ဒံယေလအနာဂတ္တိကျမ်း
နိဒါန်း
ဒံယေလအနာဂတ္တိကျမ်းသည်နိုင်ငံခြားဘုရင်တစ်ပါး၏ဖိနှိပ်ချုပ်ချယ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုကို ယုဒအမျိုးသားတို့အပြင်းအထန်ခံကြရချိန်၌ပြုစုရေးသားသည့်ကျမ်းဖြစ်သည်။ ထာဝရဘုရားသည်ထိုမင်းဆိုးမင်းညစ်ကိုဖယ်ရှားတော်မူ၍ မိမိ၏လူမျိုးတော်အားကိုယ့်မင်းကိုယ့်ချင်းနှင့်တစ်ဖန်ပြန်လည်နေထိုင်ခွင့်ကိုပေးတော်မူလိမ့်မည်ဖြစ်ကြောင်း စာရေးသူကဗျာဒိတ်ရူပါရုံများတွင်မိမိတွေ့မြင်ရသည့်အကြောင်းအရာများအားဖြင့်ယုဒအမျိုးသားတို့ကိုအားပေးသည်။
ဤကျမ်းစောင်တွင်အပိုင်းကြီးနှစ်ပိုင်းပါရှိ၏။ (၁) ပထမပိုင်းတွင်ဘုရားသခင်အားယုံကြည်ကိုးစားကာ ကိုယ်တော်၏ပညတ်တော်ကိုနာခံခြင်းအားဖြင့် ရန်သူများအားခံရပ်အောင်မြင်သောဒံယေလနှင့်အခြားပြည်နှင်ဒဏ်သင့်သူလူအချို့တို့၏အကြောင်းကိုတွေ့ရသည်။ ထိုအမှုအရာများသည်ဗာဗုလုန်နှင့်(ပါရှား) အင်ပါယာနိုင်ငံများပေါ်ထွန်းချိန်၌ဖြစ်ပျက်သည့်အမှုအရာများဖြစ်သည်။ (၂) ဒုတိယပိုင်းတွင်ဆက်ကာဆက်ကာဒံယေလတွေ့မြင်ရသည့်ဗျာဒိတ်ရူပါရုံများအကြောင်းပါရှိ၏။ ထိုဗျာဒိတ်ရူပါရုံများတွင်အင်ပါယာနိုင်ငံအချို့တို့ပေါ်ထွန်းပုံနှင့်ပျက်သုဉ်းပုံတို့ကိုလည်းကောင်း၊ ဖိနှိပ်ချုပ်ချယ်သောဘုရင်ကျဆုံးမည့်အကြောင်းနှင့် ဘုရားသခင်၏လူမျိုးတော်တို့အောင်ပွဲခံရမည့်အကြောင်းတို့ကိုလည်းကောင်းအမှတ်လက္ခဏာများအားဖြင့်ဖော်ပြ၏။
အကြောင်းအရာအကျဉ်းချုပ်
ဒံယေလနှင့်အဖော်များ ၁:၁-၆:၂၈
ဒံယေလတွေ့မြင်ရသည့်ဗျာဒိတ်ရူပါရုံများ ၇:၁-၁၁:၄၅
(က) သားရဲလေးကောင် ၇:၁-၂၈
(ခ) သိုးထီးနှင့်ဆိတ် ၈:၁-၉:၂၇
(၈) ကောင်းကင်ဘုံမှစေတမန် ၁၀:၁-၁၁:၄၅
ကပ်ကာလကုန်ဆုံးချိန် ၁၂:၁-၁၃
ဒံယေလနှင့်အဖော်များ
(၁:၁-၆:၂၈)
နေဗုခဒ်နေဇာမင်း၏နန်းတော်ရှိဣသရေလအမျိုးသားလူငယ်လူရွယ်များ
၁
၁ ယုဒဘုရင်ယောယကိမ်နန်းစံသုံးနှစ်မြောက်၌ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ယေရုရှလင်မြို့သို့ချီတက်ဝိုင်းရံထား၏။-
၂ ထာဝရဘုရားသည်နေဗုခဒ်နေဇာအား ယောယကိမ်မင်းကိုဖမ်းဆီးခွင့်နှင့်ဗိမာန်တော်ဘဏ္ဍာအချို့ကိုသိမ်းယူခွင့်ပေးတော်မူ၏။ နေဗုခဒ်နေဇာသည်သုံ့ပန်းများကိုဗာဗုလုန်ပြည်ရှိ မိမိ၏ဘုရားဝတ်ကျောင်းသို့ခေါ်ဆောင်သွားပြီးလျှင် ဖမ်းဆီးသိမ်းယူခဲ့သည့်ဘဏ္ဍာများကိုဝတ်ကျောင်းဘဏ္ဍာတိုက်တွင်ထားတော်မူ၏။
၃-၄ မင်းကြီးသည်ဣသရေလသုံ့ပန်းများတွင် မင်းမျိုးမင်းနွယ်နှင့်ဂုဏ်အသရေရှိအိမ်ထောင်စုများမှ၊ ရုပ်ရည်သန့်ပြန့်သူ၊ အသိပညာအတတ်ပညာရှိမှု၊ ပညာဉာဏ်ထက်မျက်မှု၊ ကိုယ်အင်္ဂါချို့ယွင်းခြင်းနှင့်ကင်းမှု အစရှိသည့်အရည်အချင်းများနှင့်ပြည့်စုံ၍ နန်းတွင်းအမှုထမ်းနိုင်မည့်လူငယ်လူရွယ်အချို့တို့ကိုရွေးချယ်ရန် မိန်းမစိုးအုပ်အာရှပေနတ်အားအမိန့်ပေးတော်မူ၏။ သူတို့အားဗာဗုလုန်ဘာသာကိုဖတ်တတ်ရေးတတ်အောင်သင်ကြားပေးရန်နှင့်၊-
၅ ပွဲတော်စာနှင့်စပျစ်ရည်ကိုနေ့စဉ်နေ့တိုင်းစားသောက်စေရန်လည်း မိန်းမစိုးအုပ်အားအမိန့်ပေးတော်မူ၏။ ဤနည်းအားဖြင့်သုံးနှစ်တိုင်တိုင်လေ့ကျင့်ပေးပြီးမှသူတို့အားဘုရင်၏ရှေ့တော်သို့သွင်းရကြမည်။-
၆ ယင်းသို့ရွေးချယ်ခြင်းခံကြရသူတို့ထဲတွင်ဒံယေလ၊ ဟာနနိ၊ မိရှေလနှင့်အာဇရိတို့ပါဝင်ကြ၏။ သူတို့အားလုံးပင်ယုဒအနွယ်ဝင်များဖြစ်ကြသည်။-
၇ မိန်းမစိုးအုပ်သည်ဒံယေလကိုဗေလတရှာဇာ၊ ဟာနနိကိုရှာဒရက်၊ မိရှေလကိုမေရှက်၊ အာဇရိကိုအဗေဒနေဂေါဟူ၍နာမည်သစ်ကိုပေး၏။
၈ ဒံယေလသည်ပွဲတော်စာနှင့်စပျစ်ရည်တို့ကိုစားသောက်ခြင်းအားဖြင့် မိမိကိုယ်ကိုဘာသာရေးကျင့်ထုံးအရမညစ်ညမ်းစေရန်စိတ်ပိုင်းဖြတ်ပြီးလျှင် မိန်းမစိုးအုပ်အာရှပေနတ်၏အကူအညီကိုတောင်းခံလေ၏။-
၉ ဘုရားသခင်သည်လည်းဒံယေလအပေါ်တွင် ကိုယ်ချင်းစာ၍သနားလာစေရန်အာရှပေနတ်၏စိတ်ကိုပြုပြင်တော်မူ၏။-
၁၀ သို့ရာတွင်အာရှပေနတ်သည်မင်းကြီးကိုကြောက်သဖြင့်ဒံယေလအား``မင်းကြီးသည်သင်တို့စားသောက်ကြရမည့်အစားအစာများကိုပြဋ္ဌာန်းပေးတော်မူခဲ့ပါသည်။ ထိုကြောင့်အကယ်၍သင်တို့သည်အခြားလူငယ်လူရွယ်များနည်းတူ ကျန်းမာသန်စွမ်းမှုမရှိပါကငါအသတ်ခံရပါလိမ့်မည်'' ဟုဆို၏။
၁၁ သို့ဖြစ်၍ဒံယေလသည်မိမိနှင့်အဖော်သုံးဦးတို့အားစောင့်ကြပ်ရန် အာရှပေနတ်တာဝန်ပေးခြင်းခံရသူထံသို့သွား၍၊-
၁၂ ``ငါတို့စားသောက်ရန်အတွက်အသီးအနှံနှင့် ရေကိုသာကျွေး၍ဆယ်ရက်မျှစမ်းကြည့်ပါ။-
၁၃ ထိုနောက်ပွဲတော်စာများစားသောက်ရသူလူငယ်လူရွယ်များနှင့်ငါတို့အားနှိုင်းယှဉ်ကြည့်ပြီးလျှင် သင်တို့တွေ့မြင်ရသည့်ငါတို့ရုပ်ဆင်းသဏ္ဌာန်အပေါ်တွင်မူတည်၍ ငါတို့အားအဘယ်သို့ကျွေးမွေးသင့်သည်ကိုဆုံးဖြတ်ပါလော့'' ဟုဆို၏။
၁၄ စောင့်ကြပ်သူသည်ဤသို့ဆယ်ရက်မျှသူတို့အားစမ်းကြည့်ရန်သဘောတူလိုက်၏။-
၁၅ အချိန်စေ့သောအခါသူတို့သည်ပွဲတော်စာစားသောက်ကြသူများထက် ပို၍ကျန်းမာသန်စွမ်းလျက်ရှိကြောင်းတွေ့မြင်ရလေသည်။-
၁၆ ထို့ကြောင့်စောင့်ကြပ်သူသည်ပွဲတော်စာနှင့်စပျစ်ရည်အစား သူတို့အားအသီးအနှံကိုသာကျွေးလေသည်။
၁၇ ဘုရားသခင်သည်ထိုလူငယ်လူရွယ်လေးယောက်တို့အား စာပေနှင့်အထူးထူးအပြားပြားသောပညာရပ်တို့တွင်တတ်သိကျွမ်းကျင်မှုကိုပေးတော်မူ၏။ ထို့အပြင်လည်းဒံယေလအားဗျာဒိတ်ရူပါရုံနှင့်အိပ်မက်များ၏ အနက်အဋ္ဌိပ္ပါယ်ကိုပြဆိုနိုင်သောစွမ်းရည်ကိုလည်းပေးတော်မူ၏။
၁၈ မင်းကြီးသတ်မှတ်ပေးသည့်သုံးနှစ်တာကာလကုန်ဆုံးသွားသောအခါအာရှပေနတ်သည် လူငယ်လူရွယ်အားလုံးတို့အားနေဗုခဒ်နေဇာမင်း၏ထံတော်သို့သွင်းလေ၏။-
၁၉ မင်းကြီးသည်ထိုသူရှိသမျှတို့နှင့်ဆွေးနွေးမေးမြန်းတော်မူရာဒံယေလ၊ ဟာနနိ၊ မိရှေလနှင့်အာဇရိတို့သည်အခြားသူတို့ထက်ပို၍ဉာဏ်ပညာကောင်းကြောင်းတွေ့ရှိရလေသည်။ သို့ဖြစ်၍သူတို့သည်အပါးတော်တွင်ခစားခွင့်ရကြ၏။-
၂၀ မင်းကြီးသည်အဘယ်မေးခွန်းကိုပင်မေးသည်မဆို၊ အဘယ်ပြဿနာကိုပင်တင်ပြသည်မဆိုထိုသူလေးဦးတို့သည်နိုင်ငံတစ်ဝန်းလုံးရှိဗေဒင်ဆရာ၊ မှော်ဆရာများထက်ဆယ်ဆမျှပို၍တတ်သိနားလည်ကြသည်ကိုတွေ့ရှိတော်မူ၏။-
၂၁ ဒံယေလသည်ဗာဗုလုန်ပြည်ကိုပါရှနိုင်ငံ၏ဧကရာဇ်မင်းဖြစ်သူ ကုရုမင်းတိုက်ခိုက်အောင်မြင်၍နန်းတက်လာချိန်တိုင်အောင်နန်းတော်တွင်ရှိနေသတည်း။