အဗရှလုံအရေးရှုံးနိမ့်ခြင်းနှင့်ကျဆုံးခြင်း
၁၈
၁ ဒါဝိဒ်မင်းသည်မိမိ၏လူတို့ကိုစုရုံးစေ ပြီးလျှင် တစ်ထောင်တပ်၊ တစ်ရာတပ်များကို ဖွဲ့၍ယင်းတို့ကိုအုပ်ချုပ်ရန်တပ်မှူးများ ခန့်ထားတော်မူ၏။-
၂ ထိုနောက်သူသည်ထိုတပ်တို့ကိုသုံးစုခွဲ ၍စေလွှတ်တော်မူ၏။ တစ်စုကိုယွာဘအား လည်းကောင်း၊ တစ်စုကိုယွာဘ၏ညီအဘိရှဲ အားလည်းကောင်း၊ အခြားတစ်စုကိုဂါသ မြို့သားအိတ္တဲအားလည်းကောင်းဦးစီးစေ တော်မူ၏။ ထိုနောက်မင်းကြီးသည်မိမိ၏ လူတို့အား``ငါကိုယ်တိုင်သင်တို့နှင့်အတူ ချီတက်မည်'' ဟုမိန့်တော်မူ၏။
၃ လူတို့က``အရှင်၊ အကျွန်ုပ်တို့နှင့်အတူ ကြွတော်မမူပါနှင့်။ အကယ်၍အကျွန်ုပ် တို့အားလုံးပင်တပ်လန့်ထွက်ပြေးကြ သော်လည်းကောင်း၊ အကျွန်ုပ်တို့အနက် ထက်ဝက်မျှပင်ကျဆုံးသွားသော်လည်း ကောင်း၊ ရန်သူအတွက်အဘယ်သို့မျှ ထူးခြားမှုရှိမည်မဟုတ်ပါ။ အရှင် သည်ကားအကျွန်ုပ်တို့လူတစ်သောင်း လောက်တန်ဖိုးရှိပါ၏။ အရှင်သည်မြို့ ထဲတွင်နေရစ်၍အကျွန်ုပ်တို့အားစစ် ကူပို့ပေးပါကပို၍ကောင်းပါလိမ့် မည်'' ဟုလျှောက်ထားကြ၏။
၄ မင်းကြီးကလည်း``အကောင်းဆုံးဟုသင်တို့ ထင်သည့်အတိုင်းငါပြုမည်'' ဟုမိန့်တော်မူ ၏။ ထိုနောက်သူသည်တစ်ထောင်တပ်၊ တစ်ရာ တပ်တို့ချီတက်ထွက်ခွာသွားကြစဉ်မြို့ တံခါးအနီးတွင်ရပ်၍နေတော်မူ၏။-
၅ ``ငါ့မျက်နှာကိုထောက်၍သူငယ်အဗ ရှလုံအားဘေးအန္တရာယ်မပြုကြပါ နှင့်'' ဟုယွာဘ၊ အဘိရှဲနှင့်အိတ္တဲတို့အား မှာကြားတော်မူလိုက်၏။ ဤသို့တပ်မှူး ကြီးတို့အားမှာကြားသည်ကိုတပ်သား အပေါင်းတို့ကြားကြ၏။
၆ ဒါဝိဒ်၏တပ်မတော်သည်ဣသရေလအမျိုး သားတို့အား စစ်ဆင်ရန်မြို့ပြင်သို့ထွက်ခွာ ပြီးလျှင်ဧဖရိမ်တော၌တိုက်ပွဲဝင်ကြ၏။-
၇ ဣသရေလအမျိုးသားတို့သည်ဒါဝိဒ်၏ လူတို့လက်တွင် အကြီးအကျယ်အရေး ရှုံးနိမ့်ကြလေသည်။ ထိုနေ့တွင်သူတို့ဘက် မှလူပေါင်းနှစ်သောင်းမျှကျဆုံးသွား သတည်း။-
၈ တိုက်ခိုက်မှုသည်တောတောင်များသို့ပျံ့နှံ့ ၍သွားသဖြင့် တောတွင်သေဆုံးသည့်လူဦး ရေမှာတိုက်ပွဲတွင်ကျဆုံးသည့်ဦးရေထက် ပင်များလေသည်။
၉ အဗရှလုံသည်ရုတ်တရက်ဒါဝိဒ်၏လူ အချို့နှင့်တွေ့၏။ သူသည်လားကိုစီး၍ ဝက်သစ်ချပင်ကြီးတစ်ပင်အောက်သို့ဝင် လိုက်ရာသူ၏လည်သည်သစ်ကိုင်းများ ကြားတွင်ညပ်၍နေလေ၏။ လားသည်ဆက် လက်၍ပြေးသွားသဖြင့်အဗရှလုံမှာ လေထဲတွင်တွဲလွဲကျန်ရစ်လေတော့သည်။-
၁၀ ဒါဝိဒ်၏လူတစ်ယောက်သည်သူ့ကိုမြင် သဖြင့်ယွာဘအား``အရှင်၊ ဝက်သစ်ချပင် မှာအဗရှလုံတွဲလွဲနေသည်ကိုအကျွန်ုပ် မြင်ခဲ့ပါသည်'' ဟုပြော၏။
၁၁ ယွာဘက``သင်မြင်ခဲ့သည်မှန်က အဘယ် ကြောင့်ထိုနေရာ၌ပင်မထိုးသတ်ခဲ့ပါ သနည်း။ အကယ်၍သာသတ်ခဲ့လျှင်သင့် အားငွေဒင်္ဂါးတစ်ဆယ်နှင့်ခါးစည်းကို ငါဆုပေးလေပြီ'' ဟုဆို၏။
၁၂ သို့ရာတွင် ထိုသူက``အကယ်၍အရှင်သည် အကျွန်ုပ်အားငွေဒင်္ဂါးတစ်ရာပင်ပေးသော် လည်း အကျွန်ုပ်သည်ဘုရင့်သားတော်ကို လက်ဖျားနှင့်မျှတို့မည်မဟုတ်ပါ။ မင်း ကြီးကအရှင့်အားလည်းကောင်း၊ အဘိရှဲ နှင့်အိတ္တဲအားလည်းကောင်း`ငါ့မျက်နှာကို ထောက်၍လူငယ်အဗရှလုံကိုဘေး အန္တရာယ်မပြုပါနှင့်'' ဟုမှာကြားတော် မူသည်ကိုအကျွန်ုပ်တို့အားလုံးကြား ကြပါ၏။-
၁၃ သို့ပါလျက်အကျွန်ုပ်သည်မင်းကြီး၏ အမိန့်တော်ကိုနားမထောင်ဘဲ အဗရှလုံ အားသတ်မည်ဆိုပါကမင်းကြီးမကြား မသိသည့်အမှုအရာတစ်စုံတစ်ခုမျှ မရှိသဖြင့် ထိုအကြောင်းကိုကြားသိ တော်မူမည်သာဖြစ်ပါ၏။ ထိုအခါအရှင် သည်အကျွန်ုပ်ဘက်၌နေ၍ကာကွယ်ပြော ဆိုမည်မဟုတ်ပါ'' ဟုပြန်ပြောလေ၏။
၁၄ ယွာဘက``ငါသည်သင်နှင့်ထပ်မံ၍အချိန် မဖြုန်းလိုတော့ပြီ'' ဟုဆိုပြီးလျှင်လှံသုံး စင်းကိုယူ၍ဝက်သစ်ချပင်မှတွဲလွဲကျ လျက် အသက်ရှင်နေသောအဗရှလုံ၏ ရင်ကိုထုတ်ချင်းပေါက်ထိုးလေသည်။-
၁၅ ထိုနောက်ယွာဘ၏တပ်သားဆယ်ယောက် တို့သည် အဗရှလုံကိုဝိုင်း၍အဆုံး စီရင်လိုက်ကြ၏။
၁၆ ယွာဘသည်အတိုက်အခိုက်ရပ်စဲစေရန် တံပိုးခရာကိုမှုတ်စေ၏။ ထိုအခါသူ ၏တပ်သားတို့သည်ဣသရေလအမျိုး သားတို့အားလိုက်လံတိုက်ခိုက်ရာမှပြန် လာကြ၏။-
၁၇ သူတို့သည်အဗရှလုံ၏အလောင်းကို ယူ၍ တောထဲတွင်တွင်းနက်တစ်ခုထဲသို့ ပစ်ချကာ ကျောက်ခဲပုံကြီးဖြင့်ဖုံးအုပ် ထားကြ၏။ ဣသရေလအမျိုးသားအပေါင်း တို့သည်လည်း မိမိတို့နေရပ်အသီးသီး သို့ထွက်ပြေးကြကုန်၏။
၁၈ အဗရှလုံသည်မိမိတွင်သားမရှိသဖြင့် မိမိနာမည်မတိမ်ကောစေရန်အသက်ရှင် စဉ်အခါက ဘုရင့်ချိုင့်ဝှမ်းတွင်ကျောက်တိုင် ကိုတည်ဆောက်၍ မိမိ၏နာမည်ဖြင့်ခေါ်တွင် စေရာအဗရှလုံကျောက်တိုင်ဟုယနေ့ တိုင်အောင်တွင်သတည်း။
အဗရှလုံကွယ်လွန်ကြောင်းဒါဝိဒ် ကြားသိတော်မူခြင်း
၁၉ ထိုနောက်ဇာဒုတ်၏သားအဟိမတ်သည်ယွာဘ အား``ထာဝရဘုရားသည်မင်းကြီးအားရန်သူ များလက်မှကယ်တော်မူပြီဖြစ်ကြောင်းသတင်း ကောင်းကိုမင်းကြီးထံသွားရောက်ကြားလျှောက် ပါရစေ'' ဟုတောင်းပန်၏။
၂၀ ယွာဘက``ယနေ့သင်သည်အဘယ်သတင်း ကောင်းကိုမျှယူဆောင်၍မသွားရ။ အခြား တစ်နေ့နေ့၌သွားခွင့်ပြုမည်။ ဘုရင်၏သား တော်သေဆုံးပြီဖြစ်၍ယနေ့သင်သွား၍ မဖြစ်'' ဟုဆို၏။-
၂၁ ထိုနောက်ယွာဘသည်မိမိ၏ကျွန်ကုရှိ အမျိုးသားအား``သင်တွေ့မြင်ရသည့်အမှု ကိုမင်းကြီးထံသွား၍သံတော်ဦးတင် လော့'' ဟုဆိုသဖြင့်သူသည်ယွာဘအား ဦးညွှတ်ပြီးလျှင်ပြေး၍သွားလေသည်။
၂၂ အဟိမတ်က``အကျွန်ုပ်အားလည်းထိုသတင်း ကိုယူဆောင်သွားခွင့်ပြုပါ။ ဘေးတွေ့မည် ဖြစ်သော်လည်းအကျွန်ုပ်အမှုမထားပါ'' ဟုထပ်မံ၍တောင်းပန်၏။
ယွာဘက``ငါ့သား၊ သင်သည်အဘယ်ကြောင့် ဤအမှုကိုပြုလိုပါသနည်း။ ယင်းသို့ပြု သည့်အတွက်ဆုလာဘ်ရရှိလိမ့်မည်မဟုတ်'' ဟုဆို၏။
၂၃ အဟိမတ်ကလည်း``ဘေးတွေ့မည်ဖြစ်သော် လည်းအကျွန်ုပ်သွားလိုပါသည်'' ဟုတစ်ဖန် တောင်းပန်၏။
ယွာဘက``ဤသို့ဖြစ်ပါမူသင်သွားလော့'' ဟုဆိုသဖြင့်အဟိမတ်သည်ယော်ဒန်မြစ် ချိုင့်ဝှမ်းလမ်းဖြင့်ပြေးသွားရာ ကုရှိအမျိုး သားကိုကျော်လွန်၍သွားလေ၏။
၂၄ ဒါဝိဒ်သည်မြို့အပြင်တံခါးနှင့်အတွင်း တံခါးစပ်ကြားတွင်ရှိသောမြေကွက်လပ် တွင်ထိုင်လျက်နေ၏။ ကင်းစောင့်သည်မြို့ရိုး ပေါ်သို့တက်ပြီးလျှင် မြို့တံခါးအမိုးပေါ် မှရပ်၍ကြည့်လိုက်ရာလူတစ်ယောက် အဖော်မပါဘဲပြေးလာသည်ကိုမြင် သဖြင့်၊-
၂၅ မင်းကြီးအားဟစ်အော်လျှောက်ထား၏။ မင်း ကြီးက``ထိုသူသည်တစ်ကိုယ်တည်းဖြစ်လျှင် သတင်းကောင်းကိုယူဆောင်လာသူဖြစ်မည်'' ဟုမိန့်တော်မူ၏။ ပြေးလာသူသည်လည်း အနီးသို့ရောက်ရှိလာ၏။
၂၆ ထိုအခါကင်းစောင့်သည် အခြားလူတစ် ယောက်တစ်ကိုယ်တည်းပြေးလာသည်ကို မြင်ပြန်သဖြင့် တံခါးမှူးအား``ကြည့်လော့၊ အခြားသူတစ်ယောက်တစ်ကိုယ်တည်း ပြေးလာနေပါသည်'' ဟုအော်၍ပြော၏။
မင်းကြီးက``ဤသူသည်လည်း သတင်းကောင်း ကိုယူဆောင်လာသူဖြစ်လိမ့်မည်'' ဟုမိန့် တော်မူ၏။
၂၇ ကင်းစောင့်က``ပထမလူပြေးပုံမှာအဟိ မတ်ပြေးပုံနှင့်တူပါသည်'' ဟုလျှောက်လျှင်၊
မင်းကြီးက``သူသည်လူကောင်းဖြစ်၍ သတင်းကောင်းကိုယူဆောင်လာလိမ့်မည်'' ဟုမိန့်တော်မူ၏။
၂၈ အဟိမတ်သည်မင်းကြီးအားနှုတ်ခွန်းဆက် သပြီးလျှင် ရှေ့တော်၌မြေပေါ်သို့လှဲချ ပျပ်ဝပ်ကာ``သူပုန်တို့အပေါ်တွင်အရှင်မင်း ကြီးအားအောင်ပွဲခံစေတော်မူသောအရှင် ၏ဘုရားသခင်ထာဝရဘုရားသည်မင်္ဂ လာရှိတော်မူစေသတည်း'' ဟုလျှောက်၏။
၂၉ မင်းကြီးက``လူငယ်အဗရှလုံဘေးကင်း ပါ၏လော'' ဟုမေးလျှင်၊
အဟိမတ်က``အရှင်၊ အကျွန်ုပ်အားအရှင် ၏တပ်မှူးစေလွှတ်စဉ်အခါကရုန်းရင်းဆန် ခတ်ဖြစ်၍နေသဖြင့် အကျွန်ုပ်သည်အဘယ် သို့မျှမလျှောက်ထားတတ်ပါ'' ဟုပြန်လည် ဖြေကြား၏။
၃၀ မင်းကြီးက``ထိုနေရာသို့ရွှေ့၍ရပ်လော့'' ဟု ဆိုလျှင်အဟိမတ်သည်ရွှေ့၍ရပ်နေ၏။
၃၁ ထိုနောက်ကုရှိအမျိုးသားရောက်ရှိလာ၍ မင်းကြီးအား``အကျွန်ုပ်သည်အရှင်မင်းကြီး အတွက်သတင်းကောင်းကိုယူဆောင်လာပါ သည်။ ယနေ့အရှင်အားထာဝရဘုရား သည်ပုန်ကန်သူအပေါင်းတို့အပေါ်တွင် အောင်ပွဲခံစေတော်မူပါပြီ'' ဟုလျှောက်၏။
၃၂ မင်းကြီးက``လူငယ်အဗရှလုံဘေးကင်း ပါ၏လော'' ဟုမေးတော်မူသော်ကုရှိအမျိုး သားက``အရှင်၊ အရှင်၏ရန်သူများနှင့်အရှင့် အားပုန်ကန်ကြသူများသည်ထိုသူငယ် ကဲ့သို့ဖြစ်ကြပါစေသော'' ဟုလျှောက်၏။
၃၃ မင်းကြီးသည်လွန်စွာဝမ်းနည်းကြေကွဲလျက် မြို့တံခါးအမိုးထက်၌ရှိသောအခန်းသို့ တက်သွား၍ငိုကြွေးတော်မူ၏။ ယင်းသို့ တက်သွားစဉ်``အို ငါ့သား၊ ငါ့သားအဗရှလုံ၊ အဗရှလုံငါ့သား၊ သင့်ကိုယ်စားငါသေ ချင်ပါဘိ။ ငါ့သားအဗရှလုံ၊ ငါ့သား'' ဟု ငိုကြွေးမြည်တမ်းလေ၏။