ခရစ်ယာန်အလှူ
၈
၁ ညီအစ်ကိုတို့၊ မာကေဒေါနိပြည်ရှိအသင်း တော်တို့အား ဘုရားသခင်ပေးသနားတော် မူသောကျေးဇူးတော်အကြောင်းကိုသင်တို့ အားငါပြောပြလို၏။-
၂ ထိုအသင်းတော်တို့သည်ဆင်းရဲဒုက္ခများကို အလူးအလဲခံခဲ့ရကြ၏။ သို့သော်လည်း လွန်စွာရွှင်လန်းဝမ်းမြောက်လျက်ပင်ရှိရကား သူတို့သည်အလွန်ဆင်းရဲကြသော်လည်း ပေးကမ်းစွန့်ကြဲမှုတွင်အတိုင်းထက်အလွန် ရက်ရောကြ၏။-
၃-၄ ထိုအသင်းတော်တို့သည်တတ်နိုင်သမျှ မိမိ တို့တွင်စွမ်းအားရှိသမျှထက်ပို၍ အလို အလျောက်ပေးလှူကြကြောင်းကိုသင်တို့ အားငါသက်သေခံနိုင်၏။ သူတို့သည်ယုဒ ပြည်ရှိဘုရားသခင်၏လူစုတော်အား ကူညီမစမှုတွင်ပါဝင်လိုကြ၏။ သို့ ဖြစ်၍ထိုသို့ပါဝင်ခွင့်ပြုရန် မိမိတို့ အလိုအလျောက်ငါတို့အားတောင်းပန် ကြ၏။-
၅ ဤသို့ပြုခြင်းသည်ငါတို့မျှော်လင့်သည် ထက်ပိုပေသည်။ သူတို့သည်ဦးစွာပထမ မိမိတို့ကိုယ်ကိုသခင်ဘုရားအားဆက် ကပ်လှူဒါန်းကြပေသည်။ ထိုနောက်ဘုရား သခင်၏အလိုတော်နှင့်အညီငါတို့အား လည်းမိမိတို့ကိုယ်ကိုလှူဒါန်းကြ၏။-
၆ သို့ဖြစ်၍စတင်တာဝန်ယူခဲ့သူတိတုအား ဤအလှူကိစ္စပြီးဆုံးအောင်သင်တို့ကိုကူညီ ဆောင်ရွက်ပေးရန်ငါသူ့ကိုတိုက်တွန်းခဲ့၏။-
၇ သင်တို့သည်ယုံကြည်ခြင်း၊ နှုတ်သတ္တိ၊ ပညာ ဉာဏ်၊ ကူညီရန်စေတနာ၊ ငါတို့အားချစ်ခြင်း အစရှိသည့်ပါရမီတို့နှင့်ပြည့်စုံကြွယ်ဝ ကြ၏။ သို့ဖြစ်၍ဒါနပါရမီနှင့်လည်း ပြည့်စုံကြွယ်ဝကြောင်းကိုပြသကြလော့။
၈ ဤကားအမိန့်ပေးခြင်းမဟုတ်။ သူတစ်ပါး တို့၏စေတနာထက်သန်ကြပုံကိုသင်တို့ အားပြောရခြင်းမှာသင်တို့၏မေတ္တာအဘယ် မျှစစ်မှန်သည်ကိုသိရှိနိုင်ရန်အတွက်ဖြစ် ၏။-
၉ သင်တို့သည်ငါတို့၏အရှင်ယေရှုခရစ် ၏ကျေးဇူးတော်ကိုသိရှိကြ၏။ ကိုယ်တော် သည်ကြွယ်ဝတော်မူသော်လည်းသင်တို့၏ အကျိုးငှာဆင်းရဲခံတော်မူ၏။ ဆင်းရဲ ခံတော်မူရခြင်းမှာသင်တို့ကြွယ်ဝလာ စေရန်အတွက်ဖြစ်သတည်း။
၁၀ ယမန်နှစ်ကသင်တို့အစပြုသည့်အမှုကို ယခုအဆုံးသတ်သင့်ကြသည်ဟုငါထင် မြင်၏။ သင်တို့သည်စေတနာနှင့်ပေးလှူမှု ကိုအစပြုခဲ့ပေသည်။-
၁၁ သို့ဖြစ်၍ထိုအမှုကိုဆက်လက်ဆောင်ရွက် ကာအဆုံးသတ်ကြလော့။ သင်တို့သည်ထို အမှုကိုကြံစည်ရာတွင်စိတ်အားထက်သန် သကဲ့သို့ ဆောင်ရွက်ရာတွင်လည်းစိတ်အား ထက်သန်ကြလော့။ သင်တို့တတ်နိုင်သမျှ ပေးလှူကြလော့။-
၁၂ သင်တို့ပေးလှူလိုသောစေတနာစိတ်ရှိလျှင် ဘုရားသခင်သည်သင်တို့မတတ်နိုင်မှုကို မထောက်ဘဲတတ်နိုင်မှုကိုထောက်၍သင်တို့ ၏အမှုကိုလက်ခံတော်မူလိမ့်မည်။
၁၃-၁၄ သင်တို့အားတာဝန်လေးစေ၍သူတစ်ပါး တို့အားသက်သာစေရန်ငါအကြံပြုနေ သည်မဟုတ်။ ညီတူညီမျှဖြစ်စေရန်အကြံ ပြုခြင်းဖြစ်သည်။ ယခုအခါသင်တို့၏ ချမ်းသာမှုသည်ထိုသူတို့၏ချို့တဲ့မှုကို ဖြည့်ဆည်းပေးသကဲ့သို့ နောင်တစ်နေ့၌ ထိုသူတို့၏ချမ်းသာမှုသည်သင်တို့၏ ချို့တဲ့မှုကိုဖြည့်ဆည်းပေးနိုင်လိမ့်မည်။-
၁၅ ကျမ်းစာတော်က ``များများရသောသူ မပို၊ နည်းနည်းရသောသူမလို'' ဟုဖော်ပြ သကဲ့သို့ပင်ဖြစ်ပေသည်။
တိတုနှင့်အပေါင်းအဖော်များ
၁၆ သင်တို့အားကူညီမစရန်ငါတို့၌စိတ် အားထက်သန်မှုရှိသကဲ့သို့ တိတု၌လည်း ရှိစေတော်မူသောဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်း၏။-
၁၇ တိတုသည်ငါတို့၏မေတ္တာရပ်ခံချက်ကို လက်ခံသည်သာမက၊ ကူညီရန်စေတနာ စိတ်ရှိသဖြင့်သင်တို့ထံသို့သွားရန် မိမိ အလိုအလျောက်စိတ်ပိုင်းဖြတ်ခဲ့ပေသည်။-
၁၈ ငါတို့သည်သူနှင့်အတူညီအစ်ကိုတစ် ယောက်ကိုစေလွှတ်လိုက်၏။ ထိုသူသည် သတင်းကောင်းကိုဟောပြောကြေညာသော အမှုတော်ဆောင်တစ်ယောက်အနေဖြင့် အသင်းတော်အပေါင်းတို့၏လေးစားကြည် ညိုမှုကို ခံရသူဖြစ်၏။-
၁၉ ထိုမျှသာမကဤအလှူငွေကောက်ခံမှု အတွက်ငါတို့နှင့်အတူခရီးပြုရန် အသင်း တော်များကရွေးချယ်ခန့်ထားခြင်းခံရ သူလည်းဖြစ်၏။ သခင်ဘုရား၏ဘုန်းအသ ရေတော်ထွန်းတောက်စေရန်နှင့် ငါတို့၏စိတ် စေတနာကိုသိသာစေရန် ငါတို့သည်ဤ အလှူခံလုပ်ငန်းကိုဆောင်ရွက်နေကြ ခြင်းဖြစ်၏။
၂၀ ဤသို့ရက်ရောစွာပေးလှူကြသောအလှူ ငွေကိုကိုင်တွယ်ရာတွင် ငါတို့သည်သူတစ် ပါးတို့၏အပြစ်တင်ခြင်းနှင့်ကင်းလွတ် စေရန်သတိနှင့်ဆောင်ရွက်လျက်ရှိကြ၏။-
၂၁ သခင်ဘုရား၏ရှေ့တော်၌သာမကလူ တို့၏ရှေ့၌လည်းလျောက်ပတ်မှန်ကန်သည့် အမှုကိုသာပြုရန်ရည်ရွယ်ချက်ရှိကြ၏။
၂၂ သို့ဖြစ်၍ငါတို့သည်ထိုသူနှစ်ယောက်တို့နှင့် အတူ အခြားညီအစ်ကိုတစ်ယောက်ကိုလည်း စေလွှတ်လိုက်ကြသည်။ ထိုသူအားငါတို့အကြိမ် ကြိမ်အကဲခတ်ကြည့်ရာ သူသည်အစဉ်ကူညီ မစတတ်သူဖြစ်ကြောင်းတွေ့ရှိရပေသည်။ သူ သည်သင်တို့အပေါ်တွင်များစွာအယုံအကြည် ရှိသဖြင့် သူ၏စိတ်စေတနာသည်ပို၍ပင် ထက်သန်နေပေသည်။-
၂၃ တိတုနှင့်ပတ်သက်၍ဖော်ပြရမည်ဆိုသော် သူသည်သင်တို့၏အမှုကိစ္စများတွင် ငါနှင့် အတူဝိုင်းဝန်းကူညီသူငါ၏လုပ်ဖော်ကိုင် ဘက်ဖြစ်၏။ သူနှင့်အတူလိုက်ပါလာကြ သောအခြားညီအစ်ကိုများမှာအသင်း တော်တို့၏ကိုယ်စားလှယ်များဖြစ်ကြ၏။-
၂၄ ထိုကြောင့်သင်တို့အကြောင်းငါတို့ဂုဏ်ယူ ဝါကြွားသည့်အတိုင်းမှန်ကန်ကြောင်းထို သူတို့သည်လည်းကောင်း၊ အသင်းတော်များ သည်လည်းကောင်းသိရှိနိုင်ကြစေရန်သူ တို့အားမေတ္တာပြကြလော့။