ဗင်္ယာမိန်အနွယ်ဝင်တို့အတွက်ဇနီးများ
၂၁
၁ မိဇပါမြို့၌စုရုံးစဉ်အခါကဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားအား``ဗင်္ယာ မိန်အမျိုးသားတစ်စုံတစ်ယောက်ကိုမျှအကျွန်ုပ် တို့၏သမီးနှင့်လက်ထပ်ထိမ်းမြားခွင့်ပြုမည် မဟုတ်ပါ'' ဟုကျိန်ဆိုကတိပြုခဲ့ကြ၏။-
၂ သို့ဖြစ်၍ယခုဣသရေလအမျိုးသားတို့ သည်ဗေသလမြို့သို့သွား၍ ဘုရားသခင် ၏ရှေ့တော်၌ညနေချမ်းအချိန်တိုင်အောင် ထိုင်လျက်၊-
၃ ``အို ဣသရေလလူမျိုး၏ဘုရားသခင် ထာဝရဘုရား၊ အဘယ်ကြောင့်ဤသို့ဖြစ် ရပါသနည်း။ ဗင်္ယာမိန်အနွယ်သည်ဣသ ရေလလူမျိုးမှအဘယ်ကြောင့်ပျောက်ကွယ် ရပါတော့မည်နည်း'' ဟုပြင်းပြစွာဟစ် အော်ငိုကြွေးလျှောက်ထားကြ၏။
၄ နောက်တစ်နေ့နံနက်စောစော၌လူတို့သည် ထ၍ ထိုအရပ်တွင်ယဇ်ပလ္လင်တစ်ခုကိုတည် ဆောက်ကာ မိတ်သဟာယယဇ်နှင့်မီးရှို့ရာ ယဇ်တို့ကိုပူဇော်ကြ၏။-
၅ သူတို့က``ဣသရေလလူမျိုးအနွယ်အပေါင်း တို့အနက်မိဇပါမြို့ရှိ ထာဝရဘုရား၏ ရှေ့တော်သို့မလာမရောက်ဘဲနေခဲ့သည့်လူ စုရှိပါသလော'' ဟုမေးမြန်းကြ၏။ (အဘယ် ကြောင့်ဆိုသော်မိဇပါမြို့ထာဝရဘုရား ထံတော်သို့မလာမရောက်ဘဲနေသောသူ သည်သေဒဏ်ခံစေဟုကျိန်ဆိုကတိပြု ခဲ့ကြသောကြောင့်ဖြစ်၏။-)
၆ ဣသရေလအမျိုးသားတို့သည်မိမိတို့ ၏ညီများဖြစ်သော ဗင်္ယာမိန်အနွယ်ဝင်တို့ အတွက်ဝမ်းနည်းကြေကွဲလျက်``ယနေ့ပင် လျှင်ဣသရေလအမျိုးအနွယ်အပေါင်း တို့အနက်တစ်နွယ်ကိုဆုံးရှုံးရလေပြီ။-
၇ ကျန်ရှိနေသေးသောဗင်္ယာမိန်အမျိုးသား တို့အတွက်မယားများရရှိနိုင်ရန် ငါတို့ အဘယ်သို့ပြုကြရပါမည်နည်း။ ငါတို့ သမီးများကိုသူတို့နှင့်ထိမ်းမြားခြင်းမပြု ဟုထာဝရဘုရားကိုတိုင်တည်၍ငါတို့ သစ္စာဆိုပြီးလေပြီ'' ဟုဆိုကြ၏။
၈ မိဇပါမြို့၌စုရုံးရာသို့ဣသရေလ အမျိုးအနွယ်များထဲမှ မလာမရောက် သောလူစုရှိပါသလောဟုစုံစမ်းကြ သောအခါ ဂိလဒ်ပြည်ယာဗက်မြို့မှမည် သူတစ်ဦးတစ်ယောက်မျှမလာမရောက် ကြောင်းကိုသိရှိရကြလေသည်။-
၉ တပ်မတော်မှနာမည်ခေါ်စာရင်းကောက်ယူ သောအခါ ဂိလဒ်ပြည်ယာဗက်မြို့မှလူ တစ်စုံတစ်ယောက်မျှမပါဝင်ပေ။-
၁၀-၁၁ မိဇပါမြို့၌စုဝေးသောသူအပေါင်းတို့ က၊ မိမိတို့တွင်ရဲစွမ်းသတ္တိအရှိဆုံးလူ တစ်သောင်းနှစ်ထောင်အား``သင်တို့သွား၍ အမျိုးသမီးများနှင့်ကလေးများအပါ အဝင်ယာဗတ်မြို့သားအပေါင်းတို့အား သုတ်သင်ပစ်ကြလော့။ ယောကျာ်းနှင့်အပျို စင်မဟုတ်သောအမျိုးသမီးမှန်သမျှ ကိုသတ်ဖြတ်ပစ်ကြရမည်'' ဟုအမိန့် ပေးစေလွှတ်လိုက်လေသည်။-
၁၂ ထိုသူတို့သည်ယာဗက်မြို့သားများအနက် အပျိုစင်လေးရာကိုတွေ့ရှိသဖြင့် သူတို့ အားရှိလောမြို့တပ်စခန်းသို့ခေါ်ဆောင် ခဲ့ကြ၏။ ရှိလောမြို့သည်ခါနာန်ပြည်တွင် ရှိသတည်း။
၁၃ ထိုနောက်စုဝေးသောသူအပေါင်းတို့က ရိမ္မုန် ကျောက်ရှိဗင်္ယာမိန်အမျိုးသားတို့ထံသို့ စစ်ပြေငြိမ်းရန် ကမ်းလှမ်းချက်သတင်းကို ပေးပို့လိုက်ကြ၏။-
၁၄ ဗင်္ယာမိန်အမျိုးသားတို့သည်ပြန်လာကြ သောအခါ အခြားဣသရေလအမျိုးတို့ ကမိမိတို့မသတ်ဘဲထားသည့် ယာဗက်မြို့ သူအမျိုးသမီးတို့ကိုပေးအပ်လိုက်လေ သည်။ သို့ရာတွင်ထိုအမျိုးသမီးအရေ အတွက်မှာထိုသူတို့အတွက်လုံလောက် မှုမရှိချေ။
၁၅ ထာဝရဘုရားသည်ဣသရေလအမျိုး အနွယ်တို့၏စည်းလုံးမှုကိုပျက်ပြားစေ တော်မူပြီဖြစ်၍ လူတို့သည်ဗင်္ယာမိန်အမျိုး သားများအတွက်ဝမ်းနည်းကြလေသည်။-
၁၆ သို့ဖြစ်၍ခေါင်းဆောင်တို့က``ဗင်္ယာမိန်အနွယ် ဝင်အမျိုးသမီးများမရှိကြတော့ပေ။ ကျန် ရှိနေသေးသည့်အမျိုးသားများအတွက် အဘယ်သို့လျှင် မယားများကိုငါတို့ရှာ ဖွေပေးရပါမည်နည်း။-
၁၇ ဣသရေလတစ်ဆယ့်နှစ်မျိုးရှိသည့် အနက်တစ်မျိုးပျောက်ကွယ်၍မသွား စေအပ်။-
၁၈ သို့ရာတွင်ငါတို့သည်မိမိတို့၏သမီးများ နှင့်သူတို့အားထိမ်းမြားစုံဖက်ခွင့်လည်းမ ပြုနိုင်။ အဘယ်ကြောင့်ဆိုသော်ယင်းသို့စုံဖက် ရန်ခွင့်ပြုသူသည် ငါတို့၏ကျိန်စာသင့်မည် ဖြစ်သောကြောင့်တည်း'' ဟုဆွေးနွေးတိုင်ပင် ကြလေသည်။
၁၉ ထိုနောက်သူတို့သည်ရှိလောမြို့၌နှစ်စဉ် ကျင်းပမြဲဖြစ်သော ထာဝရဘုရား၏ပွဲ တော်ကျရောက်တော့မည်ကိုသတိရကြ ၏။ (ရှိလောမြို့သည်ဗေသလမြို့၏မြောက် ဘက်၊ လေဗောနမြို့၏တောင်ဘက်၊ ဗေသလ မြို့မှရှေခင်မြို့သို့သွားသောလမ်းအရှေ့ ဘက်၌တည်ရှိသတည်း။-)
၂၀ သူတို့ကဗင်္ယာမိန်အမျိုးသားတို့အား``သင် တို့သည်စပျစ်ဥယျာဉ်များသို့သွား၍ ပုန်း အောင်း၍၊-
၂၁ စောင့်ဆိုင်းနေကြလော့။ ရှိလောမြို့သူတို့သည် ပွဲခံအံ့သောငှာကခုန်လျက်လာကြလိမ့် မည်။ ထိုအခါစပျစ်ဥယျာဉ်များမှထွက်၍ သင်တို့နှင့်အိမ်ထောင်ဖက်ပြုရန်နှစ်သက် ရာအမျိုးသမီးကိုဗင်္ယာမိန်ပြည်သို့ဖမ်း ဆီးခေါ်ဆောင်သွားကြလော့။-
၂၂ အကယ်၍သူတို့၏ဖခင်များသို့မဟုတ် မောင်များကလာရောက်ကန့်ကွက်လျှင် သင် တို့သည်သူတို့အား`ထိုအမျိုးသမီးတို့ကို ငါတို့အားသိမ်းပိုက်ခွင့်ပြုပါ။ အဘယ်ကြောင့် ဆိုသော်ငါတို့သည်သင်တို့အားတိုက်ခိုက်၍ သူတို့ကိုသိမ်းယူခြင်းမဟုတ်သောကြောင့် ဖြစ်ပါသည်။ ထိုမှတစ်ပါးသူတို့ကိုငါတို့ အားပေးစားသူမှာသင်တို့မဟုတ်သဖြင့် သင်တို့သည်မိမိတို့၏ကတိသစ္စာကိုချိုး ဖောက်ရာမရောက်ပါ' ဟုပြန်ပြောကြ လော့'' ဟူ၍မှာထားကြ၏။
၂၃ ဗင်္ယာမိန်အမျိုးသားတို့သည်လည်းယင်းသို့ မှာထားသည့်အတိုင်းပြု၍ ကခုန်လျက်လာ ကြသောအမျိုးသမီးတို့အား ကိုယ်စီကိုယ် ငှရွေးယူဖမ်းဆီးခေါ်ဆောင်၍မိမိတို့နယ် မြေသို့ပြန်ပြီးလျှင်မိမိတို့၏မြို့များကို ပြန်လည်ထူထောင်ကာနေထိုင်ကြလေ၏။-
၂၄ တစ်ချိန်တည်းမှာပင်အခြားဣသရေလ အမျိုးသားတို့သည် မိမိတို့၏အမျိုးအနွယ်၊ အိမ်ထောင်စုနှင့်အိုးအိမ်ရှိရာအရပ်အသီး သီးသို့ပြန်လည်ထွက်ခွာသွားကြကုန်၏။
၂၅ ထိုခေတ်အခါကဣသရေလလူမျိုးတွင် ရှင်ဘုရင်မရှိသေးချေ။ လူတိုင်းပင်မိမိ အလိုရှိသည်အတိုင်းပြုသတည်း။ တရားသူကြီးမှတ်စာပြီး၏။