ကာဒေရှအရပ်၌တွေ့ကြုံရသောအဖြစ်အပျက်
(ထွ၊ ၁၇:၁-၇)
၂၀
၁ ပထမလတွင်ဣသရေလအမျိုးသားတို့ သည် ဇိနဟုခေါ်သောတောကန္တာရသို့ရောက်၍ ကာဒေရှအရပ်၌စခန်းချကြသည်။ ထို အရပ်တွင်မိရိအံသေဆုံးသဖြင့် သူ့အလောင်း ကိုမြှုပ်နှံသင်္ဂြိုဟ်လိုက်ကြ၏။
၂ စခန်းချရာအရပ်တို့တွင်ရေမရှိသောကြောင့် သူတို့သည်မောရှေနှင့်အာရုန်တို့ထံသို့စုရုံး လာကြပြီးလျှင်၊-
၃ ``အကျွန်ုပ်တို့သည်ယခုကဲ့သို့သောဆင်းရဲ ဒုက္ခခံရသည်ထက် အကျွန်ုပ်တို့၏သားချင်း များနှင့်အတူထာဝရဘုရား၏တဲတော် ရှေ့တွင်သေရသည်ကပို၍ကောင်းပါသေး သည်။-
၄ အကျွန်ုပ်တို့၏တိရစ္ဆာန်များနှင့်အတူသေ ကြေပျက်စီးစေခြင်းငှာ သင်တို့သည်အကျွန်ုပ် တို့အားဤတောကန္တာရသို့အဘယ်ကြောင့် ခေါ်ဆောင်ခဲ့ပါသနည်း။-
၅ အဘယ်ကြောင့်အကျွန်ုပ်တို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်၍ မည်သည့်အပင်မျှမပေါက်သောဤ ခေါင်သည့်အရပ်သို့ခေါ်ဆောင်ခဲ့ပါသနည်း။ ဤ အရပ်တွင်ကောက်ပဲသီးနှံပင်မရှိ၊ သဖန်းပင် မရှိ၊ စပျစ်ပင်မရှိ၊ သလဲပင်မရှိ၊ သောက် စရာရေမရှိ'' ဟုညည်းတွားကြလေသည်။-
၆ ထိုအခါမောရှေနှင့်အာရုန်တို့သည်လူအစု အဝေးမှထွက်ခွာ၍ တဲတော်တံခါးဝတွင်ရပ် နေကြ၏။ သူတို့သည်ပျပ်ဝပ်လျက်နေကြစဉ် ထာဝရဘုရား၏တောက်ပသောဘုန်းအသ ရေတော်ထင်ရှားလာ၏။
၇ ထာဝရဘုရားကမောရှေအား၊-
၈ ``ပဋိညာဉ်သေတ္တာတော်ရှေ့တွင် ရှိသောတောင်ဝှေး ကိုယူလော့။ ထိုနောက်သင်နှင့်အာရုန်တို့သည် ဣသ ရေလအမျိုးသားအပေါင်းတို့အားစုဝေးစေရန် ဆင့်ဆိုလော့။ သူတို့ရှေ့တွင်ထိုအရပ်၌ရှိသော ကျောက်ဆောင်ကို ရေထွက်စေရန်အမိန့်ပေးလော့။ သူတို့နှင့်သူတို့၏တိရစ္ဆာန်များသောက်ရန် ကျောက်တုံးမှရေပန်းထွက်လိမ့်မည်'' ဟုမိန့် တော်မူ၏။-
၉ မောရှေသည်ထာဝရဘုရားမိန့်မှာတော်မူ သည်အတိုင်း တောင်ဝှေးကိုယူခဲ့လေသည်။
၁၀ သူသည်အာရုန်နှင့်အတူ လူအပေါင်းတို့ကို ကျောက်ဆောင်ရှေ့တွင်စုရုံးစေ၏။ ထိုနောက် မောရှေက``ပုန်ကန်သူတို့၊ နားထောင်လော့။ ဤ ကျောက်ဆောင်ထဲမှသင်တို့အဖို့ရေထွက် ရအောင် ငါတို့ပြုလုပ်ရမည်လော'' ဟုဆိုလျက်၊-
၁၁ တောင်ဝှေးကိုမြှောက်၍ကျောက်တုံးကိုနှစ်ကြိမ် ရိုက်လေသည်။ ထိုအခါကျောက်ဆောင်မှရေ များစွာပန်းထွက်သဖြင့် လူအပေါင်းတို့နှင့် တိရစ္ဆာန်များရေသောက်ကြရသည်။
၁၂ သို့ရာတွင်ထာဝရဘုရားက မောရှေနှင့် အာရုန်တို့အား``သင်တို့သည်ဣသရေလ အမျိုးသားတို့ရှေ့တွင်ငါ့တန်ခိုးတော်ကို ယုံကြည်မှုနည်းသောကြောင့် ကတိထားသော ပြည်သို့သူတို့အားပို့ဆောင်ရကြလိမ့်မည် မဟုတ်'' ဟုဆုံးမတော်မူ၏။
၁၃ မေရိဘအရပ်ကား ဣသရေလအမျိုးသား တို့ထာဝရဘုရားအားညည်းတွားသော၊ ထာဝရ ဘုရားကမိမိသည် ထာဝရဘုရားဖြစ်တော်မူ ကြောင်းကိုပြသောအရပ်ဖြစ်သတည်း။
ဧဒုံပြည်ဘုရင်ကဣသရေလအမျိုးသားတို့အား မိမိပြည်ကိုဖြတ်သန်းခွင့်မပြု
၁၄ မောရှေသည်ကာဒေရှအရပ်မှဧဒုံဘုရင်ထံ သို့ သံတမန်များကိုစေလွှတ်လိုက်၏။ သံတမန် တို့ကဧဒုံဘုရင်အား``ကိုယ်တော်၏ဆွေမျိုး သားချင်းဖြစ်သောဣသရေလအမျိုးသား တို့ထံမှ သတင်းပါးလိုက်ပါသည်။ အကျွန်ုပ် တို့ဆင်းရဲဒုက္ခမည်မျှခံခဲ့ရကြောင်း ကိုယ်တော်သိပါ၏။-
၁၅ အကျွန်ုပ်တို့၏ဘိုးဘေးများသည်အီဂျစ် ပြည်သို့သွားရောက်၍ နှစ်ပေါင်းများစွာနေ ထိုင်ခဲ့ရာအီဂျစ်အမျိုးသားတို့သည်ဘိုး ဘေးများနှင့်အကျွန်ုပ်တို့ကိုညှင်းဆဲနှိပ်စက် ခဲ့ပါ၏။-
၁၆ အကျွန်ုပ်တို့သည်ထာဝရဘုရားထံအကူ အညီတောင်းခံလျှောက်ထားသောအခါ ကိုယ် တော်သည်နားညောင်းတော်မူ၍ကောင်းကင် တမန်ကိုစေလွှတ်လျက် ကျွန်ုပ်တို့အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူခဲ့၏။ ယခုအကျွန်ုပ် တို့သည်ကိုယ်တော်၏နယ်စပ်တွင်တည်ရှိ သောကာဒေရှမြို့သို့ရောက်ရှိနေပါသည်။-
၁၇ ကိုယ်တော်၏ပြည်ကိုဖြတ်သန်းခွင့်ပေးတော် မူပါ။ အကျွန်ုပ်တို့နှင့်တကွသိုး၊ နွား၊ တိရစ္ဆာန် တို့သည်ကိုယ်တော်၏လယ်များ၊ စပျစ်ဥယျာဉ် များကိုဖြတ်သန်းခြင်းပြုမည်မဟုတ်ပါ။ ရေတွင်းများမှရေကိုလည်းသောက်သုံးမည် မဟုတ်ပါ။ အကျွန်ုပ်တို့သည်ကိုယ်တော်၏ ပိုင်နက်လွန်သည် အထိလမ်းမကြီးအတိုင်း ဖြတ်သန်းသွားပါမည်'' ဟုလျှောက်ထား ကြလေသည်။
၁၈ ဧဒုံအမျိုးသားတို့က``သင်တို့အားငါတို့ ၏ပြည်ကိုဖြတ်သန်းခွင့်မပြုနိုင်။ သင်တို့ ဖြတ်သန်းလာလျှင်ငါတို့သည်အလုံး အရင်းနှင့်ချီတက်၍သင်တို့အားတိုက်ခိုက် မည်'' ဟုဖြေကြားကြလေသည်။
၁၉ ဣသရေလအမျိုးသားတို့က``အကျွန်ုပ်တို့ သည်လမ်းမကြီးအတိုင်းသာဖြတ်သန်းသွား ကြပါမည်။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏ တိရစ္ဆာန်များသည် ကိုယ်တော်၏ပြည်မှရေကို သောက်သုံးမိလျှင်ရေဖိုးကိုပေးပါမည်။ ဖြတ်သန်းခွင့်ကိုသာပေးတော်မူပါ'' ဟု လျှောက်ထားကြလေသည်။
၂၀ ဧဒုံအမျိုးသားတို့က``ငါတို့ဖြတ်သန်းခွင့် မပြုနိုင်'' ဟုဆို၍ဣသရေလအမျိုးသား တို့ကိုတိုက်ခိုက်ရန် ဗိုလ်ပါအလုံးအရင်း နှင့်ချီတက်လာကြလေသည်။-
၂၁ ဧဒုံအမျိုးသားတို့ကမိမိတို့ပြည်ကိုဖြတ် သန်းခွင့်မပြုကြသောကြောင့် ဣသရေလ အမျိုးသားတို့သည်လှည့်လည်၍အခြား သောလမ်းဖြင့်ခရီးဆက်ကြလေသည်။
အာရုန်အနိစ္စရောက်ခြင်း
၂၂-၂၃ ဣသရေလအမျိုးသားတို့သည်ကာဒေရှ အရပ်မှထွက်ခွာခဲ့ရာ ဧဒုံပြည်နယ်စပ်ရှိ ဟောရတောင်သို့ရောက်ရှိကြလေသည်။ ထို အရပ်တွင်ထာဝရဘုရားက မောရှေနှင့် အာရုန်တို့အား၊-
၂၄ ``အာရုန်သည်အနိစ္စရောက်လိမ့်မည်။ သူသည် ဣသရေလအမျိုးသားတို့အား ငါကတိ ထားသောပြည်သို့ဝင်ရလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်သင်တို့နှစ်ဦးသည် မေရိဘအရပ်တွင် ငါ၏အမိန့်တော်ကို မနာခံခဲ့သောကြောင့်ဖြစ်သည်။-
၂၅ အာရုန်နှင့်သူ၏သားဧလာဇာကိုဟောရ တောင်ပေါ်သို့ခေါ်ဆောင်ခဲ့ပြီးလျှင်၊-
၂၆ အာရုန်၏ယဇ်ပုရောဟိတ်ဝတ်စုံကိုချွတ်၍ ဧလာဇာအားဝတ်ဆင်ပေးလော့။ အာရုန်သည် ထိုအရပ်တွင်အနိစ္စရောက်လိမ့်မည်'' ဟုမိန့် တော်မူ၏။-
၂၇ ထာဝရဘုရားမိန့်မှာတော်မူသည်အတိုင်း မောရှေဆောင်ရွက်လေသည်။ ဣသရေလအမျိုး သားအပေါင်းတို့ရှေ့တွင် သူတို့သည်ဟောရ တောင်ပေါ်သို့တက်သွားကြ၏။-
၂၈ တောင်ပေါ်တွင်မောရှေသည်အာရုန်၏ယဇ် ပုရောဟိတ်ဝတ်စုံများကိုချွတ်၍ ဧလာဇာ အားဝတ်ဆင်ပေးလေသည်။ အာရုန်သည်ထို တောင်ပေါ်တွင်အနိစ္စရောက်လေ၏။ မောရှေ နှင့်ဧလာဇာတို့သည်တောင်အောက်သို့ ဆင်းလာကြ၏။-
၂၉ ဣသရေလအမျိုးသားအပေါင်းတို့သည် အာရုန်အနိစ္စရောက်ကြောင်းကြားသိရသော အခါ ရက်ပေါင်းသုံးဆယ်ပတ်လုံးဝမ်းနည်း ပူဆွေးကြလေသည်။