အနာဂတ်ဗိမာန်တော်ကိုဗျာဒိတ်ရူပါရုံတွင်တွေ့မြင်ရခြင်း
(၄၀:၁--၄၈:၃၅)
ယေဇကျေလအားယေရုရှလင်မြို့သို့ခေါ်ဆောင်သွားခြင်း
၄၀
၁ နေ့ရက်ကားငါတို့ပြည်နှင်ဒဏ်ခံရပြီးနောက်နှစ်ဆယ့်ငါးနှစ်မြောက်၊ ပထမလ၊ လဆန်းဆယ်ရက်နေ့၊ ယေရုရှလင်မြို့အသိမ်းခံရချိန်တစ်ဆယ့်လေးနှစ်စေ့သောနေ့ဖြစ်၏။ ထိုနေ့၌ငါသည်ထာဝရဘုရား၏တန်ခိုးတော်လွှမ်းမိုးခြင်းခံရပြီးလျှင် ကိုယ်တော်သည်ငါ့အားဆောင်ယူသွားတော်မူ၏။-
၂ ဗျာဒိတ်ရူပါရုံတွင်ငါ့အားဘုရားသခင်သည် ဣသရေလပြည်သို့ခေါ်ဆောင်တော်မူ၍ မြင့်သောတောင်ပေါ်တွင်ချထားတော်မူ၏။ ထိုတောင်၏တောင်ဘက်၌မြို့တစ်မြို့နှင့်တူသောအဆောက်အအုံများကိုငါမြင်ရ၏။-
၃ ကိုယ်တော်သည်ငါ့အားထိုမြို့အနီးသို့ခေါ်ဆောင်သွားတော်မူသောအခါ ငါသည်ကြေးဝါကဲ့သို့တောက်ပြောင်လျက်နေသောလူတစ်ယောက်ကိုမြင်ရ၏။ သူသည်ပေကြိုးနှင့်တိုင်းတာရန် ကူလုံးတို့ကိုကိုင်ကာမြို့တံခါးဝတွင်ရပ်လျက်နေ၏။
၄ ကိုယ်တော်ကငါ့အား``အချင်းလူသား၊ စေ့စေ့ကြည့်ရှုလော့။ သင့်အားငါပြောသည်ကိုဂရုပြုနားထောင်၍ငါပြသည့်အရာမှန်သမျှကိုသေချာစွာမှတ်သားထားလော့။ အဘယ်ကြောင့်ဆိုသော်ငါသည်သင့်အား ထိုအရာများကိုပြရန်အတွက် ဤအရပ်သို့ဆောင်ယူလာခြင်းဖြစ်သောကြောင့်တည်း။ သင်သည်ဣသရေလအမျိုးသားတို့အားမိမိတွေ့မြင်ရသောအမှုအရာကိုပြောပြရမည်'' ဟုမိန့်တော်မူ၏။
အရှေ့မုခ်ပေါက်
၅ ငါမြင်ရသောအရာမှာဗိမာန်တော်ဖြစ်၏။ ထိုဗိမာန်တော်ကိုတံတိုင်းကာရံထား၏။ ကူလုံးကိုကိုင်ထားသောလူသည်ထိုဆယ်ပေရှည်သောကူလုံးဖြင့်တံတိုင်းကိုတိုင်းထွာကြည့်၏။ တံတိုင်းသည်အမြင့်ဆယ်ပေ၊ ထုဆယ်ပေရှိ၏။-
၆ ထိုနောက်သူသည်အရှေ့အရပ်သို့မျက်နှာမူနေသည့်တံခါးသို့သွား၍လှေကားကိုတက်ပြီးလျှင် အပေါ်ဆုံးအထစ်မှတံခါးဝကိုတိုင်းကြည့်ရာအမြင့်ဆယ်ပေရှိသည်ကိုတွေ့ရ၏။-
၇ တံခါး၏အလွန်တွင်လမ်းကြားတစ်ခုရှိ၏။ ထိုလမ်း၏ဝဲယာတွင်အစောင့်တပ်သားများအတွက် အခန်းသုံးခန်းစီရှိ၏။ ထိုအခန်းတိုင်းပင်စတုရန်းပုံသဏ္ဌာန်ရှိ၍နံရံတစ်ခုလျှင်ဆယ်ပေရှည်၏။ အခန်းတစ်ခုနှင့်တစ်ခုအကြားမှနံရံသည်ထုရှစ်ပေရှိ၏။ ဤအခန်းများအလွန်၌ဆယ်ပေရှည်သောလမ်းကြားတစ်ခုရှိ၏။ ထိုလမ်းသည်ဗိမာန်တော်ကိုမျက်နှာမူလျက်နေသည့်အခန်းကြီးတစ်ခုသို့သွားရာလမ်းဖြစ်၏။-
၈-၉ ထိုလူသည်ဤအခန်းကြီးကိုတိုင်းတာကြည့်ရာအနံတစ်ဆယ့်သုံးပေ ရှိသည်ကိုတွေ့ရ၏။ ထိုအခန်း၏အစွန်ဆုံးနံရံများသည်ထုသုံးပေစီရှိ၏။-
၁၀ (မုခ်ပေါက်လမ်းကြား၏ဝဲယာတွင်ရှိသောအစောင့်တပ်သားတို့၏အခန်းသုံးခန်းစီသည် အရွယ်ပမာဏချင်းတူညီကြ၏။ ယင်းတို့ကိုပိုင်းခြားထားသည့်နံရံများသည်လည်းထုချင်းတူညီကြ၏။)
၁၁ ထိုနောက်သူသည်ကြားလမ်း၏အနံကိုတိုင်းကြည့်ရာ စုစုပေါင်းနှစ်ဆယ့်နှစ်ပေရှိသည်ကိုတွေ့ရ၏။ မုခ်ပေါက်လမ်းတစ်လျှောက်လုံးကားတစ်ဆယ့်ခြောက်ပေရှိသတည်း။-
၁၂ အစောင့်တပ်သားတို့၏အခန်းတစ်ခုစီရှေ့တွင်အမြင့်လက်မနှစ်ဆယ်၊ အကျယ်လက်မနှစ်ဆယ်ရှိသောတံတိုင်းရှိ၏။ (ထိုအခန်းတို့သည်အလျားဆယ်ပေ၊ အနံဆယ်ပေရှိသတည်း။-)
၁၃ ထိုနောက်ထိုလူသည်အခန်းငယ်တစ်ခု၏နောက်ဘက်နံရံမှမုခ်ပေါက်လမ်းကိုဖြတ်၍ အစွန်းအခန်းငယ်နောက်ဘက်နံရံအထိတိုင်းတာရာလေးဆယ့်နှစ်ပေရှိသည်ကိုတွေ့ရ၏။-
၁၄ အစွန်းဆုံး၌ရှိသောအခန်းမှထွက်လျှင် တံတိုင်းအတွင်းရှိဗိမာန်တော်အပြင်ဘက်သို့ရောက်ရှိလေသည်။ ထိုအခန်းကိုတိုင်းထွာ၍ကြည့်ရာသုံးဆယ့်လေးပေကျယ်သည်ကိုတွေ့ရ၏။-
၁၅ မုခ်ပေါက်ဝမှနေ၍အစွန်ဆုံးအခန်းအထိ စုစုပေါင်းရှစ်ဆယ့်ငါးပေရှိသတည်း။-
၁၆ အခန်းအားလုံး၏အပြင်နံရံတိုင်း၊ အတွင်းနံရံတိုင်းတို့၌ပြူတင်းပေါက်ငယ်များရှိ၏။ လမ်းကြားသို့မျက်နှာမူလျက်နေသောအတွင်းနံရံများတွင် စွန်ပလွံပင်ပုံများကိုထွင်းထုထားလေသည်။
ဗိမာန်တော်အပြင်တံတိုင်း
၁၇-၁၈ ထိုလူသည်ငါ့အားမုခ်ပေါက်ကိုဖြတ်၍ဗိမာန်တော်အပြင်တံတိုင်းထဲသို့ခေါ်ဆောင်သွား၏။ အပြင်တံတိုင်းကိုကပ်၍ဆောက်လုပ်ထားသောအခန်းပေါင်းသုံးဆယ်ရှိ၏။ ထိုအခန်းများ၏ရှေ့တွင်ကျောက်များခင်းထားသောအကွက်ရှိလေသည်။ တံတိုင်းအပြင်၏မြေမျက်နှာပြင်သည်တံတိုင်းအတွင်းရှိမြေမျက်နှာပြင်ထက်နိမ့်၏။
၁၉ ဗိမာန်တော်တံတိုင်းအတွင်းရှိဝင်းသို့ရောက်နိုင်သော မြေမျက်နှာပြင်မြင့်သည့်နေရာတွင်မုခ်ပေါက်တစ်ခုရှိ၏။ ထိုလူသည်အတွင်းမုခ်ဦးပေါက်နှင့်အပြင်မုခ်ဦးပေါက်အကွာအဝေးကိုတိုင်းတာကြည့်ရာ တစ်ရာခြောက်ဆယ့်ရှစ်ပေရှိသည်ကိုတွေ့ရ၏။
မြောက်မုခ်ပေါက်
၂၀ ထိုနောက်သူသည်တံတိုင်းအပြင်ရှိဝင်းသို့သွားရာ မြောက်မုခ်ပေါက်လမ်းကိုတိုင်းတာကြည့်၏။-
၂၁ လမ်း၏ဝဲယာသုံးခန်းစီရှိသောအစောင့်တပ်သားတို့၏အခန်းများ၊ ထိုအခန်းတို့ကိုပိုင်းခြားထားသည့်နံရံများနှင့်အဝင်ခန်းတို့သည် အရှေ့မုခ်ပေါက်မှာကဲ့သို့ပင်အတိုင်းအတာတူညီ၏။ ထိုလမ်းသည်အလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
၂၂ အဝင်ခန်းပြူတင်းပေါက်များနှင့်ထွင်းထုထားသည့်စွန်ပလွံပင်ပုံများသည်လည်းအရှေ့မုခ်ပေါက်မှာကဲ့သို့ပင်ဖြစ်၏။ ဤမုခ်တံခါးသို့လှေကားခုနစ်ထစ်ဖြင့်တက်ရ၏။ အစွန်းဆုံးရှိအဝင်ခန်းသည်တံတိုင်းအပြင်ဝင်းကိုမျက်နှာမူလျက်နေ၏။-
၂၃ အရှေ့ဘက်မှာကဲ့သို့ပင်တံတိုင်းအပြင်ဝင်းကိုဖြတ်၍ ဤမြောက်ဘက်မုခ်ပေါက်နှင့်တည့်တည့်၌တံတိုင်းအတွင်းရှိဝင်းသို့ဝင်ရန်မုခ်ပေါက်တစ်ခုရှိလေသည်။ ထိုသူသည်မုခ်ပေါက်နှစ်ခု၏အကွာအဝေးကိုတိုင်း၍ကြည့်ရာ တစ်ရာခုနစ်ဆယ်ပေရှိသည်ကိုတွေ့ရ၏။
တောင်မုခ်ပေါက်
၂၄ ထိုနောက်ထိုသူသည်ငါ့အားတောင်မျက်နှာသို့ခေါ်ဆောင်သွားရာ ငါတို့သည်ထိုအရပ်တွင်အခြားမုခ်ပေါက်တစ်ခုကိုမြင်ရကြ၏။ သူသည်ထိုမုခ်ပေါက်၏အတွင်းနံရံနှင့်အဝင်ခန်းကိုတိုင်းတာကြည့်၏။ ယင်းတို့သည်အခြားမုခ်ပေါက်နှင့်အဆောင်များနည်းတူပင်ဖြစ်၏။-
၂၅ ဤမုခ်ပေါက်မှအခန်းများတွင် အခြားမုခ်ပေါက်များမှအဆောင်များမှာကဲ့သို့ပင်ပြူတင်းပေါက်များရှိ၏။ မုခ်ပေါက်-သည်စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
၂၆ ယင်းကိုလှေကားခုနစ်ထစ်ဖြင့်တက်ရ၏။ ထိုမုခ်ပေါက်၏အဝင်ခန်းသည်လည်းအပြင်ဝင်းကိုမျက်နှာမူ၍နေ၏။ လမ်းကြားကိုမျက်နှာမူလျက်ရှိသည့်အတွင်းနံရံများတွင် စွန်ပလွံပင်ပုံများကိုထွင်းထား၏။-
၂၇ ဤအရပ်၌လည်းတံတိုင်းအတွင်းဝင်းသို့ဝင်ရာမုခ်ပေါက်တစ်ခုရှိ၏။ ထိုသူသည်ဤမုခ်ပေါက်နှင့်ပထမမုခ်ပေါက်အကွာအဝေးကိုတိုင်းတာကြည့်ရာ ပေတစ်ရာခုနစ်ဆယ်ရှိသည်ကိုတွေ့ရ၏။
တံတိုင်းအတွင်းဝင်းတောင်မုခ်ပေါက်
၂၈ ထိုသူသည်တောင်မုခ်ပေါက်ကိုဖြတ်၍ ငါ့အားတံတိုင်းအတွင်းဝင်းထဲသို့ခေါ်ဆောင်သွား၏။ သူသည်မုခ်ပေါက်ကိုတိုင်းတာကြည့်ရာအခြားမုခ်ပေါက်များ၏ပမာဏအတိုင်းပင်တွေ့ရ၏။-
၂၉-၃၀ ထိုမုခ်ပေါက်ရှိအစောင့်တပ်သားတို့၏အခန်းများ၊ အဝင်ခန်းနှင့်အတွင်းနံရံများသည်အခြားမုခ်ပေါက်များမှာကဲ့သို့ပင်ဖြစ်၏။ ဤမုခ်ပေါက်ရှိအခန်းများ၌လည်းပြူတင်းပေါက်များရှိ၏။ စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
၃၁ ယင်းတွင်တံတိုင်းအပြင်ဝင်းသို့မျက်နှာမူနေသောအဝင်ခန်းရှိ၏။ မုခ်ပေါက်လမ်းကြားတစ်လျှောက်ရှိနံရံများတွင်စွန်ပလွံပင်ပုံများထွင်းထား၏။ ဤမုခ်ပေါက်သို့လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
တံတိုင်းအတွင်းဝင်းအရှေ့မုခ်ပေါက်
၃၂ ထိုလူသည်အရှေ့မုခ်ပေါက်ကိုဖြတ်၍ ငါ့အားတံတိုင်းအတွင်းဝင်းထဲသို့ခေါ်ဆောင်သွား၏။ သူသည်မုခ်ပေါက်ကိုတိုင်းတာ၍ ကြည့်ရာအခြားမုခ်ပေါက်များ၏ပမာဏအတိုင်းပင်တွေ့ရ၏။-
၃၃ ယင်းမုခ်ပေါက်ရှိအစောင့်တပ်သားတို့၏အခန်းများ၊ အဝင်ခန်းနှင့်အတွင်းနံရံများသည် အခြားမုခ်ပေါက်များမှာကဲ့သို့ပင်အတိုင်းအတာရှိကြ၏။ မုခ်ပေါက်ပတ်လည်နှင့်အဝင်ခန်း၌ပြူတင်းပေါက်များရှိ၏။ စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
၃၄ အဝင်ခန်းသည်တံတိုင်းအပြင်ဝင်းသို့မျက်နှာမူ၍နေ၏။ မုခ်ပေါက်လမ်းကြားတစ်လျှောက်ရှိနံရံများတွင် စွန်ပလွံပင်ပုံများကိုထွင်းထား၏။ မုခ်ပေါက်သို့လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
တံတိုင်းအတွင်းဝင်း၊မြောက်မုခ်ပေါက်
၃၅ ထိုနောက်ထိုလူသည်ငါ့အားမြောက်မုခ်ပေါက်သို့ခေါ်ဆောင်သွား၏။ သူသည်ထိုမုခ်ပေါက်ကိုတိုင်းတာကြည့်ရာအခြားမုခ်ပေါက်များနှင့်အတူတူပင်ဖြစ်ကြောင်းတွေ့ရ၏။-
၃၆ ယင်းတွင်အခြားမုခ်ပေါက်များမှာကဲ့သို့အစောင့်တပ်သားများအတွက်အခန်းများ၊ လှပစွာတန်ဆာဆင်ထားသည့်အတွင်းနံရံများ၊ အဝင်ခန်းပြူတင်းပေါက်များရှိ၏။ စုစုပေါင်းအလျားလေးရာရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
၃၇ အဝင်ခန်းသည်တံတိုင်းအပြင်ဝင်းသို့မျက်နှာမူ၍နေ၏။ မုခ်ဆောင်လမ်းကြားတစ်လျှောက်ရှိနံရံများတွင်စွန်ပလွံပင်ပုံများထွင်း၍ထား၏။ မုခ်ပေါက်သို့လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
မြောက်မုခ်ပေါက်အနီးရှိအဆောက်အအုံများ
၃၈ တံတိုင်းအပြင်ဝင်းအတွင်း၌မြောက်ဘက်အတွင်းမုခ်ပေါက်နှင့်ကပ်၍တည်ဆောက်ထားသောတိုးချဲ့ဆောင်ရှိ၏။ ထိုအဆောက်အအုံမှနေ၍တံတိုင်းအပြင်ဝင်းသို့မျက်နှာမူလျက်ရှိသည့်အဝင်ခန်းကိုဝင်နိုင်၏။ ဤအဆောက်အအုံသည်တစ်တောင်လုံးမီးရှို့ပူဇော်မည့်ယဇ်ကောင်များကိုဆေးကြောရာဖြစ်၏။-
၃၉ အဝင်ခန်း၏အတွင်း၌တစ်ဖက်တစ်ချက်တွင်စားပွဲနှစ်လုံးစီရှိ၏။ တစ်ကောင်လုံးမီးရှို့ပူဇော်ရန်နှင့်အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်များအတွက်၊ တိရစ္ဆာန်များကိုဤစားပွဲများပေါ်တွင်တင်၍သတ်ရကြ၏။-
၄၀ အခန်း၏အပြင်ဘက်၌လည်းမြောက်မုခ်ပေါက်တစ်ဘက်တစ်ချက်တွင်စားပွဲနှစ်လုံးစီရှိသဖြင့်စုစုပေါင်းလေးလုံးရှိ၏။-
၄၁ သို့ဖြစ်၍တိရစ္ဆာန်များကိုသတ်ရန်အခန်းထဲ၌စားပွဲလေးလုံး၊ အပြင်၌လေးလုံး၊ စုစုပေါင်းရှစ်လုံးရှိသတည်း။-
၄၂ တိုးချဲ့ဆောင်တွင်တစ်ကောင်လုံးမီးရှို့ပူဇော်ရာယဇ်ကောင်များကိုပြင်ဆင်ရန်စားပွဲလေးလုံးမှာကျောက်ကိုဆစ်၍ပြုလုပ်ထားလေသည်။ ထိုစားပွဲများသည်အလျားတူအနံတူလက်မသုံးဆယ်စီရှိ၍ လက်မနှစ်ဆယ်မြင့်၏။ ယင်းတို့အပေါ်တွင်ယဇ်ကောင်များကိုသတ်ရန်ကိရိယာတန်ဆာများကိုတင်ထား၏။-
၄၃ ထိုစားပွဲများတွင်အထူသုံးလက်မရှိသောအနားပတ်များတပ်ထား၏။ ယဇ်ပူဇော်ရန်အသားများကိုထိုစားပွဲများပေါ်တွင်တင်ထားရ၏။
၄၄ ထိုနောက်ထိုသူသည်အတွင်းဝင်းသို့ငါ့ကိုခေါ်ဆောင်သွား၏။ မြောက်မုခ်ပေါက်၏နံဘေးတံတိုင်းအတွင်းဝင်း၌အခန်းတစ်ခုရှိ၏။ ထိုအခန်းသည်တောင်ဘက်သို့မျက်နှာမူလျက်နေ၏။ တောင်မုခ်ပေါက်၏နံဘေး၌လည်းအလားတူအခန်းတစ်ခုရှိ၏။ ထိုအခန်းသည်မြောက်ဘက်သို့မျက်နှာမူလျက်နေ၏။-
၄၅ ထိုလူကတောင်ဘက်သို့မျက်နှာမူလျက်နေသည့်အခန်းသည် ဗိမာန်တော်၏အမှုကိုဆောင်ရွက်ရသူယဇ်ပုရောဟိတ်များအတွက်ဖြစ်ကြောင်း၊-
၄၆ မြောက်ဘက်သို့မျက်နှာမူလျက်ရှိသည့်အခန်းသည် ယဇ်ပလ္လင်ဆိုင်ရာအမှုကိုဆောင်ရွက်ရသူယဇ်ပုရောဟိတ်များအတွက်ဖြစ်ကြောင်းငါ့အားပြောပြလေသည်။ ထိုယဇ်ပုရောဟိတ်အားလုံးတို့သည် ဇာဒုတ်မှဆင်းသက်လာသူလေဝိအနွယ်ဝင်များဖြစ်ကြသည်။ သူတို့သည်သာလျှင်ထာဝရဘုရား၏ရှေ့တော်မှောက်သို့ဝင်၍ အမှုတော်ကိုဆောင်ရွက်ခွင့်ရရှိကြသတည်း။
တံတိုင်းအတွင်းဝင်းနှင့်ဗိမာန်တော်အဆောက်အအုံ
၄၇ ထိုလူသည်တံတိုင်းအတွင်းဝင်းကိုတိုင်းတာကြည့်ရာအလျားပေတစ်ရာခုနစ်ဆယ်၊ အနံပေတစ်ရာခုနစ်ဆယ်ရှိသည်ကိုတွေ့ရ၏။ ဗိမာန်တော်သည်အနောက်ဘက်တွင်ရှိ၍ ဗိမာန်တော်ရှေ့၌ယဇ်ပလ္လင်ရှိ၏။-
၄၈ ထိုနောက်သူသည်ငါ့အားဗိမာန်တော်မုခ်ဦးပေါက်ခန်းထဲသို့ခေါ်ဆောင်သွား၏။ သူသည်အဝင်ဝကိုတိုင်းတာကြည့်ရာထုရှစ်လက်မ၊ အနံနှစ်ဆယ့်လေးပေရှိသည်ကိုတွေ့ရ၏။ ဝဲယာရှိနံရံများမှာထုငါးပေစီရှိကြ၏။-
၄၉ မုခ်ဦးခန်းသည်အနံသုံးဆယ့်လေးပေ၊ ထုပေနှစ်ဆယ်ရှိ၍ယင်းကိုလှေကားထစ်များဖြင့်တက်ရ၏။ မုခ်ဦးပေါက်တစ်ဖက်တစ်ချက်တွင်တိုင်တစ်လုံးစီရှိသတည်း။