ဟေရှာယထံတွင်မင်းကြီးအကြံတောင်း ခံခြင်း
(၄ရာ၊ ၁၉:၁-၇)
၃၇
၁ ထိုသူတို့၏အစီရင်ခံချက်ကိုကြားလျှင် ကြားခြင်း၊ ဟေဇကိမင်းသည်ဝမ်းနည်းပူ ဆွေးလျက် မိမိ၏အဝတ်များဆုတ်ဖြဲပြီး လျှင်လျှော်တေကိုဝတ်၍ ထာဝရဘုရား ၏ဗိမာန်တော်သို့သွားတော်မူ၏။-
၂ မင်းကြီးသည်နန်းတော်အုပ်ဧလျာကိမ်၊ နန်း တော်အတွင်းဝန်ရှေဗနနှင့်အသက်ကြီး သူယဇ်ပုရောဟိတ်များကိုအာမုတ်၏သား ဟေရှာယထံသို့စေလွှတ်တော်မူ၏။ ထိုသူ တို့သည်လည်းလျှော်တေကိုဝတ်ဆင်ထား ကြ၏။-
၃ မင်းကြီးက``ယနေ့သည်ဒုက္ခရောက်ရာနေ့ ဖြစ်ပါ၏။ အကျွန်ုပ်တို့သည်အပြစ်ဒဏ်ကို ခံရ၍အရှက်ကွဲလျက်ရှိကြပါ၏။ အကျွန်ုပ်တို့သည်အချိန်ရောက်သော်လည်း ခွန်အားမရှိသဖြင့် သားမဖွားနိုင်သည့် အမျိုးသမီးနှင့်တူပါ၏။-
၄ အာရှုရိဧကရာဇ်သည်မိမိ၏ဗိုလ်ချုပ်ကို စေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အားစော်ကားသည့်စကားများကို ပြောဆိုစေပါ၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည်ထိုစကားတို့ကို ကြားတော်မူ၍ ယင်းသို့ပြောဆိုသူတို့ အားအပြစ်ဒဏ်စီရင်တော်မူပါစေသော၊ သင်သည်လည်းအသက်မသေဘဲကျန်ရှိ နေသေးသူအကျွန်ုပ်တို့လူစုအတွက် ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထ နာပြုပါလော့'' ဟုအမှာစာရေး၍ ဟေရှာယထံပေးပို့လိုက်၏။
၅ ဟေဇကိမင်း၏အမှာစာကိုရရှိသော အခါ၊-
၆ ဟေရှာယသည်``ထာဝရဘုရားကမိမိ အား အာရှုရိအမျိုးသားတို့၏စော်ကား ပြောဆိုသည့်စကားများအတွက် စိတ် အနှောင့်အယှက်မဖြစ်ရန်သင့်အားမိန့် မှာတော်မူပါ၏။-
၇ ထာဝရဘုရားသည်ဧကရာဇ်မင်းအား မိမိ၏ပြည်သို့ပြန်စေရန် သတင်းတစ်စုံတစ် ရာကိုကြားသိစေတော်မူလိမ့်မည်။ ထိုနောက် သူ့ကိုထိုပြည်၌ပင်အဆုံးစီရင်တော်မူ ပေအံ့'' ဟုပြန်ကြားလိုက်၏။
အခြားခြိမ်းခြောက်စာတစ်စောင်ကိုအာရှုရိ အမျိုးသားတို့ပေးပို့ခြင်း
(၄ရာ၊ ၁၉:၈-၁၉)
၈ ဧကရာဇ်မင်းသည်လာခိရှမြို့မှထွက် ခွာပြီးလျှင် အနီးအနားရှိလိဗနမြို့ကို တိုက်ခိုက်လျက်ရှိကြောင်းကြားသိသော အခါ၊ အာရှုရိဗိုလ်ချုပ်သည်မင်းကြီးနှင့် ဆွေးနွေးတိုင်ပင်ရန် ထိုအရပ်သို့သွားလေ သည်။-
၉ ထိုအခါဆူဒန်ဘုရင်တိရက္ကဦးစီးခေါင်း ဆောင်သည့်အီဂျစ်တပ်မတော်သည် မိမိတို့ အားတိုက်ခိုက်ရန်ချီတက်လာကြောင်းအာ ရှုရိအမျိုးသားတို့သတင်းရရှိကြ၏။-
၁၀ ထိုသတင်းကိုကြားသောအခါဧကရာဇ် မင်းသည်ယုဒဘုရင်ဟေဇကိထံသို့သဝဏ် လွှာတစ်စောင်ရေး၍ပေးပို့လိုက်လေသည်။ ထို သဝဏ်လွှာတွင်``သင်ကိုးစားသည့်ဘုရားသခင်က သင်သည်ငါ၏လက်တွင်းသို့ကျ ရောက်ရလိမ့်မည်မဟုတ်ဟု မိန့်တော်မူသော စကားကြောင့်အထင်အမြင်မမှားပါ လေနှင့်။-
၁၁ အာရှုရိဧကရာဇ်သည်မိမိဖျက်ဆီးပစ် ရန် ဆုံးဖြတ်ထားသည့်တိုင်းနိုင်ငံကိုအဘယ် သို့ပြုတော်မူတတ်သည်ကိုသင်ကြားသိ ရပြီးဖြစ်ပါ၏။ သင်ကိုယ်တိုင်ပင်လျှင်ငါ ၏လက်မှလွတ်မြောက်နိုင်လိမ့်မည်ဟုမ ထင်မှတ်ပါနှင့်။-
၁၂ ငါ၏ဘိုးဘေးတို့သည်ဂေါဇန်မြို့၊ ခါရန်မြို့ နှင့်ရေဇပ်မြို့တို့ကိုဖျက်ဆီးပစ်ပြီးလျှင် တေလဇာမြို့တွင်နေထိုင်သူဘေသေဒင် အမျိုးသားတို့အားသုတ်သင်ပစ်ခဲ့ကြ၏။ သူတို့၏ဘုရားများအနက်အဘယ်မည် သောဘုရားမျှသူတို့ကိုမကယ်နိုင်ကြ။-
၁၃ ဟာမတ်မြို့၊ အာပဒ်မြို့၊ သေဖရဝိမ်မြို့၊ ဟေနမြို့နှင့်ဣဝါမြို့တွင်စိုးစံခဲ့သော ဘုရင်များသည်ယခုအဘယ်မှာရှိ ကြပါသနည်း'' ဟုဖော်ပြပါရှိ၏။
၁၄ ဟေဇကိမင်းသည်ထိုသဝဏ်လွှာကိုသံ တမန်များထံမှယူ၍ဖတ်ပြီးလျှင် ဗိမာန် တော်သို့သွား၍ ထာဝရဘုရား၏ရှေ့တော် တွင်ချထား၏။-
၁၅-၁၆ ထိုနောက်``ခမ်းနားတင့်တယ်သည့်ပလ္လင်ပေါ်တွင် စံတော်မူသော အို ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် ရှင်တစ်ပါးတည်းသာလျှင် ကမ္ဘာနိုင်ငံအရပ် ရပ်ကိုအစိုးရသောဘုရားဖြစ်တော်မူပါ ၏။ ကိုယ်တော်ရှင်သည်ကမ္ဘာမိုးမြေကိုဖန် ဆင်းတော်မူပါ၏။-
၁၇ အို ထာဝရဘုရား၊ ယခုကျွန်တော်မျိုးတို့ ၏လျှောက်ထားချက်ကိုနားထောင်တော်မူ၍ ကျွန်တော်မျိုးတို့အားကြည့်တော်မူပါ။ အသက်ရှင်တော်မူသောဘုရားတည်းဟူ သောကိုယ်တော်ရှင်အား သနာခရိပ်စော် ကားပြောဆိုသောစကားမှန်သမျှကို နားထောင်တော်မူပါ။-
၁၈ အို ထာဝရဘုရား၊ အာရှုရိဧကရာဇ်မင်း များသည်လူမျိုးတကာတို့ကိုပျက်ပြုန်း စေ၍ သူတို့၏ပြည်များကိုလူသူဆိတ် ငြိမ်ရာဖြစ်စေလျက်-
၁၉ သူတို့၏ဘုရားများကိုလည်းမီးရှို့ပစ် ကြသည်ကို ကျွန်တော်မျိုးတို့သိကြပါ၏။ ထိုဘုရားတို့သည်ဘုရားအစစ်မဟုတ်။ လူ့လက်ဖြင့်လုပ်သည့်သစ်သားရုပ်၊ ကျောက် ရုပ်များသာဖြစ်ပါ၏။-
၂၀ အို ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာ ဝရဘုရား၊ ယခုပင်ကျွန်တော်မျိုးတို့အား အာရှုရိအမျိုးသားတို့၏လက်မှကယ်တော် မူပါ။ သို့မှသာလျှင်ကိုယ်တော်ရှင်တစ်ပါး တည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူကြောင်း ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သိရှိကြပါ လိမ့်မည်'' ဟုဆုတောင်းပတ္ထနာပြုတော်မူ၏။
မင်းကြီးထံသို့ဟေရှာယပေးပို့သည့် သတင်းစကား
(၄ရာ၊ ၁၉:၂၀-၃၇)
၂၁ ထိုနောက်ထာဝရဘုရားသည်မင်းကြီး၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူပြီ ဖြစ်ကြောင်း ဟေရှာယသည်ဟေဇကိမင်း ထံသို့ပေးပို့ရာတွင်-
၂၂ ထာဝရဘုရားက``အချင်းသနာခရိပ်၊ ယေရု ရှလင်မြို့သည်သင့်ကိုကြည့်၍ပြုံးကာပြက် ရယ်ပြုလေပြီ။-
၂၃ သင်သည်အဘယ်သူအားစော်ကားကဲ့ရဲ့လျက် နေသည်ဟုထင်မှတ်ပါသနည်း။ ဣသရေလ အမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်တော်မူ သောငါဘုရားအားမလေးမခန့်ပြု၍ နေပါသည်တကား။-
၂၄ သင်သည်မိမိ၏စစ်ရထားအပေါင်းဖြင့် အမြင့်ဆုံးတောင်များကိုလည်းကောင်း၊ လေ ဗနုန်တောင်ထိပ်များကိုပင်လည်းကောင်းနှိမ် နင်းအောင်မြင်ခဲ့ကြောင်း ငါ့အားကြွားဝါရန် သံတမန်များကိုစေလွှတ်ခဲ့၏။ ထိုအရပ် ရှိအမြင့်ဆုံးအာရဇ်ပင်များနှင့်အလှဆုံး ထင်းရှူးပင်များကိုခုတ်လှဲကာ၊ တောနက် ကြီးများသို့ရောက်ရှိခဲ့ကြောင်းကြွားဝါ ခဲ့၏။-
၂၅ သင်သည်ရေတွင်းများကိုတူး၍တိုင်းတစ်ပါး မှရေကိုသောက်ခဲ့သည်ဟူ၍လည်းကောင်း၊ သင့် တပ်မတော်သားတို့သည်ခြေဖြင့်နင်း၍နိုင်း မြစ်ရေကိုခန်းခြောက်စေခဲ့သည်ဟူ၍လည်း ကောင်းကြွားဝါခဲ့၏။
၂၆ ``ရှေးမဆွကပင်လျှင်ဤအမှုအရာများ ကို ငါစီမံခန့်ခွဲထားခဲ့ကြောင်းသင်အဘယ် ၌မျှမကြားဘူးပါသလော။ ယခုထိုအမှု အရာတို့ကိုငါဖြစ်ပွားစေလေပြီ။ ခံတပ် မြို့များကိုအမှိုက်ပုံအဖြစ်သို့ပြောင်းလဲ ပစ်နိုင်သောတန်ခိုးကိုသင့်အားငါပေးအပ် ခဲ့၏။-
၂၇ ထိုမြို့များတွင်နေထိုင်သူတို့သည်အဘယ် သို့မျှမတတ်နိုင်။ ကြောက်လန့်လျက်ကြက်သေ သေ၍နေကြ၏။ သူတို့သည်အရှေ့လေပူ တိုက်၍ညှိုးနွမ်းသွားသည့်လယ်မြက်များ၊ အိမ်ခေါင်မိုးပေါ်ရှိပေါင်းပင်များနှင့်တူ ကြ၏။''
၂၈ ``သို့ရာတွင်သင်၏အကြောင်းကိုအကုန် အစင်ငါသိ၏။ သင်အဘယ်အမှုကိုပြု ၍အဘယ်အရပ်သို့သွားသည်ကိုလည်း ကောင်း၊ ငါ့အားအဘယ်မျှအမျက်ထွက် လျက်နေသည်ကိုလည်းကောင်းငါသိ၏။-
၂၉ သင်အမျက်ထွက်ပုံ၊ မာန်မာနကြီးပုံတို့ ကိုငါကြားသိရလေပြီ။ သို့ဖြစ်၍၊ ငါသည် သင့်ကိုနှာရှုတ်တပ်၍ဇက်ခွံ့ပြီးလျှင်လာ လမ်းအတိုင်းပြန်စေမည်။''
၃၀ ထိုနောက်ဟေရှာယသည်ဟေဇကိမင်း အား``နောင်အခါဖြစ်ပျက်မည့်အမှုအရာ များ၏ရှေ့ပြေးနိမိတ်ကားဤသို့တည်း။ သင် သည်ယခုနှစ်၌လည်းကောင်း၊ နောင်နှစ်ခါ၌ လည်းကောင်းစပါးရိုင်းကိုသာလျှင်စားရ လိမ့်မည်။ သို့ရာတွင်တတိယနှစ်၌မူဂျုံ စပါးကိုစိုက်ပျိုးရိတ်သိမ်းရလိမ့်မည်။ စပျစ်ပင်များကိုလည်းစိုက်၍စပျစ် သီးများကိုစားရလိမ့်မည်။-
၃၁ ယုဒပြည်တွင်အသက်မသေဘဲကျန်ရှိ နေသူတို့သည်မြေတွင်နက်စွာအမြစ်စွဲ ၍သီးနှံများကိုဆောင်သည့်အပင်ငယ် များကဲ့သို့ရှင်သန်ဖွံ့ဖြိုးကြလိမ့်မည်။-
၃၂ ယေရုရှလင်မြို့နှင့်ဇိအုန်တောင်ပေါ်တွင် လူတို့သည်အသက်မသေဘဲကျန်ရှိနေ ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ယင်းသို့ ကျန်ရှိစေရန် ထာဝရဘုရားသန္နိဋ္ဌာန်ချ မှတ်ထားတော်မူသောကြောင့်ဖြစ်၏။''
၃၃ အာရှုရိဧကရာဇ်မင်း၏အကြောင်းထာဝရ ဘုရားမိန့်တော်မူသည်ကားဤသို့တည်း။ ကိုယ် တော်က``ထိုသူသည်ဤမြို့ကိုဝင်ရလိမ့်မည် မဟုတ်။ မြို့ထဲသို့လည်းမြားတစ်လက်မျှပင် ပစ်ရလိမ့်မည်မဟုတ်။ အဘယ်စစ်သူရဲမျှ ဒိုင်းလွှားကိုကိုင်ဆောင်၍မြို့အနီးသို့ချဉ်း ကပ်ရလိမ့်မည်မဟုတ်။ မြို့ကိုဝိုင်းရံရန်မြေ ကတုတ်များကိုလည်းဖို့လုပ်ရလိမ့်မည် မဟုတ်။-
၃၄ အာရှုရိမင်းသည်မိမိလာလမ်းဖြင့်ပြန်ရ လိမ့်မည်။ သူသည်မြို့ထဲသို့ဝင်ရလိမ့်မည်မ ဟုတ်။ ဤကား၊ ငါထာဝရဘုရားမိန့်တော် မူသောစကားဖြစ်၏။-
၃၅ ငါသည်မိမိ၏ဂုဏ်သိက္ခာကိုလည်းကောင်း၊ ငါ၏အစေခံဒါဝိဒ်အားပေးခဲ့သည့်ကတိ တော်ကိုလည်းကောင်းထောက်၍ဤမြို့ကိုကာ ကွယ်စောင့်ထိန်းမည်'' ဟုမိန့်တော်မူ၏။
၃၆ ထိုညဥ့်၌ထာဝရဘုရား၏ကောင်းကင်တမန် သည် အာရှုရိတပ်စခန်းသို့ဝင်၍တပ်သား တစ်သိန်းရှစ်သောင်းငါးထောင်ကိုသုတ်သင်ပစ် လေသည်။ နောက်တစ်နေ့အရုဏ်တက်ချိန်၌ ထိုသူအပေါင်းတို့သည်လဲ၍သေနေကြ၏။-
၃၇ ထိုအခါအာရှုရိဧကရာဇ်မင်းသည်တပ် ခေါက်၍နိနေဝေမြို့သို့ပြန်တော်မူ၏။-
၃၈ တစ်နေ့သ၌သူသည်မိမိဘုရားနိသရုတ် ၏ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ်၏။ ဝတ်ပြု နေစဉ်သားတော်များဖြစ်သောအာဒြမ္မေလက် နှင့်ရှရေဇာတို့သည်မင်းကြီးအား ဋ္ဌားနှင့် ခုတ်သတ်ပြီးလျှင်အာရရတ်ပြည်သို့ထွက် ပြေးကြ၏။ အခြားသားတော်တစ်ပါးဖြစ် သူဧသရဟဒ္ဒုန်သည်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်လေ သည်။