၉၈
ကမ္ဘာလောကကိုအစိုးရတော်မူသော ဘုရားသခင်
၁ ထာဝရဘုရားအားသီချင်းသစ်ကိုဆို၍ ဂုဏ်တော်ကိုချီးမွမ်းကြလော့။
ကိုယ်တော်သည်အံ့သြဖွယ်ရာအမှုတော်တို့ကို ပြုတော်မူပြီ။
ကိုယ်တော်သည်မိမိ၏တန်ခိုးတော်ဖြင့် လည်းကောင်း၊
ခွန်အားစွမ်းရည်တော်ဖြင့်လည်းကောင်း အောင်ပွဲကိုရတော်မူပြီ။
၂ ထာဝရဘုရားသည်မိမိ၏အောင်ပွဲကို ကြေညာတော်မူ၍
ကယ်တင်နိုင်သောတန်ခိုးတော်ကို လူမျိုးတကာတို့အားဖော်ပြတော်မူ၏။
၃ ကိုယ်တော်သည်မိမိ၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်နှင့်အညီ
ဣသရေလအမျိုးသားတို့အားထားတော်မူသော ကတိတော်ကိုတည်စေတော်မူ၏။
အရပ်တကာရှိလူအပေါင်းတို့သည်ငါတို့ ဘုရား၏ အောင်ပွဲကိုတွေ့မြင်ကြရလေပြီ။
၄ ကမ္ဘာမြေကြီးသားအပေါင်းတို့၊ဝမ်းမြောက်စွာ သီချင်းဆို၍
ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။
သီချင်းများကိုဆို၍ဝမ်းမြောက်စွာကြွေး ကြော်လျက် ကိုယ်တော်အားထောမနာပြုကြလော့။
၅ ထောမနာသီချင်းကိုဆိုကာထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းကြလော့။
စောင်းများကိုတီး၍ဂုဏ်တော်ကိုချီးမွမ်းကြလော့။
၆ တံပိုးခရာနှင့်နှဲတို့ကိုမှုတ်၍ငါတို့ဘုရင်
ထာဝရဘုရား၏ရှေ့တော်၌ဝမ်းမြောက်စွာ ကြွေးကြော်ကြလော့။
၇ အချင်းပင်လယ်နှင့်ပင်လယ်ရှိသတ္တဝါအပေါင်း တို့၊ အသံကျယ်စွာကြွေးကြော်ကြလော့။
အချင်းကုန်းမြေနှင့်ကုန်းမြေပေါ်တွင် အသက်ရှင်သူအပေါင်းတို့သီချင်းဆိုကြ လော့။
၈-၉ အချင်းမြစ်တို့၊လက်ခုပ်တီးကြလော့။
အချင်းတောင်များတို့၊ထာဝရဘုရားသည်
ကမ္ဘာလောကကိုအုပ်စိုးရန်ကြွလာတော်မူ ပြီဖြစ်၍
တစ်ပြိုင်နက်ရှေ့တော်တွင်ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုကြလော့။
ကိုယ်တော်သည်ကမ္ဘာပေါ်ရှိလူအပေါင်းတို့အား တရားမျှတစွာအုပ်စိုးတော်မူလိမ့်မည်။