၆၂
၁ ငါသည်ယေရုရှလင်မြို့ကိုအားပေးစကား ဖွင့်ဟပြောဆိုမည်။
ထိုမြို့သည်ကယ်တင်ခြင်းကိုခံရ၍သူ၏ အောင်မြင်ခြင်းသည်
မီးရှူးတိုင်သဖွယ်ထွန်းတောက်၍
မလာမချင်း၊ငါသည်ဇိအုန်မြို့အတွက် ဆိတ်ဆိတ်နေလိမ့်မည်မဟုတ်။
၂ အို ယေရုရှလင်မြို့၊လူမျိုးတကာတို့သည်
သင်၏အောင်မြင်ခြင်းကိုတွေ့မြင် ရကြလိမ့်မည်။
ဘုရင်အပေါင်းတို့သည်လည်းသင်၏ဘုန်း အသရေကို တွေ့မြင်ရကြလိမ့်မည်။
သင်သည်ထာဝရဘုရားကိုယ်တော်တိုင် ပေးတော်မူသည့်နာမည်သစ်ကိုရရှိလိမ့်မည်။
၃ သင်သည်ထာဝရဘုရားအတွက်
အလွန်လှပတင့်တယ်သောဦးရစ်သရဖူသဖွယ် ဖြစ်လိမ့်မည်။
၄ ``စွန့်ပစ်ခြင်းကိုခံရသူ'' ဟုနာမည်တွင် တော့မည်မဟုတ်။
သင်၏ပြည်သည်လည်း``အပယ်ခံဇနီး'' ဟူသောနာမည်ကိုခံယူရတော့မည်မဟုတ်။
သင်၏နာမည်သစ်မှာ``ဘုရားသခင်နှစ်သက် မြတ်နိုးသူ'' ဟူ၍ဖြစ်လိမ့်မည်။
သင်၏ပြည်သည်လည်း``ပျော်ရွှင်စွာထိမ်းမြား ထားသူ'' ဟုနာမည်တွင်လိမ့်မည်။
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် သင့်ကိုနှစ်သက်တော်မူသဖြင့်၊
ခင်ပွန်းဖြစ်သူသည်မိမိဇနီးကိုမြတ်နိုး သကဲ့သို့၊ သင်၏ပြည်ကိုလည်းမြတ်နိုးတော်မူလိမ့်မည်။
၅ ထာဝရဘုရားသည်သင့်ကိုမင်္ဂလာဆောင် သတို့သမီးသဖွယ်သိမ်းပိုက်တော်မူလိမ့်မည်။
မင်္ဂလာဆောင်သတို့သမီးကိုသတို့သားသည် နှစ်သက်သကဲ့သို့၊
ဘုရားသခင်သည်သင့်ကိုနှစ်သက်တော်မူ လိမ့်မည်။
၆ အို ယေရုရှလင်မြို့၊ငါသည်သင်၏မြို့ရိုးများ ပေါ်တွင် အစောင့်တပ်သားများကိုချထား၏။
သူတို့သည်နေ့ရောညဥ့်ပါအခါခပ်သိမ်း ဆိတ်ဆိတ်နေရကြလိမ့်မည်မဟုတ်။
သူတို့သည်ထာဝရဘုရားအား
မိမိ၏ကတိတော်များကိုအောက်မေ့ သတိရအောင် ပြုရကြမည်။
အဘယ်အခါ၌မျှမမေ့လျော့စေရန် သတိပေးရကြမည်။
၇ ကိုယ်တော်သည်ယေရုရှလင်မြို့ကိုပြန်လည် ထူထောင်ကာ၊
ကမ္ဘာတစ်ဝှမ်းလုံးကချီးမွမ်းထောမနာပြုရာမြို့ အဖြစ်သို့ရောက်စေတော်မမူမီတိုင်အောင်၊
သူတို့သည်ကိုယ်တော်အားအငြိမ်နေစေ ကြလိမ့်မည်မဟုတ်။
၈ ထာဝရဘုရားသည်တန်ခိုးကြီးသောလက်ယာ လက်တော်နှင့်ကျိန်ဆိုတော်မူသည်။
``သင်၏ကောက်ပဲသီးနှံများသည်ရန်သူတို့အတွက် ရိက္ခာဖြစ်ရတော့မည်မဟုတ်။
လူမျိုးခြားတို့သည်လည်းသင်ကြိုးစား၍
လုပ်ဆောင်ခဲ့သောစပျစ်ရည်ကိုသောက်ရကြ တော့မည်မဟုတ်။
၉ သို့ရာတွင်အသီးအနှံများကိုစိုက်ပျိုး ရိတ်သိမ်း သူသင်တို့သာလျှင်၊
ယင်းတို့ကိုစားသုံးကြလျက်၊ထာဝရဘုရား အား ထောမနာပြုရကြလိမ့်မည်။
စပျစ်သီးများကိုပြုစုဆွတ်ခူးသူသင်တို့ သာလျှင်
ငါ၏ဗိမာန်တော်တန်တိုင်းအတွင်း၌ စပျစ်ရည်ကို သောက်ရကြလိမ့်မည်။''
၁၀ ယေရုရှလင်မြို့သူမြို့သားတို့၊ မြို့တွင်းမှ ထွက်ကြလော့။
ပြည်တော်ပြန်သင်တို့၏အမျိုးသားများ အတွက် လမ်းကိုဖောက်လုပ်ကြလော့။
လမ်းမကြီးကိုပြင်ဆင်ကြလော့။
ကျောက်ခဲတို့ကိုဖယ်ရှားပစ်ကြလော့။
တိုင်းသူပြည်သားများသိစေရန်အချက်ပြ အလံများတင်ကြလော့။
၁၁ ``သင်တို့၏ကယ်တင်ရှင်ထာဝရဘုရား သည်
မိမိကယ်တင်တော်မူခဲ့သည့်လူတို့ကို ခေါ်ဆောင်ကာ ကြွလာတော်မူလိမ့်မည်'' ဟု
ယေရုရှလင်မြို့သားတို့အားပြောပြကြရန်၊
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့အားထာဝရ ဘုရား ကြေညာလျက်နေတော်မူပါ၏။
၁၂ သင်တို့သည်``ထာဝရဘုရား၏သန့်ရှင်း မြင့်မြတ်သည့် လူမျိုးတော်၊''
``ထာဝရဘုရားကယ်တင်တော်မူခဲ့သည့် လူမျိုးတော်'' ဟု
ခေါ်ဝေါ်သမုတ်ခြင်းကိုခံရကြလိမ့်မည်။
ယေရုရှလင်မြို့သည်လည်း``ဘုရားသခင် ချစ်မြတ်နိုးသည့်မြို့''
``ဘုရားသခင်စွန့်ပစ်တော်မမူသည့်မြို့'' ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။