၇၈
ဘုရားသခင်နှင့်ကိုယ်တော်၏လူစုတော်
၁ ငါ၏အမျိုးသားတို့၊ငါ၏သွန်သင်ချက်ကို နားထောင်ကြလော့။
ငါပြောသည့်စကားကိုအာရုံစိုက်ကြလော့။
၂ ဘိုးဘေးတို့ပြောကြားခဲ့သဖြင့်ငါတို့
ကြားသိရသည့်
၃ အတိတ်ကာလမှလျှို့ဝှက် နက်နဲသောအရာများအကြောင်းကို
သင်တို့အားငါစကားပုံများဖြင့်ရှင်း ပြမည်။
၄ ယင်းတို့ကိုငါတို့သည်သားမြေးများထံမှ ထိမ်ဝှက်၍ထားမည်မဟုတ်။
ထာဝရဘုရား၏တန်ခိုးတော်နှင့်ကြီးမြတ်သော
အမှုတော်ကိုလည်းကောင်း၊ကိုယ်တော်ပြုတော်မူသော
အံ့သြဖွယ်ရာအမှုတို့ကိုလည်းကောင်း နောက်လူမျိုးဆက်အားဖော်ပြမည်။
၅ ကိုယ်တော်သည်ဣသရေလအမျိုးသားတို့အား ဥပဒေများကိုလည်းကောင်း၊
ယာကုပ်အမျိုးအနွယ်တို့အားပညတ်တော် များကိုလည်းကောင်းပေးအပ်တော်မူခဲ့၏။
ပညတ်တော်များကိုသားမြေးတို့အား တစ်ဆင့်သွန်သင်ပေးနိုင်ကြရန်
ကိုယ်တော်သည်ငါတို့ဘိုးဘေးတို့အား မှာကြားဆင့်ဆိုတော်မူ၏။
၆ ဤသို့ပြုတော်မူခြင်းမှာ၊နောက်လူမျိုးဆက် သည် ပညတ်တော်တို့ကိုသိရှိနားလည်လျက်
မိမိတို့၏သားမြေးတို့အားတစ်ဆင့်ပြန်၍ သွန်သင်ပေးနိုင်ကြစေရန်ဖြစ်၏။
၇ ဤနည်းအားဖြင့်ယင်းသားမြေးတို့သည် ဘုရားသခင်ကိုကိုးစားလာကာ
ကိုယ်တော်ပြုသောအမှုအရာတို့ကို
မမေ့မလျော့ဘဲပညတ်တော်တို့ကိုအစဉ် စောင့်ထိန်းကြပေလိမ့်မည်။
၈ သူတို့သည်ဘုရားစကားကိုနားမထောင်ဘဲ
ပုန်ကန်တတ်သောဘိုးဘေးတို့ကဲ့သို့မဖြစ် တော့ပေ။
ထိုဘိုးဘေးတို့ကားအဘယ်အခါကမျှ
ဘုရားသခင်ကိုစွဲမြဲစွာကိုးစားမှုမရှိ ခဲ့ကြ။
ကိုယ်တော်၏အပေါ်၌လည်းအစဉ်အမြဲ သစ္စာမစောင့်ကြ။
၉ လေးမြားကိုကိုင်စွဲတိုက်ခိုက်ကြသော
ဧဖရိမ်အမျိုးသားတို့သည်စစ်ပွဲဝင်ရသောနေ့၌ ထွက်ပြေးကြကုန်၏။
၁၀ သူတို့သည်ဘုရားသခင်နှင့်မိမိတို့ပြုထားသည့် ပဋိညာဉ်ကိုမစောင့်ထိန်းကြ။
ကိုယ်တော်ရှင်၏ပညတ်တော်ကိုလိုက်နာရန် ငြင်းဆန်ကြ၏။
၁၁ သူတို့သည်ကိုယ်တော်ပြုတော်မူသော အမှုအရာများကိုလည်းကောင်း၊
ကိုယ်တော်ပြုတော်မူသောထူးဆန်းသည့်
နိမိတ်လက္ခဏာများကိုလည်းကောင်းမေ့လျော့ ကြလေကုန်ပြီ။
၁၂ အီဂျစ်ပြည်ဇောနလွင်ပြင်တွင်သူတို့၏ ဘိုးဘေးတို့၏မျက်မှောက်၌
ထာဝရဘုရားသည်ထူးဆန်းသည့်နိမိတ် လက္ခဏာများကိုပြတော်မူ၏။
၁၃ ကိုယ်တော်သည်ပင်လယ်ကိုနှစ်ခြမ်းကွဲစေ၍
ရေကိုစုပုံစေပြီးလျှင်သူတို့အား ဖြတ်ကူးစေတော်မူ၏။
၁၄ နေ့အချိန်၌ကိုယ်တော်သည်မိုးတိမ်တိုက် အားဖြင့်လည်းကောင်း၊
တစ်ညပတ်လုံးမီးအလင်းရောင်
အားဖြင့်လည်းကောင်းသူတို့အားလမ်းပြ ပို့ဆောင်တော်မူ၏။
၁၅ ကိုယ်တော်သည်တောကန္တာရတွင်
ကျောက်ဆောင်ကိုခွဲ၍နက်ရှိုင်းရာမှရေကို ထိုသူတို့အားတိုက်တော်မူ၏။
၁၆ ကိုယ်တော်သည်ကျောက်ဆောင်မှ
စမ်းရေထွက်စေလျက်မြစ်သဖွယ် စီးဆင်းစေတော်မူ၏။
၁၇ သို့ရာတွင်သူတို့သည်ဘုရားသခင်အား ပြစ်မှားမြဲပြစ်မှားလျက်
အမြင့်မြတ်ဆုံးဖြစ်တော်မူသောအရှင်ကို သဲကန္တာရတွင်ပုန်ကန်ကြ၏။
၁၈ သူတို့သည်စားလိုသည့်အစားအစာကို
တောင်းဆိုခြင်းအားဖြင့်တမင်သက်သက် ဘုရားသခင်အားသွေးစမ်းကြ၏။
၁၉ ``ဘုရားသခင်သည်တောကန္တာရတွင်ငါတို့အား အစားအစာကိုပေးနိုင်ပါမည်လော။
၂၀ ကျောက်ဆောင်ကိုကိုယ်တော်ရိုက်လိုက်သော အခါ
အရှိန်ပြင်းသည့်ချောင်းသဖွယ်ရေထွက်လာ သည်မှာ မှန်ပါ၏။
သို့ရာတွင်ကိုယ်တော်သည်ငါတို့အားအစားအစာကို ကျွေးနိုင်ပါမည်လော။
မိမိ၏လူစုတော်အားအမဲသားကိုပေးနိုင် ပါမည်လော'' ဟုဆို၍
ဘုရားသခင်အားမကျေနပ်သည့်စကားကို ပြောဆိုကြ၏။
၂၁-၂၂ ထိုသူတို့၏စကားကိုကြားတော်မူသောအခါ
ထာဝရဘုရားသည်အမျက်ထွက်တော်မူ၍ မိမိလူစုတော်အားမီးဘေးသင့်စေတော်မူ၏။
သူတို့သည်ကိုယ်တော်ကိုအားမကိုး။
ကိုယ်တော်ကယ်တော်မူမည်ကိုလည်းမယုံ ကြည်ကြ။
အမျက်တော်သည်ပိုမိုပြင်းထန်လာ၏။
၂၃ သို့သော်လည်းကိုယ်တော်သည်အထက် ကောင်းကင်အားမိန့်မြွက်တော်မူ၏။
ကောင်းကင်တံခါးများအားဖွင့်ရန် အမိန့်ပေးတော်မူ၏။
၂၄ ကိုယ်တော်သည်သူတို့စားရန်မန္နမုန့်မိုးရွာစေ တော်မူ၏။
သူတို့စားသုံးရန်ကောင်းကင်မှဆန်စပါးကို ချပေးတော်မူ၏။
၂၅ ထို့ကြောင့်သူတို့သည်ကောင်းကင်တမန်တို့၏ အစားအစာကိုစားကြရ၏။
ဘုရားသခင်သည်သူတို့အားအဝကျွေးတော်မူ၏။
၂၆ ထို့အပြင်ကိုယ်တော်သည်
အရှေ့လေကိုတိုက်စေပြီးနောက်တန်ခိုးတော်အားဖြင့် တောင်လေကိုလှုပ်ရှားစေတော်မူ၏။
၂၇ ထိုနောက်ပင်လယ်ကမ်းခြေသဲလုံးနှင့်အမျှ များပြားသောငှက်တို့ကို
မိမိ၏လူစုတော်အားချပေးတော်မူ၏။
၂၈ ယင်းငှက်တို့သည်တပ်စခန်းအလယ်တဲရှင်များ ပတ်လည်တွင်ကျကြ၏။
၂၉ သို့ဖြစ်၍လူတို့သည်ကျေနပ်အောင်စားရကြ၏။
ဘုရားသခင်သည်လည်းသူတို့စားလိုသော အစားအစာကိုကျွေးတော်မူ၏။
၃၀ သို့ရာတွင်သူတို့သည်ရောင့်ရဲမှုမရနိုင်။
၃၁ ဘုရားသခင်သည်သူတို့အား
အမျက်ထွက်တော်မူသဖြင့်အသန်စွမ်းဆုံး
လက်ရွေးစင်ဣသရေလလူငယ်လူရွယ် များကို သေဒဏ်သင့်စေတော်မူ၏။
၃၂ ဤအဖြစ်အပျက်အပေါင်းနှင့်တွေ့ကြုံရသော်လည်း လူတို့သည်အပြစ်ကူးမြဲကူးလျက်နေကြ၏။
ကိုယ်တော်သည်ထူးဆန်းသော
နိမိတ်လက္ခဏာများကိုပြတော်မူသော်လည်း သူတို့သည်ကိုယ်တော်ကိုမကိုးစားကြ။
၃၃ သို့ဖြစ်၍ကိုယ်တော်သည်သူတို့အား
ထွက်သက်ဝင်သက်တမျှတစ်ခဏချင်း၌ အသက်ဆုံးရှုံးစေတော်မူ၏။
သူတို့၏ဘဝကိုရုတ်တရက်ကျရောက်သည့် ဘေးအန္တရာယ်ကြောင့်နိဂုံးချုပ်စေတော်မူ၏။
၃၄ သို့ရာတွင်ထိုသူအချို့တို့ကိုကိုယ်တော် သေစေတော်မူသော်လည်း
ကြွင်းကျန်သောသူတို့မူကားအထံတော်သို့ ပြန်လာကြ၏။
သူတို့သည်နောင်တရလျက်စိတ်အားထက် သန်စွာ ဆုတောင်းပတ္ထနာပြုကြကုန်၏။
၃၅ ဘုရားသခင်သည်မိမိတို့အား ကွယ်ကာစောင့်ရှောက်တော်မူသော
ကျောက်တောင်သဖွယ်ဖြစ်ကြောင်းကိုလည်းကောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောအရှင်သည်
မိမိတို့အားကူမရန်ကြွလာတော်မူကြောင်း ကိုလည်းကောင်းသူတို့သည်သတိရကြကုန်၏။
၃၆ သို့ရာတွင်သူတို့သည်ကိုယ်တော်အားနှုတ်ဖြင့် မြှောက်ပင့်ပြောဆို၍
လျှာဖြင့်လိမ်လည်လျှောက်ထားကြ၏။
၃၇ သူတို့သည်ကိုယ်တော်အားသစ္စာမစောင့်ကြ။
ကိုယ်တော်နှင့်ပြုထားသည့်ပဋိညာဉ်ကိုလည်း မစောင့်မထိန်း။
၃၈ သို့သော်လည်းဘုရားသခင်သည်မိမိ၏လူစုအား ကရုဏာထားတော်မူ၏။
သူတို့၏အပြစ်များကိုဖြေလွှတ်တော်မူ၍ သူတို့အားဆုံးပါးပျက်စီးစေတော်မမူ။
ကိုယ်တော်သည်ကြိမ်ဖန်များစွာမိမိ၏ဒေါသကို ချုပ်တည်းတော်မူ၍
သူတို့ပေါ်တွင်အမျက်မထွက်ဘဲနေတော် မူ၏။
၃၉ ထိုသူတို့ကားလူသားများသာဖြစ်ကြောင်း၊ အနီးမှဖြတ်၍တိုက်ကာ
ပျောက်ကွယ်သွားတတ်သောလေကဲ့သို့ ဖြစ်ကြောင်းကိုသတိရတော်မူ၏။
၄၀ သူတို့သည်တောကန္တာရတွင်ကြိမ်ဖန်များစွာ ကိုယ်တော်အားပုန်ကန်ခဲ့ကြ၏။
ကြိမ်ဖန်များစွာကိုယ်တော်အားစိတ်မချမ်းမသာ ဖြစ်စေခဲ့ကြပါသည်တကား။
၄၁ သူတို့သည်အဖန်တလဲလဲဘုရားသခင်အား
သွေးစမ်းလျက်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသော
ဘုရား၏အမျက်တော်ကိုလှုံ့ဆော်ကြ၏။
၄၂-၄၃ သူတို့သည်ကိုယ်တော်၌မဟာတန်ခိုးတော် ရှိတော်မူကြောင်းကိုလည်းကောင်း
မိမိတို့အားရန်သူတို့လက်မှ
ကိုယ်တော်ကယ်တော်မူခဲ့သောအချိန် ကာလကိုလည်းကောင်း၊
အီဂျစ်ပြည်ဇောနလွင်ပြင်တွင်အံ့သြဖွယ် အမှုအရာများနှင့်
ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြ တော်မူ ခဲ့ကြောင်းကိုလည်းကောင်းသတိမရကြ။
၄၄ အီဂျစ်ပြည်သူပြည်သားတို့မသောက်မသုံး နိုင်ကြစေရန်
ချောင်းများမြစ်များမှရေတို့ကိုကိုယ်တော် သည် သွေးအဖြစ်သို့ပြောင်းလဲစေတော်မူ၏။
၄၅ ကိုယ်တော်သည်သူတို့အားအတိဒုက္ခပေးသည့် ယင်ရဲများကိုလည်းကောင်း၊
သူတို့၏လယ်ယာများကိုဖျက်ဆီးကြသည့်
ဖားများကိုလည်းကောင်းသူတို့ထံသို့စေ လွှတ်တော်မူ၏။
၄၆ သူတို့၏ကောက်ပဲသီးနှံများကိုစားပစ်ရန်နှင့်
လယ်ယာများကိုဖျက်ဆီးပစ်ရန်နှံကောင်များကို စေလွှတ်တော်မူ၏။
၄၇ သူတို့၏စပျစ်နွယ်များကိုမိုးသီးအားဖြင့် လည်းကောင်း၊
သဖန်းပင်များကိုဆီးနှင်းခဲအားဖြင့်လည်းကောင်း ဖျက်ဆီးပစ်တော်မူ၏။
၄၈ သူတို့၏ကျွဲနွားတိရစ္ဆာန်များကို မိုးသီးအားဖြင့်လည်းကောင်း၊
သိုးအုပ်ဆိတ်အုပ်များကိုမိုးကြိုး အားဖြင့်လည်းကောင်းဖျက်ဆီးပစ်တော်မူ၏။
၄၉ ကိုယ်တော်သည်သူတို့အားပြင်းထန်သော အမျက်တော်ထွက်တော်မူ၏။
အမျက်တော်သည်သေမင်း၏တမန်များသဖွယ် သူတို့အားဒဏ်ခတ်တော်မူ၏။
၅၀ ကိုယ်တော်သည်အမျက်တော်ကိုချုပ်တည်းတော်မမူ။
ထိုသူတို့၏အသက်ကိုလည်းချမ်းသာပေး တော်မမူ။
သူတို့အားကပ်ရောဂါအားဖြင့်သေကြေပျက်စီး စေတော်မူ၏။
၅၁ ကိုယ်တော်သည်အီဂျစ်ပြည်ရှိအိမ်ထောင်စုအပေါင်းမှ သားဦးတို့ကိုသေစေတော်မူ၏။
၅၂ ထိုနောက်ကိုယ်တော်သည်မိမိ၏လူစုတော်ကို
သိုးထိန်းသဖွယ်ရှေ့ဆောင်ကာတောကန္တာရကို ဖြတ်၍ပို့ဆောင်တော်မူ၏။
၅၃ ကိုယ်တော်သည်သူတို့အားဘေးမဲ့လုံခြုံစွာ
ပို့ဆောင်တော်မူသည်ဖြစ်၍သူတို့သည် မကြောက်မလန့်ကြ။
သို့ရာတွင်ပင်လယ်ရေသည်သူတို့၏ရန်သူများကို လွှမ်းမိုးလေ၏။
၅၄ ကိုယ်တော်သည်သူတို့အားမိမိ၏သန့်ရှင်း မြင့်မြတ်သည့်ပြည်တော်သို့လည်းကောင်း၊
ကိုယ်တော်တိုင်သိမ်းပိုက်တော်မူခဲ့သည့်
တောင်တော်သို့လည်းကောင်းပို့ဆောင်တော် မူ၏။
၅၅ မိမိ၏လူစုတော်ရှေ့သို့ချီတက်လာကြသောအခါ
ချဉ်းနင်းဝင်ရောက်မည့်ပြည်၌နေထိုင်ကြသူတို့ကို နှင်ထုတ်တော်မူ၏။
ဣသရေလအနွယ်တို့အားထိုပြည်ကိုခွဲဝေ သတ်မှတ် ပေးတော်မူပြီးလျှင်
ထိုအရပ်အသီးသီးတွင်အတည်တကျ နေထိုင်စေတော်မူ၏။
၅၆ သို့ရာတွင်သူတို့သည်အနန္တတန်ခိုးရှင် ဘုရားသခင်အားပုန်ကန်၍သွေးစမ်းကြ၏။
သူတို့သည်ကိုယ်တော်၏ပညတ်တော်တို့ကို မစောင့်မထိန်းကြ။
၅၇ မိမိတို့ဘိုးဘေးများနည်းတူသစ္စာဖောက်၍ ပုန်ကန်ကြ၏။
သူတို့ကားလေးမှပစ်ထုတ်လိုက်သည့်
လိမ်ကောက်နေသောမြားသဖွယ်စိတ်မချရ သူများဖြစ်၏။
၅၈ သူတို့သည်မိစ္ဆာနတ်ဘုရားတို့ကိုဝတ်ပြု ကိုးကွယ်ရာ
ဌာနများထားရှိခြင်းအားဖြင့်ကိုယ်တော်အား အမျက်ထွက်စေကြ၏။
ရုပ်တုများအားဖြင့်ကိုယ်တော်အား ဒေါသထွက်စေကြ၏။
၅၉ မိမိ၏လူစုတော်ယင်းသို့ပြုကြသည်ကို တွေ့မြင်တော်မူသောအခါ
ကိုယ်တော်သည်အမျက်ထွက်လျက်သူတို့အား လုံးလုံးစွန့်ပစ်တော်မူ၏။
၆၀ ငါတို့တွင်ကိန်းဝပ်တော်မူရာရှိလောမြို့ရှိ တဲတော်ကို ကိုယ်တော်သည်စွန့်ပစ်တော်မူ၏။
၆၁ တန်ခိုးတော်နှင့်ဘုန်းအသရေတော်အထိမ်း အမှတ် ဖြစ်သောပဋိညာဉ်သေတ္တာတော်ကိုလည်း
ရန်သူတို့အားသိမ်းယူခွင့်ပြုတော်မူ၏။
၆၂ ကိုယ်တော်သည်မိမိ၏လူစုတော်အား အမျက်ထွက်တော်မူသဖြင့်
သူတို့ကိုသတ်ဖြတ်ရန်ရန်သူတို့အား အခွင့် ပေးတော်မူ၏။
၆၃ ငယ်ရွယ်သူအမျိုးသားတို့သည်စစ်ပွဲတွင် ကျဆုံးကုန်သဖြင့်ငယ်ရွယ်သူ
အမျိုးသမီးတို့နှင့်လက်ထပ်ထိမ်းမြားမည့်သူ တစ်စုံတစ်ယောက်မျှမရှိတော့ပေ။
၆၄ ယဇ်ပုရောဟိတ်တို့သည်ဋ္ဌားဘေးဖြင့် သေဆုံးသွားကြကုန်၏။
သူတို့၏မုဆိုးမများသည်ငိုကြွေးမြည်တမ်းခွင့် မရကြ။
၆၅ နောက်ဆုံး၌ထာဝရဘုရားသည်အိပ်ရာမှ နိုးထသူကဲ့သို့လည်းကောင်း
စပျစ်ရည်အရှိန်ဖြင့်စိတ်တက်ကြွလာသော သူရဲကဲ့သို့လည်းကောင်းနိုးထတော်မူ၏။
၆၆ မိမိ၏ရန်သူများကိုထာဝစဉ်အရှက်ကွဲ အရေးရှုံးနိမ့်စေတော်မူ၏။
၆၇ သို့ရာတွင်ကိုယ်တော်သည်ယောသပ်၏သားမြေး တို့ကို ပစ်ပယ်တော်မူ၏။
ဧဖရိမ်အမျိုးအနွယ်ကိုရွေးချယ်တော်မမူ။
၆၈ သူတို့ကိုရွေးချယ်မည့်အစား၊ယုဒ အမျိုးအနွယ်ကိုလည်းကောင်း၊
ကိုယ်တော်လွန်စွာချစ်မြတ်နိုးသည့်
ဇိအုန်တောင်တော်ကိုလည်းကောင်း ရွေးချယ်တော်မူ၏။
၆၉ ထိုတောင်တော်ပေါ်တွင်ကောင်းကင်ဘုံရှိအိမ်တော်နှင့် တူသောဗိမာန်တော်ကိုတည်ဆောက်တော်မူ၏။
ထိုဗိမာန်တော်ကိုကမ္ဘာမြေကြီးကဲ့သို့ ကာလခပ်သိမ်းတည်တံ့ခိုင်မြဲစေတော်မူ၏။
၇၀-၇၁ ကိုယ်တော်သည်မိမိ၏အစေခံဒါဝိဒ်ကို ရွေးချယ်တော်မူ၏။
သိုးများကိုထိန်းကျောင်းရာမှသူ့ကိုခေါ်ယူ တော်မူ၍ ဣသရေလအမျိုးသားတို့၏ဘုရင်၊
ဘုရားသခင်လူစုတော်ကိုစောင့်ထိန်းသော သိုးထိန်းအဖြစ်ခန့်ထားတော်မူ၏။
၇၂ ဒါဝိဒ်မင်းသည်သိုးထိန်းအဖြစ်နှင့်ထိုသူတို့အား ကိုယ်ကျိုးစွန့်ကာစောင့်ရှောက်ကြည့်ရှု၍
လိမ္မာကျွမ်းကျင်စွာရှေ့ဆောင်လမ်းပြလေသည်။