ယာကုပ်သည်ဧဖရိမ်နှင့်မနာရှေတို့အား ကောင်းချီးပေးခြင်း
၄၈
၁ တစ်နေ့သောအခါယောသပ်သည်ယာကုပ် မကျန်းမမာသည့်သတင်းကိုကြားသိရ သဖြင့် သားနှစ်ယောက်ဖြစ်ကြသောမနာရှေ နှင့်ဧဖရိမ်တို့ကိုခေါ်၍ယာကုပ်ထံသို့သွား လေ၏။-
၂ ယာကုပ်သည်သားယောသပ်လာကြောင်းကို ကြားသိရလျှင် အားတက်လျက်အိပ်ရာပေါ် တွင်ထိုင်လေ၏။-
၃ ယာကုပ်ကယောသပ်အား``အနန္တတန်ခိုးရှင် ဘုရားသခင်သည်ခါနာန်ပြည်၊ လုဇမြို့ ၌ရူပါရုံတွင်ငါ့အားကောင်းချီးပေး၍၊-
၄ `သင်၏အဆက်အနွယ်တို့မှလူမျိုးများစွာ ပေါ်ထွန်းစေခြင်းငှာ သင့်အားသားသမီးများ စွာထွန်းကားစေမည်။ သင်၏အဆက်အနွယ် တို့အားဤပြည်ကိုအမြဲအပိုင်ရစေမည်'' ဟုဆိုလေ၏။
၅ ထိုနောက်ဆက်လက်၍``ငါအီဂျစ်ပြည်သို့မ ရောက်မီမွေးဖွားသောသင်၏သားနှစ်ယောက် တို့သည်ငါနှင့်ဆိုင်၏။ ဧဖရိမ်နှင့်မနာရှေ တို့သည်ရုဗင်နှင့်ရှိမောင်တို့ကဲ့သို့ငါ့သား များဖြစ်ကြသည်။-
၆ သင်၌နောက်ထပ်သားများရလျှင်ထိုသား တို့သည်ငါ၏သားများမဟုတ်။ ထိုသားတို့ သည်ဧဖရိမ်နှင့်မနာရှေတို့မှတစ်ဆင့် သာအမွေဆက်ခံခွင့်ရှိစေမည်။-
၇ ငါသည်သင်၏မိခင်ရာခေလအတွက် ကြောင့်ဤသို့စီမံရသည်။ ငါသည်မက်ဆို ပိုတေးမီးယားပြည်မြောက်ပိုင်းမှပြန်လာ စဉ် သင်၏မိခင်ရာခေလသည်ခါနာန်ပြည် ဧဖရတ်မြို့အနီး၌ကွယ်လွန်၍ငါသည် အလွန်ဝမ်းနည်းပူဆွေး၏။ ငါသည်သူ၏ အလောင်းကိုဧဖရတ်မြို့သို့သွားရာလမ်း အနီး၌သင်္ဂြိုဟ်ခဲ့၏'' ဟုဆိုလေ၏။ (ဧဖရတ် မြို့ကိုယခုအခါဗက်လင်မြို့ဟုခေါ် သည်။)
၈ ယာကုပ်သည်ယောသပ်၏သားနှစ်ယောက် ကိုမြင်လျှင်``ဤသူငယ်တို့သည်မည်သူနည်း'' ဟုမေး၏။
၉ ယောသပ်က``ဘုရားသခင်ကအီဂျစ် ပြည်တွင် ကျွန်တော်အားပေးသနားတော် မူသောသားများဖြစ်ပါသည်'' ဟုဖြေ၏။
ထိုအခါယာကုပ်က``သူတို့အားငါ ကောင်းချီးပေးရန်ငါ့အနီးသို့ခေါ်ခဲ့ လော့'' ဟုဆိုလေ၏။-
၁၀ ယာကုပ်သည်အသက်အရွယ်အိုမင်းပြီ ဖြစ်သောကြောင့် မျက်စိမှုန်၍ကောင်းစွာမ မြင်နိုင်။ ယောသပ်သည်သူ၏သားများကို ယာကုပ်အနီးသို့ခေါ်ခဲ့ရာ သူသည်သူငယ် များကိုဖက်၍နမ်းရှုပ်လေ၏။-
၁၁ ယာကုပ်ကယောသပ်အား``ငါသည်သင့်ကို နောက်တစ်ဖန်မြင်ရဦးမည်ဟုမမျှော်လင့် ခဲ့။ ဘုရားသခင်သည်ယခုငါ့အားသင်၏ သားတို့ကိုပင်မြင်ခွင့်ပေးတော်မူပြီ'' ဟု ဆိုလေ၏။-
၁၂ ထိုနောက်မိမိ၏သားတို့ကိုအဖ၏ဒူးများ ကြားမှထုတ်ပြီးနောက် ယောသပ်သည်အဖ ၏ရှေ့၌ဦးညွှတ်ချလေ၏။
၁၃ ထိုနောက်ဧဖရိမ်ကိုယာကုပ်၏အနီးလက်ဝဲ ဘက်၌လည်းကောင်း၊ မနာရှေကိုလက်ယာ ဘက်၌လည်းကောင်းရပ်စေ၏။-
၁၄ သို့ရာတွင်ယာကုပ်သည်မိမိလက်ကိုယှက် ၍သားငယ်ဖြစ်သူ ဧဖရိမ်၏ဦးခေါင်းပေါ် တွင်လက်ယာလက်ကိုလည်းကောင်း၊ သားကြီး ဖြစ်သူမနာရှေ၏ဦးခေါင်းပေါ်တွင်လက် ဝဲလက်ကိုလည်းကောင်းတင်၍၊
၁၅-၁၆ ယောသပ်အားကောင်းချီးပေးလေသည်။
``ငါ၏အဘိုးအာဗြဟံနှင့်အဖဣဇာက်တို့ ကိုးကွယ်သောဘုရားသခင်၊
ငါ့ကိုယနေ့တိုင်အောင်စောင့်ရှောက်တော်မူသော
ဘုရားသခင်၊ငါ့ကိုဘေးအန္တရာယ်အပေါင်းတို့မှ
ကယ်တင်တော်မူသောကောင်းကင်တမန်သည်
ဤသူငယ်တို့အားကောင်းချီးပေးတော်မူပါ စေသော။
ငါ၏နာမည်၊ငါ၏အဘိုးအာဗြဟံနှင့် အဖဣဇာက်တို့၏နာမည်သည်
သူတို့အားဖြင့်တည်မြဲနိုင်ပါစေသော။
သူတို့၏အဆက်အနွယ်သည်တိုးပွား များပြားကြပါစေသော။''
၁၇ ယောသပ်သည်အဖက ဧဖရိမ်၏ဦးခေါင်း ပေါ်တွင်လက်ယာလက်တင်သည်ကိုမြင်ရ သောအခါ စိတ်မချမ်းမသာဖြစ်၏။ သူသည် ဧဖရိမ်၏ဦးခေါင်းပေါ်မှ အဖ၏လက်ကို မနာရှေ၏ဦးခေါင်းပေါ်သို့ပြောင်းရွှေ့တင် စေလိုသဖြင့်၊-
၁၈ ``အဖလက်အထားမှားနေပါသည်။ ဤသူ ငယ်သည်သားကြီးဖြစ်ပါ၏။ သူ၏ဦးခေါင်း ပေါ်မှာအဖ၏လက်ယာလက်ကိုတင်ပါ'' ဟုဆိုလေ၏။
၁၉ သို့ရာတွင်သူ၏အဖကငြင်းဆန်၍``ငါ့သား၊ အဖသိပါသည်။ မနာရှေ၏အဆက်အနွယ် တို့သည်လည်းလူမျိုးကြီးဖြစ်လိမ့်မည်။ သို့ သော်လည်းသူ့ညီသည် သူ့ထက်သာ၍ကြီး မြတ်မည်ဖြစ်၍ သူ၏အဆက်အနွယ်တို့သည် လူမျိုးကြီးများဖြစ်လာလိမ့်မည်'' ဟုဆို လေ၏။
၂၀ သို့ဖြစ်၍ယာကုပ်က``ဣသရေလအမျိုးသား တို့သည်သင်တို့၏နာမည်များကိုအသုံး ပြုလျက်ကောင်းချီးပေးကြလိမ့်မည်။ သူတို့ က`ဧဖရိမ်နှင့်မနာရှေတို့ကဲ့သို့သင့်ကိုကြီး ပွားစေရန်ဘုရားသခင်ကူမတော်မူပါစေ သော' ဟုဆိုကြလိမ့်မည်'' ဟူ၍ထိုနေ့၌သူ ငယ်တို့အားကောင်းချီးပေးလေ၏။ ဤနည်း အားဖြင့်ယာကုပ်သည်ဧဖရိမ်၏နာမည် ကိုမနာရှေ၏နာမည်ရှေ့၌ထားသတည်း။
၂၁ ထိုနောက်ယာကုပ်သည်ယောသပ်အား``ငါသည် ယခုသေအံ့ဆဲဆဲရှိပြီ။ သို့သော်လည်းဘုရားသခင်သည်သင်တို့နှင့်အတူရှိ၍ ဘိုးဘေးတို့ နေထိုင်ရာပြည်သို့ပြန်လည်ပို့ဆောင်တော်မူ လိမ့်မည်။-
၂၂ ငါသည်ဋ္ဌားနှင့်လေးလက်နက်တို့ဖြင့်အာ မောရိအမျိုးသားတို့လက်မှသိမ်းယူရရှိ သောမြေသြဇာထက်သန်သည့် ရှေခင်နယ်ကို သင်၏အစ်ကိုတို့အားငါမပေး။ သင့်အား သာငါပေး၏'' ဟုဆိုလေ၏။