သဲကန္တာရ၌နေရသောနှစ်များ
၂
၁ ငါတို့သည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းလှည့်၍ အာကာဘာပင်လယ်ကွေ့သို့ဦး တည်လျက် တောကန္တာရထဲသို့ပြန်သွားကြပြီး လျှင် တောင်ကုန်းဒေသဖြစ်သောဧဒုံပြည်တွင် ကြာမြင့်စွာလှည့်လည်နေထိုင်ရကြ၏။-
၂ ထိုအခါထာဝရဘုရားကငါ့အား၊
၃ `သင်တို့သည်ထိုတောင်ကုန်းဒေသတွင်ကြာ မြင့်စွာလှည့်လည်ခဲ့ကြပြီ၊ မြောက်ဘက်သို့ ခရီးထွက်ကြလော့' ဟုမိန့်တော်မူ၏။-
၄ ထို့နောက်ကိုယ်တော်သည် ငါမှတစ်ဆင့်သင်တို့ အားဆင့်ဆိုသည်မှာ`သင်တို့သည်သင်တို့၏ ဆွေမျိုးသားချင်းများဖြစ်သော ဧသော၏ အဆက်အနွယ်များနေထိုင်ရာဧဒုံပြည်ကို ဖြတ်သန်းသွားရတော့မည်။ သူတို့သည်သင် တို့ကိုကြောက်ရွံ့ကြလိမ့်မည်။ ငါသည်သူတို့ ၏မြေတစ်လက်မကိုမျှသင်တို့အားပေး မည်မဟုတ်သောကြောင့်၊-
၅ သူတို့ကိုမတိုက်ခိုက်နှင့်။ ငါသည်ဧဒုံပြည် ကိုဧသော၏အဆက်အနွယ်တို့အားအပိုင် ပေးထားပြီ။-
၆ သူတို့ထံမှအစာရေစာကိုဝယ်ယူစားသုံး လော့' ဟုညွှန်ကြားတော်မူသည်။''
၇ ``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပြုခဲ့လေသမျှကိုအဘယ်သို့ကောင်း ချီးပေးတော်မူခဲ့သည်ကို သတိရကြလော့။ ဤကျယ်ပြန့်သောတောကန္တာရကိုလှည့်လည်ဖြတ် သန်းရာခရီး၌ သင်တို့ကိုစောင့်ရှောက်တော်မူ ခဲ့ပြီ။ ကိုယ်တော်သည်နှစ်ပေါင်းလေးဆယ်ပတ် လုံးသင်တို့နှင့်အတူရှိတော်မူသဖြင့် သင် တို့လိုအပ်သမျှကိုရရှိခဲ့ကြပြီ။''
၈ ``သို့ဖြစ်၍ငါတို့သည်ဧလပ်မြို့နှင့်ဧဇ ယုန်ဂါဗာမြို့များမှပင်လယ်သေသို့သွား ရာလမ်းမှခွဲထွက်၍ အရှေ့မြောက်ရှိမောဘ ပြည်သို့သွားသောတောကန္တာရလမ်းသို့ခရီး ဆက်ကြသည်။-
၉ ထာဝရဘုရားသည်ငါ့အား`လောတ၏အဆက် အနွယ်များဖြစ်သောမောဘပြည်သားတို့ကို မနှောင့်ယှက်ကြနှင့်။ စစ်မတိုက်နှင့်။ ငါသည် သူတို့အားအာရမြို့ကိုအပိုင်ပေးထားပြီ ဖြစ်၍သူတို့၏မြေကိုသင်တို့အားငါမပေး' ဟုမိန့်တော်မူ၏။''
၁၀ (အာရမြို့တွင်ယခင်အခါက အလွန်ထွား ကြိုင်း၍ခွန်အားကြီးသောဧမိမ်လူမျိုးနေ ထိုင်ခဲ့ကြ၏။-
၁၁ သူတို့သည်ထွားကြိုင်းသောအာနကလူကဲ့ သို့ အရပ်အမောင်းမြင့်မားသည်။ အာနကလူ အမျိုးကဲ့သို့သူတို့ကို ရီဖိမ်လူမျိုးဟူ၍ လည်းခေါ်တွင်ကြသည်။ သို့ရာတွင်မောဘ အမျိုးသားတို့က သူတို့အားဧမိမ်လူ မျိုးဟူ၍ခေါ်ကြသည်။-
၁၂ ရှေးအခါကဧဒုံပြည်တွင်ဟောရိအမျိုး သားတို့နေထိုင်ခဲ့ကြသော်လည်း နောင်အခါ ၌ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားပေးတော်မူသောပြည်မှ ရန်သူများ ကိုမောင်းထုတ်သကဲ့သို့ ဧသော၏အဆက် အနွယ်တို့သည်ထိုသူတို့ကိုမောင်းထုတ် ပြီးလျှင် ထိုအရပ်၌အခြေချနေထိုင် ကြသည်။)
၁၃ ``ထို့နောက်ထာဝရဘုရားမိန့်မှာတော် မူသည့်အတိုင်း ငါတို့သည်ဇေရက်မြစ် ကိုဖြတ်ကူးကြ၏။-
၁၄ ကာဒေရှဗာနာအရပ်မှဇေရက်မြစ်ကိုကူး သည်အထိ နှစ်ပေါင်းသုံးဆယ်ရှစ်နှစ်ကြာခဲ့ သည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထိုလူမျိုးဆက်မှစစ်သူရဲအပေါင်းတို့ သည်ကွယ်လွန်ကြလေပြီ။-
၁၅ သူတို့အားတစ်ယောက်မကျန်သေကြေပျက် စီးစေရန် ထာဝရဘုရား၏လက်ရုံးတော် သည်သူတို့တစ်ဘက်၌ရှိတော်မူ၏။''
၁၆ ``စစ်သူရဲအပေါင်းတို့သေဆုံးကုန်ပြီးနောက်၊
၁၇ ထာဝရဘုရားက၊-
၁၈ `ယနေ့တွင်သင်တို့သည် အာရမြို့သို့သွားရာ လမ်းဖြင့် မောဘပြည်ကိုဖြတ်သွားရမည်။-
၁၉ သင်တို့သည်လောတ၏အဆက်အနွယ်များ ဖြစ်သော အမ္မုန်အမျိုးသားတို့နေထိုင်ရာပြည် အနီးသို့ရောက်ရှိကြလိမ့်မည်။ ငါသည်သူ တို့အားပေးထားတော်မူသောပြည်ကို သင် တို့ကိုပေးမည်မဟုတ်သောကြောင့်သူတို့ကို မနှောင့်ယှက်နှင့်၊ စစ်မတိုက်နှင့်' ဟုမိန့်တော် မူ၏။''
၂၀ (ယခင်အခါကရီဖိမ်လူမျိုးနေထိုင်ခဲ့သဖြင့် ထိုပြည်ကိုရီဖိမ်ပြည်ဟူ၍ခေါ်တွင်သည်။ အမ္မုန် အမျိုးသားတို့ကသူတို့ကိုဇံဇုမ္မိမ်ဟူ၍ခေါ် ကြသည်။-
၂၁ သူတို့သည်အာနကလူမျိုးကဲ့သို့အရပ် အမောင်းမြင့်မားသည်။ သူတို့သည်လူဦးရေ များပြား၍ အင်အားကြီးမားသောလူမျိုး ဖြစ်သည်။ သို့ရာတွင်ထာဝရဘုရားသည် သူတို့အားဖယ်ရှားလိုက်သဖြင့် အမ္မုန်အမျိုး သားတို့ကသူတို့၏ပြည်ကိုသိမ်းပိုက်၍ အခြေချနေထိုင်ကြသည်။-
၂၂ ကိုယ်တော်သည်ဧဒုံတောင်ကုန်းဒေသတွင် နေ ထိုင်သောဧသော၏အဆက်အနွယ်များဖြစ် သည့်ဧဒုံအမျိုးသားတို့အတွက်လည်း ထို နည်းတူပြုတော်မူခဲ့သည်။ ကိုယ်တော်သည် ဟောရိအမျိုးသားများကိုဖယ်ရှားလိုက် သဖြင့် ဧဒုံအမျိုးသားတို့သည်ထိုသူ တို့၏ပြည်ကိုသိမ်းပိုက်၍ ယနေ့တိုင်အောင် ထိုပြည်၌အခြေချနေထိုင်လျက်ရှိ ကြသည်။-
၂၃ ကရေတေကျွန်းသားတို့သည်မြေထဲ ပင်လယ်ကမ်းခြေတွင် အခြေချနေထိုင် ကြ၏။ သူတို့သည်မူလနေထိုင်သူအာဝိမ် လူမျိုးကိုသုတ်သင်ဖယ်ရှားပြီးလျှင် သူ တို့၏ပြည်ကိုတောင်ဘက်ဂါဇာမြို့အထိ သိမ်းပိုက်လိုက်ကြသည်။)
၂၄ ``ထာဝရဘုရားက`ယခုခရီးစထွက်၍ အာနုန်မြစ်ကိုကူးကြလော့။ ငါသည်ဟေရှ ဘုန်ဘုရင်အာမောရိအမျိုးသားရှိဟုန်နှင့် တကွ သူ၏တိုင်းပြည်ကိုသင်တို့၏လက်သို့ အပ်မည်။ သူ၏နယ်မြေကိုသိမ်းပိုက်ရန်စတင် ချီတက်တိုက်ခိုက်လော့။-
၂၅ ယနေ့တွင်အရပ်ရပ်ရှိလူအပေါင်းတို့သည် သင်တို့ကိုကြောက်ရွံ့ထိတ်လန့်စေရန်ငါစီရင် မည်။ သင်တို့နာမည်ကိုကြားရရုံမျှနှင့် လူ တိုင်းကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်' ဟုမိန့် တော်မူ၏။''
ဣသရေလအမျိုးသားတို့သည် ရှိဟုန်ဘုရင်ကိုတိုက်ခိုက်အောင်မြင်ခြင်း
(တော၊ ၂၁:၂၁-၃၀)
၂၆ ``ထို့နောက်ငါသည်ကေဒမုတ်တောကန္တာရမှ ဟေရှဘုန်ဘုရင်ရှိဟုန်ထံသို့ သံတမန်တို့ ကိုစေလွှတ်လျက်၊-
၂၇ `ကျွန်ုပ်တို့အား သင်၏ပြည်ကိုဖြတ်သန်းခွင့်ပေး လော့။ ကျွန်ုပ်တို့သည် မင်းကြီး၏ပြည်ကိုလမ်းမ ကြီးအတိုင်းသာဖြတ်သန်းသွားပါမည်။-
၂၈-၂၉ ကျွန်ုပ်တို့သည် အစာရေစာကိုဝယ်ယူစားသုံး ပါမည်။ ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်သို့ရောက်ရန် ယော်ဒန်မြစ် ကိုမကူးမီမင်းကြီး၏တိုင်းပြည်ကိုဖြတ်သန်း ရုံဖြတ်သန်းခွင့်ပေးပါလော့။ ဧဒုံပြည်တွင်နေထိုင် သောဧသော၏အဆက်အနွယ်တို့သည်လည်း ကောင်း၊ အာရပြည်တွင်နေထိုင်သောမောဘ အမျိုးသားတို့သည်လည်းကောင်း ကျွန်ုပ်တို့ အားသူတို့၏ပြည်ကိုဖြတ်သန်းခွင့်ပေးခဲ့ ကြပါသည်' ဟူ၍ငြိမ်းချမ်းရေးစကားကမ်း လှမ်းခဲ့သည်။''
၃၀ ``သို့သော်လည်းရှိဟုန်ဘုရင်သည် ငါတို့အား သူ၏ပြည်ကိုဖြတ်သန်းခွင့်မပေး။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ထိုမင်း ကိုခေါင်းမာစေတော်မူသဖြင့် ငါတို့သည်သူ့ ကိုတိုက်ခိုက်အောင်မြင်၍ သူ၏ပြည်ကိုသိမ်း ပိုက်ကာယနေ့တိုင်နေထိုင်လျက်ရှိကြသည်။''
၃၁ ``ထို့နောက်ထာဝရဘုရားက ငါ့အား`ငါသည် ရှိဟုန်ဘုရင်နှင့်သူ၏ပြည်ကိုသင်၏လက်သို့ အပ်တော်မူမည်။ သူ၏ပြည်ကိုသိမ်းယူလော့' ဟုမိန့်တော်မူ၏။-
၃၂ ရှိဟုန်ဘုရင်သည်ငါတို့ကိုတိုက်ခိုက်ရန် သူ ၏စစ်သည်ဗိုလ်ပါအပေါင်းတို့နှင့်ယာဟတ် မြို့အနီးသို့ချီတက်လာကြသည်။-
၃၃ သို့ရာတွင်ငါတို့၏ဘုရားသခင်ထာဝရ ဘုရားသည် ထိုမင်းကိုငါတို့၏လက်သို့အပ် သဖြင့် သူနှင့်သူ၏သားများနှင့်တကွစစ် သည်ဗိုလ်ပါအပေါင်းတို့ကို သတ်ဖြတ်သုတ် သင်ခဲ့ကြ၏။-
၃၄ ထိုအချိန်၌ပင်ငါတို့သည် သူတို့၏မြို့အား လုံးကိုသိမ်းပိုက်၍ဖျက်ဆီးကြ၏။ ယောကျာ်း၊ မိန်းမနှင့်၊ ကလေးသူငယ်အားလုံးတစ်ယောက် မကျန်သတ်ပစ်ကြ၏။-
၃၅ တိရစ္ဆာန်များနှင့်မြို့များရှိပစ္စည်းများကိုကား သိမ်းယူကြ၏။-
၃၆ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် အာနုန်ချိုင့်ကမ်းပေါ်ရှိအာရော်မြို့နှင့်ချိုင့်လယ် ရှိမြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်မြို့ရှိသမျှကို ငါတို့အားသိမ်းပိုက်စေတော်မူ၏။ မည်သည့်မြို့ မှငါတို့ကိုမခုခံနိုင်။-
၃၇ သို့ရာတွင်အမ္မုန်အမျိုးသားတို့ပြည်၊ ယဗ္ဗုတ် မြစ်ကမ်း၊ တောင်ကုန်းဒေသရှိမြို့များနှင့် ငါ တို့၏ဘုရားသခင်ထာဝရဘုရားကမသွား ရန်တားမြစ်သောအရပ်များသို့ငါတို့မချဉ်း ကပ်ကြ။''