ မိမိအားထာဝရဘုရား စွန့်ခွာသွားတော်မူပြီဖြစ်ကြောင်းကိုမူသူ မသိ။-
၂၁ ဖိလိတ္တိအမျိုးသားတို့သည်လည်းသူ့အား ဖမ်းဆီးကာသူ၏မျက်စိကိုဖောက်ပြီး နောက် သူ့အားဂါဇမြို့သို့ခေါ်ဆောင်၍ ကြေးဝါကြိုးများဖြင့်ချည်နှောင်ပြီးလျှင် ထောင်ထဲ၌ကြိတ်ဆုံကျောက်ကိုလှည့်စေ ကြ၏။-
၂၂ သို့ရာတွင်သူ၏ဆံပင်သည်ပြန်၍ရှည်စ ပြုလာလေသည်။
ရှံဆုန်သေဆုံးခြင်း
၂၃ ဖိလိတ္တိဘုရင်တို့သည်မိမိတို့၏ဘုရားဒါဂုန် အား ယဇ်ပူဇော်ရန်နှင့်အောင်ပွဲခံရန်အတွက် စုဝေးကြ၏။ သူတို့က``ငါတို့၏ဘုရားသည် ငါတို့အားမိမိတို့ရန်သူရှံဆုန်၏အပေါ် ၌အောင်ပွဲခံစေတော်မူပြီ'' ဟုသီဆိုကြ၏။-
၂၄-၂၅ သူတို့သည်အလွန်ပျော်ရွှင်လျက်``ရှံဆုန်ကိုခေါ် ခဲ့ကြ။ သူ့အားငါတို့ကိုဖျော်ဖြေစေမည်'' ဟုဆို ကြ၏။ သူတို့သည်ရှံဆုန်ကိုထောင်ထဲမှခေါ်ဆောင် ၍ မိမိတို့အားဖျော်ဖြေစေ၏။ မဏ္ဍပ်တိုင်မကြီး အကြားတွင်ရပ်စေ၏။ လူတို့သည်သူ့ကိုမြင် လေလျှင်``ငါတို့၏ဘုရားသည်ငါတို့ပြည်ကို ယိုယွင်းပျက်စီးစေ၍ ငါတို့လူအမြောက် အမြားကိုသတ်ဖြတ်ခဲ့သောရန်သူ၏အပေါ် ၌ငါတို့အားအောင်ပွဲခံစေတော်မူပြီ'' ဟု မိမိတို့ဘုရား၏ဂုဏ်ကျေးဇူးကိုချီးမွမ်း၏။-
၂၆ ရှံဆုန်သည်မိမိအားလက်ဆွဲ၍ခေါ်ယူလာ သောသူငယ်အား``မဏ္ဍပ်တိုင်မကြီးတို့ကိုငါ့ အားကိုင်ခွင့်ပြုပါ။ ယင်းတို့ကိုငါမှီ၍နေ လိုပါသည်'' ဟုပြော၏။-
၂၇ ထိုမဏ္ဍပ်သည်အမျိုးသားအမျိုးသမီးများ နှင့်ပြည့်လျှံလျက်ရှိ၏။ ဖိလိတ္တိဘုရင်ငါးပါး တို့သည်လည်းထိုမဏ္ဍပ်တွင်ရှိကြ၏။ အမျိုး သားအမျိုးသမီးစုစုပေါင်းသုံးထောင်ခန့် သည် မဏ္ဍပ်အမိုးပေါ်မှရှံဆုန်ဖျော်ဖြေနေ သည်ကိုကြည့်ရှုလျက်ရှိကြ၏။
၂၈ ထိုအခါရှံဆုန်က``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်ကိုအောက်မေ့သတိရတော်မူပါ။ အို ဘုရားသခင်၊ အကျွန်ုပ်၏မျက်စိနှစ်လုံးကို ဖောက်ပစ်သည့်အတွက် ဖိလိတ္တိအမျိုးသားတို့ အားတစ်ချက်တည်းဖြင့်လက်စားချေနိုင်ရန် အကျွန်ုပ်အားဤတစ်ကြိမ်သာလျှင်ခွန်အား ကိုပြန်လည်ရရှိစေတော်မူပါ'' ဟုဆု တောင်းပတ္ထနာပြုလေသည်။-
၂၉ ထိုနောက်သူသည်မဏ္ဍပ်ဗဟိုတိုင်မကြီးနှစ်ခု ကို လက်တစ်ဘက်စီဖြင့်ကိုင်၍တွန်းပြီးလျှင်၊-
၃၀ ``အကျွန်ုပ်အားဖိလိတ္တိလူတို့နှင့်အတူသေခွင့် ပြုတော်မူပါ'' ဟုဟစ်အော်၏။ သူသည်အစွမ်းကုန် တွန်းလိုက်ရာမဏ္ဍပ်သည် ဘုရင်ငါးပါးနှင့်တကွ ရှိသမျှသောလူတို့အပေါ်သို့ပြိုကျလေသည်။ ရှံဆုန်သည်သေဆဲအချိန်၌သတ်ခဲ့သည့်လူ ဦးရေမှာအသက်ရှင်စဉ်အခါကသတ်ခဲ့ သည့်လူဦးရေထက်ပို၍များပြား၏။
၃၁ ရှံဆုန်၏ညီများနှင့်အခြားအိမ်ထောင်စု သားတို့သည် လာရောက်၍သူ၏ရုပ်အလောင်း ကိုယူပြီးလျှင် ဇောရာမြို့နှင့်ဧရှတောလ မြို့စပ်ကြားရှိဖခင်ဖြစ်သူမာနော်၏သင်္ချိုင်း ဂူတွင်သင်္ဂြိုဟ်ကြ၏။ သူသည်နှစ်ပေါင်းနှစ် ဆယ်တိုင်တိုင်ဣသရေလလူမျိုး၏ခေါင်း ဆောင်ဖြစ်ခဲ့သတည်း။