ခိုလှုံရန်မြို့များ
(တော၊ ၃၅:၉-၂၈။ ယောရှု၊ ၂၀:၁-၉)
၁၉
၁ ``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့အားပေးသနားတော်မူမည့်ပြည် တွင်နေထိုင်သောလူမျိုးတို့ကို သုတ်သင်ပယ် ရှင်းပြီးနောက်သင်တို့သည်သူတို့၏မြို့များ နှင့်အိမ်များကိုသိမ်းယူနေထိုင်ကြသော အခါ၊-
၂-၃ ထိုပြည်ကိုသုံးပိုင်းပိုင်း၍တစ်ပိုင်းစီတွင် လွယ် ကူစွာသွားရောက်နိုင်သောမြို့တစ်မြို့ကိုရွေး ချယ်လော့။ လူတစ်စုံတစ်ယောက်ကိုသတ်မိ သောသူသည် ထိုမြို့များအနက်တစ်မြို့ မြို့သို့ပြေး၍ခိုလှုံနိုင်သည်။-
၄ လူတစ်ယောက်သည်မိမိ၏ရန်သူမဟုတ်သူ အား မတော်တဆသတ်မိခဲ့သည်ရှိသော်သူ သည် ထိုမြို့များအနက်တစ်မြို့မြို့သို့ထွက် ပြေးလျှင်အသက်ချမ်းသာခွင့်ရရှိနိုင်သည်။-
၅ ပမာအားဖြင့်လူနှစ်ယောက်တို့သည်တော ထဲသို့သစ်ခုတ်ရန်အတူသွားကြရာ၌ တစ် ယောက်ကသစ်ပင်ကိုခုတ်လှဲနေစဉ်ပုဆိန် သွားသည်အရိုးမှကျွတ်ထွက်၍ အခြား တစ်ယောက်ကိုထိမှန်သဖြင့် ထိုသူသေလျှင် သတ်မိသူသည်ထိုသုံးမြို့အနက် တစ်မြို့ မြို့သို့ထွက်ပြေးလျှင်အသက်ချမ်းသာ ခွင့်ရရှိနိုင်သည်။-
၆ အကယ်၍ခိုလှုံရာမြို့တစ်မြို့တည်းသာရှိ လျှင် ခရီးကွာဝေးလှသောကြောင့်သေသူ အတွက်လက်စားချေလိုသူက သတ်သူနောက် သို့လိုက်၍မီသော်ဒေါသအလျောက်အပြစ် မဲ့သူတစ်ယောက်ကိုသတ်မိနိုင်သည်။ စင်စစ် အားဖြင့်ထိုသူသည်မိမိ၏ရန်သူမဟုတ် သူကိုမတော်တဆသတ်မိခြင်းသာဖြစ်၏။-
၇ ထိုကြောင့်ငါသည်သင်တို့အားမြို့သုံးမြို့ ကို သီးသန့်သတ်မှတ်ထားရှိစေခြင်းဖြစ် သည်။''
၈ ``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့၏ဘိုးဘေးတို့အားကတိထားတော်မူ သည့်အတိုင်း သင်တို့၏နယ်ကျယ်ပြန့်လာပြီး လျှင် ကတိထားတော်မူသောမြေအားလုံး ကိုအပိုင်ရရှိသောအခါ၊-
၉ ခိုလှုံရာမြို့သုံးမြို့ကိုထပ်မံ၍ရွေးချယ်ရ မည်။ သင်တို့သည်ငါယခုမိန့်မှာသမျှကို သင် တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ် မြတ်နိုးလျက် ကိုယ်တော်၏သွန်သင်ချက်များ အတိုင်းလိုက်လျှောက်လျှင် ထာဝရဘုရား သည်ထိုပြည်ကိုသင်တို့အားပေးသနား တော်မူလိမ့်မည်။-
၁၀ ဤနည်းအားဖြင့်ထာဝရဘုရားပေးသနား တော်မူမည့်ပြည်တွင် အပြစ်မဲ့သူများအသက် မဆုံးရ။ သင်တို့သည်လည်းအပြစ်မဲ့သူများ ကို သေစေသည့်အပြစ်ကူးလွန်မိမည်မဟုတ်။''
၁၁ ``သို့ရာတွင်လူတစ်ယောက်သည် ရန်သူကိုအငြိုး ထား၍ချောင်းမြောင်းသတ်ဖြတ်ပြီးလျှင် ထိုမြို့ တစ်မြို့သို့ထွက်ပြေးခိုလှုံသည့်အခါ၌မူ ကား၊-
၁၂ သူနေရင်းမြို့မှအကြီးအကဲတို့သည်သူ့ အားခေါ်ဆောင်စေပြီးလျှင် သေဒဏ်ခတ်ရန် သေသူအတွက်လက်စားချေမည့်သူလက် သို့အပ်ရမည်။-
၁၃ သူ့အားမသနားမညှာတာရ။ သင်တို့သည် အေးချမ်းစွာနေထိုင်နိုင်ရန် ဣသရေလလူ မျိုးထဲမှထိုလူသတ်သမားကိုဖယ်ရှားပစ် ရမည်။''
ရှေးမြေမှတ်တိုင်များ
၁၄ ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်တွင် ရှေးအခါ ကစိုက်ထားသည့်သင်၏အိမ်နီးချင်းပိုင် မြေမှတ်တိုင်ကိုမရွှေ့ရ။''
သက်သေများနှင့်ဆိုင်သောပညတ်
၁၅ ``သက်သေတစ်ဦးတည်း၏ထွက်ဆိုချက်ဖြင့် လူတစ်ယောက်အား ပြစ်မှုကူးလွန်သည်ဟု မစီရင်ရ။ အနည်းဆုံးသက်သေနှစ်ဦးရှိ မှလူတစ်ယောက်အား အပြစ်ရှိသည်ဟု ဆုံးဖြတ်ရမည်။-
၁၆ တစ်စုံတစ်ယောက်သောသူသည် အခြားသူ တစ်ယောက်အားပြစ်မှုကူးလွန်သည်ဟူ ၍မတရားစွပ်စွဲလျှင်၊-
၁၇ ထိုသူနှစ်ဦးတို့သည် တစ်ခုတည်းသောကိုး ကွယ်ရာဌာန၌တာဝန်ကျယဇ်ပုရောဟိတ် များနှင့် တရားသူကြီးများထံတွင်အစစ် ခံရမည်။-
၁၈ တရားသူကြီးတို့သည်အမှုကိုစေ့စပ်စွာ စစ်ဆေး၍ ထိုသူသည်ဣသရေလအမျိုး သားချင်းအား မတရားစွပ်စွဲကြောင်းစစ် ဆေးတွေ့ရှိရလျှင်၊-
၁၉ အစွပ်စွဲခံရသူခံရမည့်အပြစ်ဒဏ်ကိုသူ့ အားခံစေရမည်။ ဤနည်းအားဖြင့်သင်တို့သည် ထိုသို့သောဒုစရိုက်ကိုဖယ်ရှားနိုင်ကြမည်။-
၂၀ လူအပေါင်းတို့သည်ထိုသတင်းကိုကြားရ သဖြင့် ကြောက်ရွံ့၍နောင်အခါထိုသို့သော ဒုစရိုက်ကိုပြုလုပ်ဝံ့ကြမည်မဟုတ်။-
၂၁ ယင်းသို့သောအမှုများကိုစီရင်ရာ၌သနား ညှာတာမှုမရှိစေရ။ သူတစ်ပါးအသက်ကို သတ်လျှင် သေစားသေစေ။ မျက်စိကိုဖျက်လျှင် မျက်စိဖျက်ခံစေ။ သွားကိုချိုးလျှင်သွားချိုး ခံစေ။ လက်ကိုချိုးလျှင်လက်ချိုးခံစေ။ ခြေ ကိုချိုးလျှင်ခြေချိုးခံစေ။''