နိနေဝေမြို့ကျဆုံးခြင်း
၂
၁ အို နိနေဝေမြို့၊ရန်သူသည်သင့်ကိုတိုက်ခိုက် လျက်ရှိ၏။
သင်တို့ချေမှုန်းပစ်မည့်သူသည်ရောက်ရှိလာ လေပြီ။
သင်၏ခံတပ်များကိုကြီးကြပ်အုပ်ချုပ်လော့။ လမ်းတွင်အစောင့်ချထားလော့။
တိုက်ပွဲဝင်ရန်အသင့်ပြင်ဆင်လော့။
၂ (ထာဝရဘုရားသည် ဣသရေလပြည်သား ရန်သူများလုယက်တိုက်ခိုက်မှုမပြုမီ အခါက အခြေအနေသို့ပြန်လည်ရောက် ရှိစေတော်မူတော့အံ့။)
၃ ရန်သူစစ်သူရဲတို့သည်ဒိုင်းလွှားနီများ ကိုကိုင်ဆောင်ကာ ဆင်တူဝတ်စုံနီများကိုဝတ်ဆင်ထားကြ၏။
သူတို့သည်တိုက်ခိုက်ရန်အသင့်ပြင်ဆင်လျက် ရှိကြ၏။
သူတို့၏စစ်မြင်းရထားများသည်မီးလျှံ သဖွယ် တောက်ပလျက်၊
သူတို့၏မြင်းများသည်ခုန်ပေါက်၍နေကြ၏။
၄ စစ်မြင်းရထားတို့သည်လမ်းများတွင်အပြင်း နှင်ကာ၊
လူထုစုဝေးရာကွက်လပ်များတွင် အစုံအဆန်ပြေးကြကုန်၏။
ယင်းတို့သည်မီးရှူးတိုင်များသဖွယ် တောက်ပလျက်၊ လျှပ်စစ်ပြက်သကဲ့သို့လျင်မြန်ကြ၏။
၅ တပ်မှူးတို့ကိုဆင့်ခေါ်လိုက်သောအခါ
သူတို့သည်ခလုတ်တိုက်၍ပြိုလဲမတတ် ရှေ့သို့ချီတက်လာကြ၏။
ထိုးစစ်ဆင်သူတို့သည်မြို့ရိုးရှိရာသို့ အလျင်အမြန် ပြေးလာပြီးလျှင်၊ဒိုင်းလွှားများဖြင့်
အကွယ်အကာယူကာခံတပ်ဖြိုသော တင်းပုတ်ကြီးများကိုတပ်ဆင်ကြ၏။
၆ မြစ်အနီးရှိမြို့တံခါးများသည်ရုတ်တရက် ပွင့်ထွက်လာလေပြီ။
နန်းတော်တွင်လည်းကြောက်စိတ်လွှမ်းလျက် နေတော့၏။
၇ မိဖုရားသည်အဖမ်းခံပြီးဖြစ်၍
ရံရွေတော်တို့သည်ချိုးငှက်များကဲ့သို့ ညည်းတွားငိုယိုကြကုန်၏။
သူတို့သည်ဝမ်းနည်းကြေကွဲသဖြင့်မိမိတို့ ရင်ဘတ်များကိုတီးကြ၏။
၈ တာကျိုးမှစီးထွက်သည့်ရေကဲ့သို့လူတို့သည် နိနေဝေမြို့မှတစ်ဟုန်တည်းထွက်ပြေးကြ၏။
သူတို့အား`ရပ်တန့်လော့၊ရပ်တန့်လော့' ဟု
ဟစ်အော်ပြောဆိုပါသော်လည်း၊အဘယ်သူမျှ လှည့်၍မကြည့်ကြ။
၉ ငွေတို့ကိုလုယူကြလော့။ ရွှေတို့ကိုလုယူ ကြလော့။
ဤမြို့သည်ဥစ္စာရတနာပေါများကြွယ်ဝ သောမြို့ ဖြစ်ပါသည်တကား။
၁၀ နိနေဝေမြို့သည်ပျက်စီး၍သွားလေပြီ။
လူသူမရှိ။ ဆိတ်ညံရာဖြစ်လျက်နေ၏။
လူတို့သည်အလွန်ကြောက်လန့်သဖြင့်နှလုံး ခုန်ရပ်လုနီး၊
ဒူးများတုန်လျက်အားအင်ကုန်ခန်း၍သွားကြ၏။
သူတို့၏မျက်နှာတွင်လည်းသွေးမရှိတော့။
၁၁ ခြင်္သေ့များခိုအောင်းရာသားရဲတွင်း၊ခြင်္သေ့ငယ် များကို အစာကျွေးရာ၊
ခြင်္သေ့ကြီးငယ်တို့ဘေးမဲ့လုံခြုံစွာလာ ရောက်ခိုလှုံရာ အရပ်နှင့်တူသောမြို့သည်
ယခုအဘယ်မှာရှိသနည်း။
၁၂ ခြင်္သေ့သည်သားကောင်ကိုသတ်ပြီးလျှင်၊ ခြင်္သေ့မနှင့် သားငယ်တို့အတွက်
အပိုင်းပိုင်းအစစဖြစ်အောင်ကိုက်ဖြတ်ကာ၊
ထိုအသားစများဖြင့်မိမိသားရဲတွင်းကို ပြည့်စေတတ်၏။
၁၃ အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည် သင်၏ရန်သူဖြစ်၏။ သင့်ရထားများကိုငါ မီးရှို့ပစ်မည်။ သင်၏စစ်သည်တပ်သားတို့သည် စစ်ပွဲတွင်ကျဆုံးကြလိမ့်မည်။ သူတစ်ပါး တို့ထံမှ သင်သိမ်းယူထားသည့်ဥစ္စာပစ္စည်း မှန်သမျှကိုငါဖယ်ရှားမည်။ သင်၏သံတမန် တို့၏တောင်းဆိုသံများကိုကြားကြရ တော့မည်မဟုတ်'' ဟုမိန့်တော်မူ၏။