သန့်ရှင်းမြင့်မြတ်ရာသို့သွားသည့်လမ်းခရီး
၃၅
၁-၂ ကန္တာရသည်ရွှင်မြူးလိမ့်မည်။
မြေရိုင်းများတွင်လည်းပန်းများပွင့်လိမ့်မည်။
ကန္တာရသည်ဝမ်းမြောက် ရွှင်လန်းသဖြင့်
သီချင်းဆိုကြွေးကြော်လိမ့်မည်။
လေဗနုန်တောင်ကဲ့သို့လှပတင့်တယ်လျက်
ကာရမေလနှင့်ရှာရုန်တောင်ကုန်း
လယ်ယာများကဲ့သို့အသီးအနှံများ ဝေဆာလျက် ရှိလိမ့်မည်။
လူအပေါင်းတို့သည်ဘုရားသခင်၏ ဘုန်းအသရေတော်ကိုလည်းကောင်း၊
ကိုယ်တော်၏တန်ခိုးအာနုဘော်တော်ကို လည်းကောင်း ဖူးမြင်ရကြလိမ့်မည်။
၃ နွမ်းနယ်လျက်ရှိသည့်လက်တို့ကိုလည်းကောင်း၊
အားနည်းတုန်လှုပ်လျက်နေသည့် ဒူးတို့ကိုလည်းကောင်းအားဖြည့်၍ပေးကြလော့။
၄ စိတ်ပျက်အားလျော့၍နေသူအပေါင်းတို့အား ``ကြံ့ခိုင်မှုရှိကြလော့။
မကြောက်ကြနှင့်ဘုရားသခင်သည်
သင်တို့ကိုကယ်ဆယ်ရန် ကြွလာတော်မူလိမ့်မည်။
သင်တို့၏ရန်သူများအားလည်း လက်စားချေတော်မူလိမ့်မည်'' ဟု ပြောကြားကြလော့။
၅ မျက်မမြင်တို့သည်မျက်စိမြင်ကြလိမ့်မည်။
နားပင်းသူတို့သည်လည်းနားကြားကြလိမ့်မည်။
၆ ခြေမစွမ်းမသန်သူတို့သည် ခုန်ကြလိမ့်မည်။
ဆွံ့အသူတို့သည်လည်းဝမ်းမြောက်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။
ကန္တာရ၌စမ်းရေပေါက်၍ကန္တာရတွင် စမ်းချောင်းစီးလိမ့်မည်။
၇ ခြစ်ခြစ်တောက်ပူလောင်လျက်ရှိသည့်သဲများသည် ရေအိုင်ဖြစ်၍၊
ခြောက်သွေ့သောမြေသည်လည်းစမ်းရေတွင်းများ ပြည့်နှက်၍နေလိမ့်မည်။
ခွေးအများကျက်စားလေ့ရှိသည့်အရပ်တွင် ကိုင်းပင်ကူပင်များပေါက်လာလိမ့်မည်။
၈ ထိုအရပ်တွင်``သန့်ရှင်းမြင့်မြတ်ရာသို့ သွားသည့်လမ်း'' ဟု
နာမည်တွင်သောလမ်းမကြီးတစ်သွယ် ပေါ်ပေါက်၍လာလိမ့်မည်။
အဘယ်အပြစ်ကူးသူမှန်သမျှထိုလမ်းကို လျှောက်သွားရလိမ့်မည်မဟုတ်။
အဘယ်လူမိုက်ကမျှထိုလမ်းတွင် လျှောက်နေသူတို့အား
လမ်းမှားစေနိုင်လိမ့်မည်မဟုတ်။
၉ ထိုအရပ်တွင်အဘယ်ခြင်္သေ့မျှရှိလိမ့်မည်မဟုတ်။
ထိုအရပ်သို့အဘယ်သားရဲတိရစ္ဆာန်မျှလည်း လာရကြလိမ့်မည်မဟုတ်။
ထာဝရဘုရားကယ်ဆယ်ထားတော်မူသော သူတို့သည်
ထိုလမ်းအတိုင်းမိမိတို့နေရပ်သို့ ပြန်ရကြလိမ့်မည်မဟုတ်။
၁၀ သူတို့သည်ဝမ်းမြောက်ပျော်ရွှင်စွာသီချင်း ဆိုလျက် ယေရုရှလင်မြို့သို့ရောက်ရှိလာကြလိမ့်မည်။
သူတို့သည်ထာဝစဉ်ရွှင်လန်းဝမ်းမြောက်ကြ လိမ့်မည်။
ဝမ်းနည်းပူဆွေးခြင်းနှင့်ထာဝစဉ်ကင်းလွတ် ကြလိမ့်မည်။