ဟဗက္ကုတ်အနာဂတ္တိကျမ်း
နိဒါန်း
ပရောဖက်ဟဗက္ကုတ်၏စကားများသည်ဗာဗုလုန်အမျိုးသားများတန်ခိုးကြီးထွားနေစဉ်ကာလ၊ ခရစ်တော်မပေါ်ထွန်းမီခုနစ်ရာစုကုန်ဆုံးလုနီးအချိန်တွင်ပေါ်ထွက်လာပေသည်။ သူသည်ဤရက်စက်သောလူမျိုးတို့၏အကြမ်းဖက်မှုအပေါ်လွန်စွာစိတ်အနှောင့်အယှက်ဖြစ်လျက်ရှိသည်။ ထို့ကြောင့်သူသည်ထာဝရဘုရားအား``သို့ဖြစ်၍မိမိတို့ထက်ကိုယ်ကျင့်တရားကောင်းမွန်သူတို့အား ထိုသူတို့သုတ်သင်ပယ်ရှင်းကြသောအခါကိုယ်တော်ရှင်သည်အဘယ်ကြောင့်ဆိတ်ဆိတ်နေတော်မူပါသနည်း'' ၁:၁၃ ဟုမေးခဲ့လေသည်။ ထာဝရဘုရားကမိမိသင့်တော်သည့်အချိန်တွင်မိမိဆောင်ရွက်မည်ဖြစ်ကြောင်းမိန့်ဆို၍ ထိုအတောအတွင်း၌``သူတော်ကောင်းတို့မူကားဘုရားသခင်ကိုသစ္စာစောင့်သဖြင့်အသက်ရှင်ကြလိမ့်မည်'' ၂:၄ ဟုဖြေကြားတော်မူသည်။
ကျမ်းစောင်၏ကျန်သောအပိုင်းများသည်သူယုတ်မာတို့၏ကြမ္မာဆိုးနှင့်ဆိုင်သောပရောဖက်ပြုဟောကြားချက်ဖြစ်၍၊ ဆာလံဆရာ၏အဆုံးမရှိသောယုံကြည်ခြင်းကိုဖော်ပြထားပြီး ဘုရားသခင်၏ကြီးမြတ်မှုကိုဂုဏ်ပြုထားသည့်ဆာလံအားဖြင့်အဆုံးသတ်ထားလေသည်။
အကြောင်းအရာအကျဉ်းချုပ်
ဟဗက္ကုတ်၏တိုင်တန်းချက်များနှင့်ထာဝရဘုရား၏
ဖြေကြားတော်မူချက် ၁:၁-၂:၄
သူယုတ်မာတို့၏ကြမ္မာဆိုး ၂:၅-၂၀
ဟဗက္ကုတ်၏ဆုတောင်းချက် ၃:၁-၁၉
၁
၁ ဤသတင်းစကားသည်ပရောဖက်ဟဗက္ကုတ်အား ထာဝရဘုရားပေးတော်မူသောဗျာဒိတ်တော်ဖြစ်ပေသည်။
မတရားမှုများအတွက်ဟဗက္ကုတ်တိုင်တန်းခြင်း
၂ ကျွန်တော်မျိုးအားအကြမ်းဖက်ခံရမှုမှကယ်တော်မူသည့်တိုင်အောင် ကိုယ်တော်ရှင်မကြားမချင်း``ကူမတော်မူပါ'' ဟုအဘယ်မျှကြာအောင်ဟစ်အော်တောင်းလျှောက်ရပါမည်နည်း။-
၃ ကိုယ်တော်ရှင်သည်အဘယ်ကြောင့်ကျွန်တော်မျိုးအား ဤသို့သောဆင်းရဲဒုက္ခနှင့်ဆိုးညစ်မှုကိုကြုံတွေ့စေတော်မူပါသနည်း။ ကျွန်တော်မျိုးသည်အကြမ်းဖက်မှု၊ လုယက်ဖျက်ဆီးမှုတို့နှင့်ရင်ဆိုင်၍နေရပါ၏။ နေရာတကာတွင်ခိုက်ရန်ဖြစ်ပွားမှု၊ ငြင်းခုံမှုများကိုလည်းတွေ့မြင်ရပါ၏။-
၄ တရားဥပဒေသည်ပျော့ညံ့၍အသုံးမဝင်သဖြင့် အဘယ်အခါ၌တရားသဖြင့်စီရင်ဆုံးဖြတ်မှုမပြုနိုင်ကြပါ။ သူယုတ်မာတို့သည်သူတော်ကောင်းများကိုအနိုင်ရကြသည်ဖြစ်၍ တရားစီရင်မှုသည်အမှောက်မှောက်အမှားမှားဖြစ်လျက်ရှိပါတော့၏။
ထာဝရဘုရားပြန်လည်မိန့်ကြားချက်
၅ ထိုအခါထာဝရဘုရားကမိမိလူမျိုးတော်အား``သင်တို့သည်မိမိတို့ပတ်ဝန်းကျင်ရှိလူမျိုးတကာကို ဆက်လက်စောင့်ဆိုင်းကြည့်ရှုနေကြလော့။ ထိုအခါသင်တို့တွေ့မြင်ရသည့်အမှုအတွက်အံ့သြသွားလိမ့်မည်။ ငါသည်သင်တို့ကြား၍ပင်မယုံနိုင်မည့်အမှုတစ်ခုကိုပြုမည်။-
၆ ငါသည်ကြောက်မက်ဖွယ်ကောင်း၍အငြိမ်မနေတတ်သူဗာဗုလုန်အမျိုးသားတို့အားတန်ခိုးကြီးမားလာစေမည်။ သူတို့သည်အခြားနိုင်ငံများကိုနှိမ်နင်းရန် ကမ္ဘာမြေပြင်ကိုဖြတ်၍ချီတက်လာကြလိမ့်မည်။-
၇ လူတို့အားကြောက်လန့်တုန်လှုပ်စေလျက် မာန်မာနထောင်လွှားကာတရားလက်လွတ်ပြုကျင့်ကြလိမ့်မည်။
၈ ``သူတို့၏မြင်းများသည်ကျားသစ်ထက်လျင်မြန်၍ အစာဆာလောင်နေသောဝံပုလွေထက်ပင်ကြောက်မက်ဖွယ်ကောင်း၏။ မြင်းစီးသူရဲတို့သည်မြင်းများကို ရပ်ဝေးမှအပြင်းနှင်၍လာကြ၏။ သူတို့၏မြင်းများသည်မြေကိုခွာဖြင့်ရှပ်ကြ၏။ သူတို့သည်အစာကိုချီသုတ်မည့်လင်းယုန်ငှက်ကဲ့သို့တစ်ရှိန်ထိုးမောင်းနှင်လာလေသည်။
၉ ``သူတို့၏တပ်များသည်အပြင်းအထန်ရှေ့သို့ချီတက်လျက်တိုက်ခိုက်အောင်မြင်ကြကုန်၏။ သူတို့ဖမ်းဆီးရမိသည့်သုံ့ပန်းများမှာသဲလုံးနှင့်အမျှများပေသည်။-
၁၀ သူတို့သည်ပြည့်ရှင်မင်းများကိုမထီမဲ့မြင်ပြုကြ၏။ မှူးကြီးမတ်ရာတို့ကိုပြက်ရယ်ပြုကြ၏။ သူတို့အားအဘယ်ခံတပ်မျှမတားမဆီးနိုင်။ သူတို့သည်မြေကတုတ်များကိုဖို့လုပ်၍ခံတပ်တို့ကိုတိုက်ခိုက်သိမ်းယူကြလေသည်။-
၁၁ ထိုနောက်မိမိတို့၏တန်ခိုးအာဏာကို ဘုရားအမှတ်ဖြင့်ကိုးကွယ်ကြကုန်သောထိုသူတို့သည် လေကဲ့သို့တဟုန်တည်းပြင်းစွာဖြတ်ကျော်ထွက်ခွာသွားကြ၏'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားအားတစ်ဖန်ဟဗက္ကုတ်တိုင်တန်းပြန်ခြင်း
၁၂ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အစဦးကာလကပင်ဘုရားသခင်ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ သန့်ရှင်းမြင့်မြတ်တော်မူလျက်ထာဝရကာလတည်ရှိတော်မူ၏။ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရားသခင်ကွယ်ကာရာကျောက်``ကိုယ်တော်ရှင်သည်ဗာဗုလုန်အမျိုးသားတို့ကိုရွေးချယ်တော်မူ၍ ကျွန်တော်မျိုးတို့အားအပြစ်ဒဏ်ခတ်နိုင်စေရန် သူတို့ကိုခွန်အားနှင့်ပြည့်စေတော်မူပြီ။-
၁၃ သို့ရာတွင်ကိုယ်တော်ရှင်သည်ဆိုးညစ်သူသစ္စာဖောက်တို့အား အဘယ်သို့လျှင်သည်းခံနိုင်တော်မူပါသနည်း။ ကိုယ်တော်ရှင်၏မျက်စိတော်တို့သည်အလွန်သန့်ရှင်းမြင့်မြတ်လှသည်ဖြစ်၍ဆိုးညစ်မှုကိုကြည့်မရပါ။ ကိုယ်တော်ရှင်သည်လူတို့ဒုစရိုက်ပြုကျင့်မှုကိုလည်းသည်းမခံနိုင်ပါ။ သို့ဖြစ်၍မိမိတို့ထက်ကိုယ်ကျင့်တရားကောင်းမွန်သူတို့အား ထိုသူတို့သုတ်သင်ပယ်ရှင်းကြသောအခါကိုယ်တော်ရှင်သည်အဘယ်ကြောင့်ဆိတ်ဆိတ်နေတော်မူပါသနည်း။
၁၄ ကိုယ်တော်ရှင်သည်အဘယ်ကြောင့်လူတို့အားငါးများကဲ့သို့လည်းကောင်း၊ မိမိတို့အားအုပ်ချုပ်လမ်းညွှန်မည့်သူမရှိသည့်ပိုးအုံမွှားအုံကဲ့သို့သော်လည်းကောင်းဖြစ်စေတော်မူပါသနည်း။-
၁၅ ဗာဗုလုန်အမျိုးသားတို့သည်လူတို့အားငါးများသဖွယ် သံချိပ်များဖြင့်ဖမ်းဆီးကြပါ၏။ ပိုက်ကွန်များဖြင့်အုပ်ဖမ်းဆွဲထုတ်နိုင်သဖြင့်ဝမ်းမြောက်ဝမ်းသာဟစ်အော်ကြွေးကြော်ကြပါ၏။-
၁၆ သူတို့သည်မိမိတို့ပိုက်ကွန်များကြောင့်စားဝတ်နေရေးအတွက်အလွန်ချောင်လည်ကြသဖြင့် ထိုပိုက်ကွန်များအားရှိခိုးဝတ်ပြုကာယဇ်များကိုပင်ပူဇော်ကြပါ၏။
၁၇ သူတို့သည်မိမိတို့ဋ္ဌားကိုထာဝစဉ်အသုံးပြုလျက် လူမျိုးတကာတို့ကိုရက်စက်စွာသုတ်သင်ဖျက်ဆီးလျက်နေကြပါမည်လော။